စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပေါ် အမျိုးသမီးတွေက ဘယ်လိုမြင်သလဲ

ခင်ဘုန်းမို့ စုစည်းတင်ဆက်သည်။

တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့တဲ့စစ်တပ်ဟာ အာဏာသိမ်းပြီး ၄နှစ်ကျော်အကြာမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာခဲ့တဲ့အတိုင်း လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ အစီအစဉ်ချ လုပ်ဆောင်နေပါတယ်။
စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မတူညီတဲ့နယ်ပယ်၊ မတူညီတဲ့ ဒေသတွေက မြန်မာ အမျိုးသမီးတွေရဲ့အမြင်တွေကို HI – Honest Information က မေးမြန်းစုစည်း တင်ဆက်လိုက်ပါတယ်။

မပန်းနွယ်
ရှမ်းပြည်မြောက်ပိုင်း
ဈေးရောင်းဈေးဝယ်

စစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့ ကျွန်တော်တို့လို ပြည်သူ ပြည်သားတွေက သေကြေပျက်စီးနေရတယ်။ မြို့နေလူထုရော၊ ကျေးတောရွာနေ လူထုရော။ အဆိုးဆုံးကတော့ ကျေးတောရွာလူစုတွေက သူတို့ပိုင်နက်ထဲ မရှိတဲ့အခါ လေယာဉ်ပျံ‌တွေရဲ့ ပေါင်အားတွေက မိုးရွာသလိုရွာပြီး ကျွန်တော်တို့ ဘဝတွေက စုတ်ပြတ်သွားတယ်။ သူတို့က သူတို့ပန်းတိုင်ကို ရောက်ဖို့ကြိုးစားလေ ဆုံးရှုံးသွားတဲ့ ပြည်သူ့အသက်တွေ ပိုပိုများလာလေပဲ လို့မြင်ပါတယ်။
စစ်ကောင်စီက မှန်ကန်နေတဲ့ရွေးကောက်ပွဲရလဒ်ကို မဲခိုးတယ်ဆိုပြီးစွပ်စွဲတဲ့ စကား၊ သေသွားတဲ့ ပြည်သူတွေကို သူတို့မသတ်ပါဘူး ဆိုတဲ့စကားကို ကြည့်ရင်းနဲ့ပဲ မှန်ကန်နိုင်မလားဆိုတာ ယူဆလို့ ရပါတယ်။ ပြည်သူ့တော်လှန်ရေး အဖွဲ့တွေက အခုဆိုရင် နေရာတိုင်းလိုလိုပဲ ရှိနေကြပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်ကလဲ ဒီရွေးကောက်ပွဲကို အတတ်နိုင်ဆုံး မပါဝင်ကြဖို့ တိုက်တွန်းထားတယ်ပေါ့နော်။ အဲ့လိုအခြေအနေမှာ သူတို့ရွေးကောက်ပြီး သူတို့နိုင်သွားလဲ ပစ်ခတ်မှုတွေ ရပ်ပြီး ကျွန်တော်တို့ပြန်ငြိမ်းချမ်းနိုင်မယ်လို့ မထင်မိဘူး။
မဲပေးဖို့ဆိုတာက နေရာဒေသအပေါ်လည်း မူတည်ပါတယ်။ လွတ်မြောက်နေတဲ့နေရာမှာ ဆိုရင်တော့ မဲပေးမှုကို စိတ်မဝင်စားပါဘူး။ ဒါပေမယ့် စကစပတ်ဝန်းကျင်မှာ ရပ်တည်နေကြရတဲ့သူတွေ အဖို့ကျတော့ ရုန်းလေနစ်လေ ဖြစ်တဲ့အတွက် မပေးချင်သော်လည်း နီးရာဓားကို‌ပိုကြောက်ရတဲ့အတွက် မဲပေးရပါလိမ့်မယ်။
မဲအရေအတွက်တခုက တနိုင်ငံလုံးကို အလင်းရောင်ဆောင်စေနိုင်သလို၊ အမှောင်ထုထဲ ပေးသွင်းတာလဲ ဖြစ်နိုင်ပါတယ်။ အခုမဲပေးဖို့ပါဝင်တဲ့ ပါတီဝင်တွေကဆိုရင် စကစဘက်တော်သားတွေပါပဲ။ အဲ့တော့ သူတို့က သူတို့နိုင်ပြီး သူတို့ပဲ အုပ်ချုပ်မှာ။ အဲ့အခါ နဂိုတည်းက အားနည်းနေတဲ့ နိုင်ငံတကာရဲ့ ဖိအားတွေက ပျောက်ကွယ်သွားကောင်း သွားနိုင်လိမ့်မယ်။ နိုင်ငံရေး အခြေအနေကတော့ မတည်ငြိမ်နိုင် လောက်ဘူး။ ဒါပေမယ့် မင်းမဲ့နေတဲ့ တရားစီရင်ရေးတွေ၊ ပညာရေးတွေကတော့ ပိုပြီး မင်းမဲ့ လာလိမ့်မယ် လို့ ယူဆပါတယ်။
နီးရာဓားကို ပိုကြောက်ရတယ်ဆိုပေမယ့် အခုက ဓားနှစ်လက်လုံးက ရင်ဝကို စိုက်ခါနီးဆဲဆဲတွေ ဖြစ်နေတယ်။ အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကြောက်လန့်နေရပါတယ်။ စကစ တွေဘက်က မဲပေးရင် လုံခြုံရေးယူပေးထားမယ်ဆိုတာ မှန်ပေမဲ့ တော်လှန်ရေးအဖွဲ့တွေဘက်က လျှပ်တပြတ် တိုက်ခတ်မှုတွေကြားမှာ မတော်တဆ ထိမိခိုက်မိမှာစိူရိမ်ရတယ်ပေါ့။ မဲမပေးတဲ့အခါကျရင် သူတို့က အိမ်ထောင်စုဇယားအလိုက်သွားမှာဖြစ်တဲ့အတွက် ဖမ်းဆီးတာတို့ လုပ်မှာစိုးရိမ်ရပါတယ် ဘာလို့ဆို ကျွန်တော်တို့က သူတို့လက်ခုပ်ထဲက ရေဖြစ်နေတဲ့အတွက် ရုန်းကန်ဖို့က ခက်ခဲတယ်ပေါ့နော်။
နိုင်ငံတကာကိုပြောချင်တာကတော့ NUGကို မကူညီရင်နေပါစေ။ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းကို အားမပေးကြပါနဲ့လို့။ သေရတဲ့သူတွေရဲ့ အသက်တွေကိုတန်ဖိုးထားပေးကြပါ။
ကျွန်တော်တို့က တနိုင်ငံတည်းမဟုတ်ပေမယ့် တကမ္ဘာတည်းမှာ ရှင်သန်နေထိုင်ကြရတာပါ။
ဒီစစ်တပ်ကြီးဟာ တိုင်းတစ်ပါးသားတို့ ကျွန်ပြုမှာကိုခုခံမဲ့ စစ်တပ်မဟုတ်သလို ပြည်သူတွေကို ကာကွယ်ပေးတဲ့ စစ်တပ်လည်း မဟုတ်ပါဘူး။ ပြည်သူတွေကို ဆင်းရဲမွဲတေ ငတ်ပြတ်နေတဲ့ လောကငရဲထဲကို ရောက်အောင်ကူညီပေးနေတဲ့ စစ်တပ်ကြီးပါ။
ရှင်တို့ရောင်းလိုက်တဲ့ လေယာဉ်ဆီတွေကြောင့် တန်ဖိုးရှိတဲ့ ကျွန်တော်တို့နိုင်ငံက အနာဂတ်အမျိုးကောင်းသားတွေ ကြွေလွင့်ခဲ့ရပါတယ်။ ဒါကြောင့် စစ်တပ်ကြီးရဲ့ ကုန်သွယ်မှုတွေကို ပိတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။
မဲဝင်ပြိုင်တဲ့ပါတီတွေထဲမှာ စကစ လက်အောက်ခံ ပါတီတွေပဲ ပါတဲ့အတွက် ပေးလိုက်တဲ့ မဲကို တန်ဖိုးမထားဘူးပေါ့နော်။ အသက်ဘေးအတွက်ပဲ ‌မဲပေးကြရတာပေါ့။ သူတို့ဟာ မှန်ချင်မှန်လိမ့်မယ်၊ မှားကောင်း မှားလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒီ မဲတွေက ပြည်သူတွေ ရင်ဘတ်ထဲကလာတဲ့ တကယ့် စစ်မှန်တဲ့ မဲ မဟုတ်ပါဘူး။

မာစီ
CDM ကျောင်းသူ
ရန်ကုန်

နိုင်ငံရေးနည်းလမ်းနဲ့ အရှင်ထွက်ဖို့ ထွက်ပေါက်ရှာတယ်လို့ပဲ ယူဆရပါတယ်။ သူဘာပဲပြောပြော ယုံစရာကို မရှိတာပါ။ အခုလည်း ရွေးကောက်ပွဲ ကျင်းပလို့မရတဲ့နေရာတွေမှ အများကြီးပဲ။ ရွေးကောက်ပွဲ ဆိုတာလည်း သူတို့ တစုတည်း ကျင်းပပြီး သူတို့ပဲပြိုင်၊ သူတို့ပဲ အနိုင်ရဦးမှာပဲ။ သူတို့ မို့လို့ မရှက်တယ်။
အခုလာမဲ့ ရွေးကောက်ပွဲက နိုင်ငံအနာဂတ်အတွက်တော့ အကျိုးလုံးဝ ရှိမနေပါဘူး။ နိုင်ငံရေး အာဏာကို သူတို့က ဆက်လက်ကိုင်ထားဖို့ ဒီရွေးကောက်ပွဲကိုလုပ်တယ်လို့ပဲ မြင်ပါတယ်။ နိုင်ငံတော် အပေါ် သူတို့က စေတနာမရှိကြပါဘူး။ ဒါပေမယ့် Turning Point တခုခုဖြစ်မယ်လို့တော့ ထင်နေပါတယ်။
ကျွန်မအနေနဲ့တော့ မဲပေးဖို့ စိတ်မဝင်စားပါဘူး။ မဲစာရင်းလည်း သွားမကြည့်ဘူး။ သူတို့ပါတီ တခုတည်းရှိတာ။ ကျွန်မတို့ ပြည်သူတွေလိုချင်တာကလည်း သူတို့ မဟုတ်ဘူးလေနော်။
ဒီရွေးကောက်ပွဲကအပြောင်းအလဲ တခုခု ဖြစ်လာမယ်လို့တော့ထင်တယ်။ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး သက်တမ်းတိုးလာတာလည်း ခဏခဏပဲ။ ဒါသူတို့ လမ်းအဆုံးပဲ။ NUG နဲ့ တိုင်းရင်းသား လက်နက်တိုင် တပ်တွေ၊ တိုင်းရင်သား နိုင်ငံရေးအဖွဲ့တွေကို တခုခုတော့လုပ်ဆောင်စေချင်တယ်။ ပိုကောင်းလာဖို့တော့ မျှော်လင့်နေတယ်။ ပိုဆိုးလာရင်တော့ လူထုရဲ့သည်းခံနိုင်စွမ်းကို စောင့်ကြည့်ရလိမ့်မယ်ထင်တယ်။
မဲပေးရာ နေရာတွေမှာ ဗုံးတွေဘာတွေ ပေါက်မှာကြောက်နေရတယ်။ သူတို့က ခဏခဏ မဲပေးဖို့၊ မဲစာရင်းကြည့်ဖို့ ဆော်ဩနေတာ။ ကိုယ်တွေလည်း သွားမပေးချင်ဘူး။ မိသားစုဝင်တွေလည်း သွားမပေးချင်ကြဘူး။ အဲ့ကိုသွားရင် အန္တရာယ်တောထဲ ခုန်ဆင်းရသလိုပဲဆိုတာ သိတယ်လေ။
ကျွန်မတို့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ အဆိုးဆုံးနဲ့ လူမဆန်ဆုံး စစ်အာဏာရှင်နဲ့ ရင်ဆိုင်တွေ့နေရတာပါ။ လွန်ခဲ့တဲ့ ရက်တွေက နီပေါနိုင်ငံကိုတောင် အားကျတယ်။ စစ်တပ်က စစ်တပ်လိုနေတယ်။ ဒီမှာတော့ အဲ့လိုမဟုတ်ဘူး။ လူနေအိမ်တွေ၊ ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေ လူစုလူဝေးတွေကိုပဲ ရွေးပြီးတော့ လုပ်ရက်ကြတာ။ သိကြမှာပါ။ အမြဲတမ်း အကူအညီတွေ လိုအပ်နေပါတယ်။ ကျွန်မတို့လည်း ကြိုးစားနေပါတယ်။ ကျွန်မတို့ကိုလည်း လူသားချင်း စာနာထောက်ထားပြီး ကိုယ့်မိသားစုဝင်တွေ လိုမျိုး သဘောထားရင်း ကာကွယ်ပေးစေချင်ပါတယ်။
မဲရလာဒ် တွေက မှန်မှန်ကန်ကန် ဖြစ်လာလိမ့်မယ်လို့မထင်ပါဘူး။ သန်းခေါင်စာရင်းတောင် တိတိကျကျ မကောက်ခဲ့ကြဘူး။ ဘာမှစနစ်တကျလည်း မလုပ်ဆောင်တတ်ကြပါဘူး။ ကျွန်မတို့ မြန်မာ ပြည်သူလူထု တွေက စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံနဲ့ ဖြုတ်ချမှာ ကျိန်းသေပါတယ်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီ ရရှိရေးကို တကမ္ဘာလုံးက ကာကွယ်စောင့်ရှောက်ပေးကြပါစေ။

မနွေဦးပျို
CDM ကျောင်းသူ
နေပြည်တော်

လက်ရှိစစ်တပ်က အဓမ္မရွေးကောက်ပွဲလုပ်ဖို့ကြိုးစားနေတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုတော့ သူတို့က တရားဝင်အစိုးရဖြစ်ချင်လို့ ဒီရွေးကောက်ပွဲကိုလုပ်ပြီးသွားတော့ သူတို့ကိုယ်သူတို့ ပြန်မဲပေးကြပြီးတော့ အတင်းတရားဝင်ဖြစ်ချင်နေတဲ့ပုံလို့ အရမ်းသိသာလွန်းတယ်လို့ မြင်ပါတယ်။
စစ်ကောင်စီက လုပ်ပါတယ်ဆိုမှ ဘယ်လိုလုပ်မှန်ကန်မှာလဲ ရွေးကောက်ပွဲက နိုင်ငံတော်အတွက် အကျိုးရှိမရှိဆိုတာ။ တစက်ကလေးမှရှိမယ်မထင်ပါဘူး။ ဘာလို့လဲဆို တရားမဝင် အာဏာသိမ်းထား ရာကနေ တရားဝင်သမ္မတပါဆိုပြီး ဖြစ်ချင်တာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံကြီးက ပိုပြီးဆုတ်ယုတ် သွားဖို့ပဲ ရှိပါတယ်။ မဲပေးဖို့စိတ်မဝင်စားပါဘူး။ မဲလာပေးခိုင်းလည်း မပေးပါဘူး။ ကိုယ်ပေးပေး၊ မပေးပေး အချိန်တန်ရင်သူတို့ မဲတွေလုပ်ကြံပြီးတော့ တရားဝင်သမ္မတ လုပ်သွားမှာပဲလေ သူတို့နဲ့ ခပ်ကင်းကင်း နေပြီးတော့ သူတို့နဲ့ပတ်သက်တဲ့အရာအကုန်လုံးကို လည်း Boycott လုပ်ပါတယ်။
ဒီရွေးကောက်က ဘယ်လိုပဲလုပ်လုပ်၊ လုပ်ပွဲဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲဖြစ်သွားရင် ငါတို့က တရားဝင်ဖြစ်သွားပါပြီ ဆိုတဲ့ဟာ ကမ္ဘာကိုချပြကြမှာ။ အခုက တော်လှန်ရေးအချိန်ကြာမြင့်လာတာနဲ့အမျှ တချို့တွေ သွေးအေးသွားကြတော့ နိုင်ငံရဲ့အခြေအနေက ဒီထက်ပိုပြီးဆိုးလာဖို့ပဲ ရှိလာတော့တယ်။ လက်ရှိအခြေအနေမှာ မဖြစ်မနေ မဲပေးကိုပေးရမယ် ဆွဲခေါ်ပြီးသွားရတာ ဖြစ်နိုင်တယ်။
အဓိကက အဲ့လိုရွေးကောက်ပွဲမှာ PDF က ဗုံးကြဲပါတယ်ဆိုတာဖြစ်ဖို့ အရမ်းရှားတယ်၊ လူတွေ ထိခိုက်လောက်အောင်လည်း လုပ်မှာမဟုတ်ဘူး။ လုပ်မယ်ဆိုရင် သူတို့ဘက်က ခြိမ်းခြောက်တာတွေ မပေးမနေရ ပုံစံမျိုးတွေနဲ့ဆိုတော့ အိမ်ပေါက်ဝကနေ တအိမ်တက်တအိမ်ဆင်း လိုက်ပေးခိုင်းမယ်ဆိုတာ ဖြစ်လာနိုင်တယ်။
မဲမပေးရင် ပေါ်တာထဲထည့်မယ် အဲ့လိုမျိုးတွေ သူတို့ခြိမ်း‌ခြောက်နိုင်တာဆိုတော့ အခုအချိန်မှာ သူတို့အာဏာသိမ်းထားတဲ့ နိုင်ငံတော်ကြီးတခုလုံးက ပျက်စီးနေတာ။ ပြည်သူတွေဆိုရင် လက်ခုပ်ထဲကရေလို သူတို့မှောက်လိုမှောက်၊ သွန်လိုသွန်ဆိုတော့ မိသားစုအတွက် တော်တော်လေးစိုးရိမ်ရတယ်၊ မင်းကဘာလို့မဲ မပေးတာလဲဆိုပြီး ပေါ်တာထဲထည့်ပစ်လိုက်မှာတွေ ငွေညှစ်ပြီး အကြပ်ကိုင်မှာမျိုးတွေ စိုးရိမ်မိပါတယ်။
နိုင်ငံတကာအနေနဲ့ စစ်တပ်ရဲ့ယုတ်ညံ့တဲ့ လုပ်ရပ်တွေကိုမြင်စေချင်ပါတယ်။ သူတို့ တရားဝင် သမ္မတဖြစ်ဖို့အတွက် ရွေးကောက်ပွဲကို မရ၊ ရအောင်လုပ်ဖို့ ကြိုးစားပြီးတော့ လေကြောင်းကနေ ဗုံးကြဲဖို့လုပ်နေတယ်။ သူတို့ရွေးကောက်ပွဲနဲ့ အပြစ်မဲ့ပြည်သူတွေက ဘာမှမဆိုင်ပါဘူး။ သူတို့ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်လာတာက အာဏာသိမ်း အစထဲကပါ။ စစ်ရှောင်အရေအတွက်တွေလည်း အရမ်းများလာပါပြီ။ ဒါကြောင့်နိုင်ငံတကာ အနေနဲ့ တော်လှန်ရေးမှာ တော်တော်လေး ထိခိုက်ထားတဲ့ နေရာတွေကို မြင်စေချင်ပါတယ်။ ကျွန်တော်တို့ အများကြီး အကူအညီလိုနေတာကိုလည်း သိစေချင်ပါတယ်။ မဲပေးမယ်ဆိုရင်ရော ကိုယ်ပေးတဲ့မဲရလာဒ်တွေအတိုင်း မှန်မှန်ကန်ကုန် ဖြစ်မယ်လို့ မထင်ပါဘူး။ အခုတော်လှန်ရေး အချိန်ကြာမြင့်လာတာနဲ့အမျှ အများကြီး ခက်ခဲကြပ်တည်းလာရ ပါတယ်။ ဒါကြောင့်အားလုံးပဲ ကျန်းမာရေး လုံခြုံရေးကို အထူးဂရုစိုက်ကြပါ၊ ရွေးကောက်ပွဲက မဲပေးသည်ဖြစ်စေ၊ မဲမပေးသည်ဖြစ်စေ သူတို့နိုင်မှာဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲကိုဆန့်ကျင်ပါ။ မဖြစ်မနေ သူတို့က မဲအတင်းလာပေးခိုင်းတယ် ဆိုရင်လည်း လုံခြုံရေးကိုဂရုစိုက်ပြီးသွားကြပါ။

မနီ
ဆရာမ
ပြည်ပနိုင်ငံ

စစ်အုပ်စုက ရွေးကောက်ပွဲလုပ်တာက အဓမ္မအာဏာတည်မြဲဖို့ ကြိုးစားနေတယ်လို့မြင်ပါတယ်။ မတော်မတရား အာဏာသိမ်းထားခဲ့တာဖြစ်လို့ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်ပြုလုပ်မယ်လို့ မယုံကြည်ပါဘူး။
ဒီရွေးကောက်ပွဲသာ အာဏာသိမ်းတပ်အလိုကျ အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ရင် မြန်မာနိုင်ငံအနာဂတ်က ပိုပြီးအခြေအနေဆိုးရွားဖို့ပဲရှိပါလိမ့်မယ်။ ဒီရွေးကောက်ပွဲမှာ မဲပေးဖို့ လုံးဝစိတ်မဝင်စားပါ။ ပြည်သူ့ဆန္ဒ တပြားသားမှမပါဘဲ၊ မတရားဖန်တီးလုပ်ယူထားတဲ့ ရွေးကောက်ပွဲကို မဲပေးစရာအကြောင်းမရှိပါ။
နိုင်ငံတကာကို ပြောချင်တာကတော့ အကြမ်းဖက်စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို ပြင်းထန်စွာရှုံ့ချပါတယ်။ ပြည်သူထူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မပေးနိုင်တဲ့အပြင် ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ် ကျဆုံးချုပ်ငြိမ်းအောင် နိုင်ငံတကာက မြန်မာ့အရေးကို ပိုပြီးအာရုံစိုက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကိုယ်မဲပေးမယ့် ရလဒ်အတိုင်း အမှန်ဖြစ်မယ်လို့ လုံးဝမယုံကြည်ပါဘူး။

Ray
စစ်ဘေးရှောင်ကလေးတွေကို စာသင်ပေးနေသူ
မဲဆောက်၊ ထိုင်းနိုင်ငံ။

လက်ရှိစစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့ အဓမ္မ ကြိုးစားနေတာဟာ သူတို့ရဲ့ မတရားရယူထားတဲ့ အာဏာကို ဆက်ထိန်းထားနိုင်ဖို့ကြိုးစားနေတာပါပဲ။ ပြည်သူ့ဆန္ဒမပါဘဲ ရယူထားတဲ့အာဏာကို မှန်မှန်ကန်ကန် ထိန်းသိမ်းဖို့က မဖြစ်နိုင်ပါဘူး။ အခုပြုလုပ်နေတဲ့ရွေးကောက်ပွဲကလည်း သူတို့ရဲ့ ကလိမ်ကကျစ် နည်းလမ်းတွေနဲ့ အဆုံးမှာသူတို့ပဲ အနိုင်ရပြီး အာဏာဆက်မြဲနေအောင် လုပ်မှာပါပဲ။ သူတို့လက်ထဲမှာ နိုင်ငံကိုဆက်ထားဖို့က တော်တော်လေးကို မတွေးရဲစရာအခြေနေပါ။ နိုင်ငံက လက်ရှိ ၄နှစ်ကျော် ကာလအတွင်းမှာတောင် ပြည်သူတွေရဲ့အခြေနေက အတော်ကို ချို့ယွင်းနေကြပါပြီ။ နောက်ထပ် ၅နှစ်လို့သာ ထပ်တွေးကြည့်ရင် တကယ့်ကို မတွေးရဲစရာပါပဲ။ ကျွန်မအနေနဲ့ကတော့ ဒီရွေးကောက်ပွဲမှာ လုံးဝကို ပါဝင်မဲပေးဖို့ မရှိပါဘူး။
ဒီရွေးကောက်ပွဲမှာသာ သူတို့ထပ်နိုင်သွားရင်တော့ ကျွန်မတို့နိုင်ငံက ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ၊ လုံခြုံရေး တခုမှမကျန်အောင် အကုန်စုတ်ပြတ်သပ်သွားတော့မှာ အသေချာပါဘဲ။

ထက်မြတ်ဧကရီ
Political and Social Writer
ရန်ကုန်

သမိုင်းကြောင်းအရကြည့်ရင် စစ်အာဏာရှင်ဟာ သူတို့ရဲ့အာဏာကို တရားဝင်ဖြစ်စေဖို့အတွက် “ရွေးကောက်ပွဲ”လိုမျိုး ဒီမိုကရေစီပုံသဏ္ဌာန်တွေကို အသုံးချလေ့ရှိပါတယ်။ လက်ရှိ မြန်မာစစ်တပ်ရဲ့ ကြိုးပမ်းမှုကလည်းအလားတူပါပဲ။ ဒါဟာ တကယ့်ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ သူတိုရဲ့စစ်အာဏာကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းမှာလှည့်ဖြားပြီး တရားဝင်ဖြစ်ကြောင်း ဟန်ပြဖို ကြိုးစားတဲ့ အာဏာရှင်တို့ရဲ့ ပြဇာတ် (Authoritarian Spectacle) တခုလို မြင်ပါတယ်။ အမျိုးသမီးဝါဒရှုထောင့်က ကြည့်ရင် ဒီလို အာဏာသိမ်းပြီးနောက် လုပ်တဲ့လုပ်ရပ်တွေက အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ခွင့်၊ လုံခြုံရေးနဲ့ လူမှုဘဝတိုးတက်မှုကို အကြီးအကျယ် နောက်ပြန်ဆွဲချတဲ့ စနစ်တခုကို ပိုမိုခိုင်မာစေဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။
စစ်ကောင်စီက ဒီရွေးကောက်ပွဲကို တကယ်မှန်မှန်ကန်ကန်နဲ့ ပြုလုပ်မယ်လို့ လုံးဝမယုံကြည်ပါဘူး။ နိုင်ငံရေးသိပ္ပံအရ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မြောက်ဖို့ဆိုရင် မီဒီယာ လွတ်လပ်ခွင့်၊ စုဝေးခွင့်၊ လုံခြုံရေး၊ သဘောထားကွဲလွဲမှုကို လက်ခံနိုင်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်တို့ လိုအပ်ပါတယ်။ လက်ရှိမှာ ဒီအခြေခံအချက်တွေ တခုမှ မရှိပါဘူး။ အဓိက အတိုက်အခံတွေကို ဖမ်းဆီးထား၊ ပိတ်ပင်ထားပြီး လက်နက်အားကိုးနဲ့ အကြမ်းဖက်မှုတွေ နေ့စဉ်ဖြစ်နေတဲ့ အခြေအနေမှာလုပ်မယ့် ရွေးကောက်ပွဲဟာ “ကြိုတင်သတ်မှတ် ထားတဲ့ ရလဒ်” (Pre-determined outcome) သာ ဖြစ်ပါလိမ့်မယ်။ လက်ရှိအခြေအနေနဲ့ လုပ်မယ့် ဒီရွေးကောက်ပွဲဟာ နိုင်ငံအနာဂတ်အတွက် လုံးဝအကျိုးမရှိနိုင်ပါဘူး။ ဒါဟာ ပဋိပက္ခကို ပိုမိုနက်ရှိင်းစေ တဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ ထွက်ပေါ်လာတဲ့ မည်သည့်အစိုးရမဆို ပြည်သူတွေရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းကို ရရှိမှာမဟုတ်ပါဘူး။ ဒါ့အပြင် တော်လှန်ရေး အင်အားစုတွေနဲ့ စစ်အုပ်စုကြားက ပိုပြီး ကွဲပြားသွားစေပြီး ပြည်တွင်းစစ်ကို ပိုမိုကြာရှည်စေပါလိမ့်မယ်။ ဒီလုပ်ရပ်က ပြည်သူလူထုရဲ့ နိုင်ငံရေးပါဝင်မှုအပေါ် ယုံကြည်မှုကို ကျဆင်းစေပြီး ဒီမိုကရေစီအရေး အတွက် တိုက်ပွဲဝင်နေသူတွေကို စိတ်ဓာတ်ကျစေပါလိမ့်မယ်။
မဲပေးဖို့ကို စိတ်မဝင်စားပါဘူး။ ဒါဟာ စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးအတွက် လမ်းကြောင်းတခု အဖြစ်သာ ရှုမြင်တဲ့အတွက် နိုင်ငံသားတဦးအနေနဲ့ ဒီအစီအစဉ်ကို တရားဝင်မှုရစေဖို့ ပါဝင်လက်ခံခြင်း မျိုး မပြုလိုပါဘူး။ စစ်အုပ်စုလက်အောက်မှာ အမျိုးသမီးတွေဟာ ပဋိပက္ခဒဏ်ကို အဆိုးရွားဆုံး ခံစားရ သူတွေဖြစ်ပြီး သူတို့ရဲ့ရွေးကောက်ပွဲဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ တန်းတူညီမျှမှုကို တကယ်တမ်း ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ မဲမပေးခြင်းက လက်ရှိ ဖက်ဒရယ်ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်နေတဲ့ လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးအခြေအနေဟာ ပိုမိုတင်းမာလာမယ်လို့ ယူဆပါတယ်။ စစ်အုပ်စုက ရွေးကောက်ပွဲရလဒ်ကို အသုံးပြုပြီး သူတိုရဲ့အာဏာကို တရားဝင်အစိုးရအဖြစ် ကြေညာပါလိမ့်မယ်။ ပြည်သူလူထုနဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ဒီရလဒ်ကို အသိအမှတ်ပြုမှာ မဟုတ်တဲ့အတွက် လက်နက်ကိုင် ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာနိုင်ပါတယ်။
နိုင်ငံတကာမှာလည်း အာဏာရှင်ကို ဆန့်ကျင်တဲ့ အဖွဲ့တွေနဲ့ ထောက်ခံတဲ့အဖွဲ့တွေကြားမှာ ပိုပြီး ကွဲပြား သွားပါလိမ့်မယ်။ အတိုချုပ်အားဖြင့် အာဏာရှင်စနစ် ပုံသဏ္ဌာန် (Authoritarian Facade) တခု ပေါ်လာပြီး ပဋိပက္ခက ပိုနက်ရှိင်း သွားပါလိမ့်မယ်။
မဲရုံတွေဟာ စစ်အုပ်စုရဲ့ လုံခြုံရေးတပ်ဖွဲတွေ ရှိနေတဲ့နေရာ ဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ လမ်းခရီးမှာလည်း စစ်ဆေးမှုတွေ၊ ဖမ်းဆီးမှုတွေ ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေဟာ လုံခြုံရေးအခြေအနေယိုယွင်းရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် ပဋိပက္ခနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှု (Conflict-related violence) တွေရဲ့ ပစ်မှတ်ဖြစ်နိုင်ခြေပိုများပါတယ်။
အာဏာပိုင်တွေရဲ့ ဖိအားပေးမှု၊ အကြပ်ကိုင်မှုတွေကြောင့် မဲစာရင်းမှာ နာမည်ပါပြီး မဲမပေးသူတွေကို စစ်အုပ်စုက တနည်းနည်းနဲ့ ခြိမ်းခြောက်တာ၊ အပြစ်ပေးတာ၊ စားနပ်ရိက္ခာအကူအညီနဲ့ လူမှုဝန်ဆောင်မှုတွေ ဖြတ်တောက်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။ ဒါဟာ ပြည်သူ့လူထုကို နိုင်ငံရေးအရ အကြပ်ကိုင်တဲ့ “မဲပေးရန် ခြိမ်းခြောက်မှု” (Coercion to vote) ပုံစံတမျိုး ဖြစ်ပြီး မိသားစုရဲ့ စားဝတ်နေရေးနှင့် လူမှုဘဝလုံခြုံမှုကို ထိခိုက်စေမှာကို စိုးရိမ်ရပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကို ခိုင်မာပြတ်သားတဲ့ သတင်းစကား ပါးချင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို မျက်ကွယ်ပြုပြီး သူတိုရဲ့ အာဏာကို တရားဝင်အဖြစ် လုံးဝလက်ခံလို မရနိုင်ပါဘူး။ လေကြောင်းဗုံးကြဲခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတွေကို နေ့စဉ် ကျူးလွန်နေတဲ့ စစ်တပ်က ဘယ်လိုလုပ်ပြီး ဒီမိုကရေစီကို ဖော်ဆောင်နိုင်မလဲ။ ဒါဟာ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေရင်းနဲ့ ဒီမိုကရေစီဟန်ဆောင်တာပါ။ အမျိုးသမီးတွေ၊ လိင်စိတ်ခံယူမှု မတူကွဲပြားသူတွေ , ကလေးသူငယ်တွေအပေါ် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို နိုင်ငံတကာ ဥပဒေအရ အရေးယူပေးပါ။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ ရွေးကောက်ပွဲလုပ်ခြင်း/ မလုပ်ခြင်းထက်၊ အကြမ်းဖက် အာဏာရှင် စနစ်ကို အဆုံးသတ်ရေး ဖြစ်တယ်ဆိုတာကို လက်ခံပါ။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ စီးပွားရေးနဲ့ လက်နက်ပိတ်ဆို့မှုတွေကို ပိုမိုတင်းကြပ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အင်အားစုတွေကို ထိရောက်စွာ ကူညီပံ့ပိုးဖို့ တောင်းဆိုပါတယ်။

Author: