ကရင်နီပြည်သူအမျိုးသမီးတဦးနဲ့ တော်လှန်ရေးရဲဘော်တဦးရဲ့ ပဋိပက္ခ ပြေလည်ခြင်းမရှိသေး
တင်စိုး(အညာမြေ)
ကရင်နီပြည်နယ်၊ လွိုင်နန်းဖမြို့နယ်၊ ဒေါတဝီကျေးရွာမှာ ကရင်နီပြည်သူ အမျိုးသမီးကို နေပြည်တော် PDF ရဲ့ စစ်ထောက်ချုပ်က သေနတ်နဲ့ချိန်ပြီး ရိုက်နှက်ညှဉ်းပမ်းခဲ့တယ်လို့ တိုင်ကြားခံထားရတဲ့ ဖြစ်စဉ်ကို ယနေ့တပတ်ကျော်ကြာတဲ့အထိ ပြေလည်အောင် ဖြေရှင်းပေးနိုင်တာ မရှိသေးဘူးလို့ ကာယကံရှင်အမျိုးသမီး အပါအဝင် မြေပြင် သတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။
နိုဝင်ဘာ ၂၀ရက်နေ့က တိုင်ကြားထားတဲ့ အဲဒီဖြစ်စဉ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူဟာ အရေးယူခံရတာမျိုးမရှိဘဲ လွတ်နေသေးသောကြောင့် လုံခြုံရေးအရ စိုးရိမ်တယ်လို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့ မသန္တာအောင်က ပြောပါတယ်။
မျက်မြင်တွေ့ရှိတဲ့ မြေပြင်သတင်းရင်းမြစ်တဦးက “သူကတော့ ပုံမှန်အတိုင်းပဲ မနက်ကျရင် လက်ဖက်ရည်ထွက်သောက်၊ မုန့်စား သွားနေတာ၊ အပြင်မှာဆိုလည်း ဘာမှ မဖြစ်ခဲ့သလိုပဲ လျှောက်သွားနေတာ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၉ နာရီခန့်အချိန်က နေပြည်တော် PDF ရဲ့ စစ်ထောက်ချုပ်ဗိုလ်ဓူဝံတို့ လင်မယားဟာ ကရင်နီပြည်နယ်၊ လွိုင်နန်းဖမြို့နယ်၊ ဒေါတဝီကျေးရွာက သူတို့ဖွင့်လှစ်ထားတဲ့ ဟောပေါ့ဆိုင်ရဲ့ ဗုံးခိုကျင်းထဲမှာ စကားများ ရန်ဖြစ်နေတဲ့အတွက် မသန္တာအောင်က သွားရောက်ငုံ့ကြည့်ပြီး ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကို မေးမြန်းချိန်မှာ ဗိုလ်ဓူဝံဟာ ဇနီးဖြစ်သူကို ကျားကန်ကန်ပြီး လည်ပင်းညှစ်နေတာတွေ့ကြောင်း၊ သူမေးမြန်းချိန်မှာ M-4 သေနတ် ၂လက်နဲ့ ပစ္စတိုသေနတ်ကို ကိုင်ပြီးဗုံးခိုကျင်းထဲက တက်လာတယ်လို့ နိုဝင်ဘာ ၂၀ ရက်နေ့က မသန္တာအောင်ရဲ့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

အဲဒီနောက်မှာ လက်နက်တွေကို ပစ်ချပြီး မသန္တာအောင်ကို လည်ပင်းညှစ်တာ၊ ပါးရိုက် တာတွေပြုလုပ်ခဲ့သလို၊ ပစ္စတိုနဲ့ မျက်နှာကိုချိန်ရွယ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ တဲ့အတွက် ဘယ်ဘက်နားထင် သွေးခြေဥပြီး၊ ဘယ်ဘက်မျက်လုံး ဖူးယောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ တိုင်ကြားစာမှာဖော်ပြထားချက်အရသိရ သိရပါတယ်။
အသက် ၂၀ ဝန်းကျင်အရွယ် မသန္တာအောင်က “အမှန်တရားအတွက် ရှေ့ဆက်သွားမှာ ဖြစ်တဲ့အတွက် ညှိနှိုင်းတာ၊ ဆေးဖိုးပေးလျော်တာတွေ စိတ်မဝင်စားဘူး၊ ကျွန်မက အဆုံးထိ သွားဖို့ ပြင်ဆင်ထားတယ်၊ အမျိုးသမီးထုတွေအတွက် ကျွန်မက ရှေ့ကနေ စံပြ ဖြစ်ချင်တယ်၊ အမျိုးသမီးတိုင်းက နိုင်စားခံ မဟုတ်ဘူး” လို့ ပြောပါတယ်။
လက်နက်အားကိုးနဲ့ စော်ကားခွင့်မရှိတာကို သိစေလိုပြီး ကိုယ်ထိလက်ရောက် ကျူးလွန် တာ၊ ဆဲဆိုခြိမ်းခြောက်တာတွေနဲ့ ထိုက်တန်တာကို ရရှိမယ်လို့ မျှော်လင့်ကြောင်း၊ ယုံကြည်ကြောင်း မသန္တာအောင်က ပြောပါတယ်။
ကျူးလွန်တယ်လို့ တိုင်ကြားခံရတဲ့ ဗိုလ်ဓူဝံက အဲဒီဖြစ်စဉ်မှာ သူ့အနေနဲ့ ဆဲဆိုခဲ့ခြင်း သာဖြစ်ပြီး ရိုက်နှက် ခြိမ်းခြောက်ခြင်း မရှိခဲ့ဘူးဟု သတင်းဌာနတချို့ကို တုန့်ပြန်ဖြေဆို ထားတာကို တွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲဘော်ဓူဝံကို ကနဦးခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ် နေပြီး အဲဒီလို စစ်ဆေးချက်တွေအရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ရုံးချုပ်ရဲ့ လမ်းညွှန်မှုကို ခံယူပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က နိုဝင်ဘာလ ၂၄ ရက်နေ့ က အသိပေးထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးဌာန၊ ဒုဌာနမှူး ဒေါ်ရီရီမြင့်က “တိုင်စာလက်ခံရပြီးနောက် ကျူးလွန်ခံရသူနဲ့တော့ ဌာနက တာဝန်ရှိသူနဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ဆောင်ထားပါတယ်၊ SP / MOD ဌာနတို့နဲ့ ဆက်လက် ဆောင်ရွက်နေပါတယ်” လို့ သတင်းထောက်ရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ ပါတယ်။
ဒီဖြစ်စဉ်မှာ ကျူးလွန်ခံရသူ ကရင်နီပြည်သူ မသန္တာအောင်က ဗိုလ်ဓူဝံကို တပတ်အတွင်း အရေးယူပေးဖို့ NUG ကာကွယ်ရေးဌာန၊ ကရင်နီပြည်ရဲဌာန (KSP)၊ ကလလတ ဗျူဟာ (၂)၊ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)၊ IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့တို့ဆီ တိုင်ကြားထားတာ ဒီနေ့ဆိုရင် ၉ရက်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။










