အမျိုးသမီး ၁၁ ဦးကို မုဒိမ်းကျင့်ခဲ့သူကို ထောင်ဒဏ်နှစ် ၄၀ ချ
သန့်ရှင်းထွန်း
မောင်တော
ရခိုင်ပြည် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်သုံးခုက အမျိုးသမီးငယ် ၁၁ ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို အမှုလေးခုအတွက် ထောင်ဒဏ်နှစ် ၄၀ အမိန့်ချမှတ်ခဲ့ပြီး ၇မှုအအတွက်ထပ်မံအမိန့်ချရန် ကျန်သေးတယ်လို့ သတင်းရရှိပါတယ်။
ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်က အသက် ၂၅ နှစ်အရွယ် ဇော်ဇော်နိုင်(ခ)လဖြူချေဟာ အမျိုးသမီးငယ်တွေကို အလုပ်ရမယ်လို့ လိမ်လည်ခေါ်ဆိုပြီး မုဒိမ်းကျင့်ခဲ့တာလို့ အာရက္ခတပ်တော်၊ ရဲဌာနရဲ့ မှတ်တမ်းတွေမှာ ရေးသားထားပါတယ်။
အခုချမှတ်လိုက်တဲ့ ထောင်ဒဏ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်က မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်က အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့အမှု၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်က မြောက်ဦးမြို့နယ် ဆင်အိုးကျေးရွာက အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့အမှု၊
ဇန်နဝါရီ ၂၄ ရက်က ကျောက်တော်မြို့နယ်၊ မြင်းကပ်ရွာက အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့အမှုနှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာက အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အမှုအတွက် ပြစ်ဒဏ်ချမှတ်ခြင်း ခံရတာဖြစ်ပါတယ်။
မုဒိမ်းကျင့်ခဲ့သူကို အမှုတခုအတွက် ထောင်ဒဏ် ၁၀ နှစ်စီနဲ့ အမှုလေးခုအတွက် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခံရတာဖြစ်ပြီး သူဟာ နောက်ထပ် မုဒိမ်းကျင့် ၇ မှုအတွက် ဆက်လက် စစ်ဆေးခံရမှာဖြစ်ပါတယ်။
“သူကို ထောင်ဒဏ်တွေချမှတ်တာ နည်းသေးတယ်။ ”လို့ မြောက်ဦးမြို့က မမျိုးမျိုးက ပြောပါတယ်။
ရခိုင်မှာ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ မုဒိမ်းမှုတွေနှင့် ပတ်သက်လို့ အမြန်ဆုံးစီရင်ပေးဖို့ AA စစ်ဦးစီးချုပ်ရဲ့ ဇနီးကလည်း ဖေ့စ်ဘုတ် လူမှုကွန်ယက်ရက်စာမျက်နှာ ကနေ မကြာခဏတိုက်တွန်း တောင်းဆိုခဲ့ဖူးတယ်။











