စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလထဲ အနည်းဆုံး အမျိုးသမီး ၄၇ ဦး သေဆုံးခဲ့
ရှင်ငြိမ်း
အာဏာသိမ်းစစ်အုပ်စုရဲ့ လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ အမျိုးသမီး ၄၇ ဦး သေဆုံးခဲ့ပြီး အဲဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ အသက် ၁၈ နှစ်အောက် ကလေး ၃ ဦးလည်း ပါဝင် တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီအချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေဆီကတဆင့် ရရှိစုဆောင်းထားတဲ့ ကိန်းဂဏာန်းတွေဖြစ်ပြီး လက်လှမ်းမမီတဲ့ မြေပြင်အချက်အလက်တွေက ဒီထက်ပို၍ရှိနေနိုင်တယ်လို့ သိရပါတယ်။
ယနေ့ အောက်တိုဘာလ ၁၀ ရက်မှာထုတ်ပြန်ခဲ့တဲ့ အဲဒီထုတ်ပြန်ချက်အရ စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်က စတင်ပြီး ၅ နှစ်နီးပါး ကာလအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်လျှက်ရှိတယ်လို့ သိရပါတယ်။
BWU ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) မယဉ်မျိုးလှိုင်က အခုလိုအချက်အလက်တွေကို ထုတ်ပြန်ရတာဟာ နစ်နာသူတွေကို မေ့လျော့မသွားဖို့၊ ကျူးလွန်သူတွေရဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့နဲ့ တရားမျှတမှု ရရှိရေးအတွက် ရည်ရွယ်တယ်လို့ ရှင်းပြပါတယ်။
အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး ၄၇ ဦးအနက် ၃၆ ဦးဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး၊ ကျန်တဲ့သူတွေဟာ လက်နက်ကြီးပစ်ခတ်မှု၊ မတရားသတ်ဖြတ်ခံရမှု၊ ကျည်ထိမှန်မှု၊ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၊ အဲဒီထဲက ၃၂ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်၊ ၉ ဦးမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့်၊ ၁ ဦးမှာ မြေမြှုပ်မိုင်းကြောင့်ဖြစ်ပြီး ၁၅ ဦးမှာ ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးဟာ စက်တင်ဘာလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့တဲ့ ဒေသဖြစ် ကြောင်း BWU ၏ မှတ်တမ်းတွေက ဖော်ပြပါတယ်။ ဒါတွေက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို ပြဆိုနေတာဖြစ်တယ်လို့ စစ်တပ်က ဖော်ပြထားပါတယ်။
BWU ဟာ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုအကြမ်းဖက်ခံရလို့ သေဆုံး၊ ထိခိုက်၊ နစ်နစ်ခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ကိန်းဂဏာန်းတွေကို စစ်တမ်းအဖြစ် လစဉ်စောင့်ကြည့် ထုတ်ပြန်လျှက်ရှိ ပါတယ်။











