AA ခေါ်ယူစစ်ဆေးနေတဲ့ အမျိုးသမီးသတင်းထောက်တဦး ၃ ရက်ကြာတဲ့အထိ မိသားစုထံ ပြန်မရောက်သေး
HI – Honest Information
မောင်တောအခြေစိုက် သတင်းထောက်အမျိုးသမီး ၁ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA)ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့က စုံစမ်းမေးမြန်းလိုတဲ့အတွက် နေအိမ်အထိ လာရောက် ခေါ်ဆောင် သွားပြီး သုံးရက်ကြာတဲ့အထိ နေအိမ်သို့ ပြန်မရောက်ရှိသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၀ရက်နေ့ နံနက် ၁၁နာရီကျော်လောက်က အရပ်ဝတ်နဲ့ အေအေ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် အမျိုးသားတဦးက သတင်းထောက်အမျိုးသမီးနေထိုင်တဲ့နေအိမ်ကို လာခေါ်တဲ့အတွက် ဖခင်ဖြစ်သူကိုယ်တိုင် အေအေ ထောက်လှမ်းရေးရုံးကို လိုက်ပို့ပေးခဲ့တာလို့ ကိုယ်တိုင်မြင်တွေ့ လိုက်ရသူတွေက HI – Honest Information ပြောပါတယ်။
အဲဒီ ထောက်လှမ်းရေးရုံးကို ရောက်သွားချိန်မှာ ဖခင်ကို ဝင်ခွင့်မပေးဘဲ သတင်းထောက်အမျိုးသမီးကို ရုံးထဲကို ခေါ်ဆောင်သွားတာကြောင့် ဖခင်က ညနေဖက်အချိန်ထိ စောင့်ဆိုင်းခဲ့ပေမယ့် ပြန်မလွှတ်ပေးခဲ့ဘူး လို့ မိသားစုက ပြောပါတယ်။
အခုလို အေအေ ထောက်လှမ်းရေးတပ်ကနေ ခေါ်ယူစစ်ဆေးခြင်းခံနေရတဲ့ အမျိုးသမီးသတင်းထောက် မုဒြာဟာ Border News Agency(BNA) ရဲ့ မြေပြင်သတင်းသမားတဦးဖြစ်ပြီး၊ သူ့ရဲ့ အစ်ကိုဖြစ်သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မောင်တောတိုက်ပွဲတုန်းက စစ်ကောင်စီနှင့် အာဆာ(ARSA)အဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။

မြေပြင်သတင်းထောက် မုဒြာကို အာရက္ခတပ်တော်(AA) ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့က စုံစမ်းမေးမြန်း လိုတဲ့အတွက် လာရောက် ခေါ်ဆောင်ခြင်းဖြစ်ပြီး ခေါ်ယူစစ်ဆေးရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
မိသားစုတွေကတော့ သမီးဖြစ်သူ ပြန်လွတ်လာဖို့စောင့်ဆိုင်းနေကြပေမယ့် မနေ့က စက်တင်ဘာ ၂၂ ရက် ညနေထိ ပြန်မလွတ်လာသေးဘူးလို့ မိခင်ကပြောပါတယ်။
“အခုလို အမျိုးသမီးသတင်း ထောက်တစ်ယောက်ကို အမျိုးသားတွေသာနေတဲ့ ရုံးမှာ ညအိပ်ညနေ ခေါ်ယူ စစ်ဆေးတာ မဖြစ်သင့်ဘူး”လို့ ခေါ်ယူစစ်ဆေးခြင်းခံနေရတဲ့ အမျိုးသမီး သတင်းထောက်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
သတင်းထောက်အမျိုးသမီးကို ခေါ်ယူစစ်ဆေးနေတာဟာ ၃ညနဲ့ ရှိနေပြီဖြစ်ပြီး ထောက်လှမ်းရေးရုံးမှာ နေထိုင်သူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး မရှိဘူးလို့ သိရပါတယ်။
သတင်းထောက်မုဒြာ သတင်းရေးသားပေးပို့နေတဲ့ Border News Agency (BNA) ရခိုင်ပြည်တွင်းသတင်းတွေနဲ့ မြန်မာပြည်အနှံ့က နယ်စပ်ဒေသ၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို ရေးသား၊ ရိုက်ကူးတင်ဆက်နေတဲ့ သတင်းဌာနတခု ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးဖို့ ခေါ်ယူခြင်းခံရတဲ့ အမျိုးသမီးသတင်းထောက် မုဒြာ နဲ့ပတ်သက်ပြီး Border News Agency (BNA)က မနေ့က စက်တင်ဘာ ၂၂မှာ ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ထားပြီး လာရောက် ခေါ်ဆောင် သွားသူတွေအနေနဲ့ မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပင်မှုအပေါ်မှာ လူသားချင်းစာနာမှုအရဖြစ်စေ၊ နိုင်ငံတကာ ဥပဒေတွေကို အလေးထား၍ ဖြစ်စေ ပြန်လည်ပို့ဆောင်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
သတင်းထောက် ခေါ်ယူစစ်ဆေးခံနေရခြင်းနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ်ဖြစ်သူက “ဥပဒေအရ ခေါ်မေးပြီး ပြန်လွှတ်ပေးမယ်ထင်လို့စောင့်နေခဲ့ပါတယ်၊ ဒါပေမယ့် သုံးရက်ကြာထိ ပြန်မလွှတ်ပေးလို့ မေတ္တာရပ်ခံလိုက် တာပါ၊ အစိုးရလုပ်နေသူတွေဟာ အခြေခံ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ သတင်းသမား အခွင့် အရေးတွေကို လေးစားလိုက်နာသင့်ပါတယ်၊ ဆုံးဖြတ်ချက်ချနေသူတွေ သဘောထား ပိုကြီးမယ် ယုံကြည်ပါတယ်”လို့ HI – Honest Information ကို ပြောပါတယ်။
Border News Agency က ၎င်းတို့၏ တန်ဖိုးက ပဋိပက္ခပေါင်းစုံကြုံတွေ့နေကြရတဲ့ အာရက္ခ ဒေသထဲက ဗဟုဝါဒ စုံလင်ကွဲပြားမှုတွေကို မြှင့်တင်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ လူမှုသဟဇာတ ဖြစ်မှုအပေါ် အခြေခံ ကြောင်း၊ အာရက္ခဒေသရှိ ဘာသာပေါင်းစုံနဲ့ လူနည်းစုတွေရဲ့ အသံတွေကို ဖော်ထုတ်ပြီး ကွာဟချက်ကို ပေါင်းကူးပေးနိုင်တယ်လို့ အခိုင်အမာယုံကြည်ကြောင်း၊ အမျိုးသမီး သတင်းထောက် မုဒြာနဲ့ ပတ်သက်ပြီး နားလည်မှုလွှဲမှားနေတာတွေရှိရင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အနေနဲ့ ရှေ့နောက်အမျှော်အမြင်ရှိစွာ၊ သဘောထားကြီးစွာနဲ့ အပြုသဘောဆောင် နားလည်ပေး နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်က မြို့နယ်အများစုကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း လက်ရှိ ရခိုင်ပြည်ရဲ့ မြို့နယ်အများစု မြေပြင်မှာရှိနေတဲ့ ပြည်သူလူထုဟာ သတင်းအချက်အလက် ရရှိပိုင်ခွင့် ဆုံးရှုံးနေတဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ အဲဒီလိုပဲ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ လူထုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အခြေခံသတင်း အဖြစ်အပျက်တွေကို လွတ်လပ်တဲ့ သတင်းဌာနတွေမှာ မှတ်တမ်းတင်နိုင်မှုလည်း အားနည်းလျှက် ရှိပါတယ်။











