တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တည်ထောင်ခြင်း ၂၅နှစ်ပြည့် အခမ်းအနား ကျင်းပ

HI – Honest Information

မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသတွင် အခြေချကာ အမျိုးသမီးအရေး ဆောင်ရွက်လျှက်ရှိသည့် တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)၏ ငွေရတုအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အားလုံးကို အမြစ်ဖြတ်ရေးအတွက် တော်လှန် တိုက်ပွဲဝင်မည်ဖြစ် ပြီး ဖိုဝါဒကြီးစိုးရေးကို ဦးတည်သည့် မည်သည့်အဖွဲ့အစည်း လှုပ်ရှားမှုမျိုးကိုမဆို တော်လှန် သွားမည်ဟု ဖော်ပြထားသည်။

အလားတူ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်သွားမည်ဟု အဆိုပါအဖွဲ့က ကတိပြုခဲ့သည်။

ယင်းအဖွဲ့သည် နှစ်ပေါင်း ၂၅ နှစ်တာကာလအတွင်း ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်း၊ နိုင်ငံတကာသို့ အစီရင်ခံခြင်း၊ အမျိုးသမီးနှင့် လူငယ်များအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းများ ပေးအပ်ခြင်း၊ လူကုန်ကူးခံရသူများနှင့် အကြမ်းဖက် ခံရသူများအတွက် ဥပဒေအကူအညီပေးခြင်း၊ စစ်ဘေးရှောင်များနှင့် နစ်နာသူများအား လူသားချင်း စာနာမှု အကူအညီများ ပံ့ပိုးပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။

TWO သည် စတင်တည်ထောင်စဉ်ကတည်းက စိန်ခေါ်မှုများနှင့် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အဖွဲ့အစည်း၏ စံတန်ဖိုးများဖြစ်သည့် ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ စုံလင်ကွဲပြားမှု၊ အပြန်အလှန်လေးစားမှုနှင့် တန်းတူမှုတို့ ဖြစ်ကြောင်း ဖော်ပြထားပြီး အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို ကျူးလွန်သူ မည်သူကိုမဆို (Zero Tolerance) လုံးဝသည်းခံမည်မဟုတ်ကြောင်းနှင့် ဆက်လက် တော်လှန်သွားမည် ဖြစ်ကြောင်း အဖွဲ့၏ တာဝန်ရှိသူများက အလေးပေးပြောကြားခဲ့သည်။

အနာဂတ်တွင် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ကင်းမဲ့ပြီး တန်းတူအခွင့်အရေး နှင့် ငြိမ်းချမ်းရေး ထွန်းကားသည့် အနာဂတ်ကို တည်ဆောက်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု TWO က သန္နိဋ္ဌာန်ပြုထားသည်။

၎င်းတို့၏ ထုတ်ပြန်ချက်တွင် စစ်မှန်သော ငြိမ်းချမ်းရေး၊ လူမှုတရားမျှတမှု၊ တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းကြောင်း ဖော်ပြထားသည်။

၎င်းတို့သည် ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ပလောင်အမျိုးသမီး အစည်းအရုံး (PWO) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ် တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) အဖြစ် အမည်ပြောင်းလဲခဲ့သည့် အဖွဲ့ဖြစ်သည်။

Author: