သြဂုတ်လတွင် စစ်အုပ်စုလက်ချက်ဖြင့် အမျိုးသမီး ၇၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရ
ရှင်ငြိမ်း
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားများကိုပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က စက်တင်ဘာလ ၈ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အုပ်စုသည် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်လျက်ရှိရာ ယခုလတွင် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအသုံးပြုလာသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထား သည်။
သေဆုံးခဲ့ရသည့် အမျိုးသမီး ၇၃ ဦးအနက် ၅၄ ဦးမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်၊ ၇ ဦးမှာ ရွာများနှင့် နေအိမ်များအား ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့်၊ ၃ ဦးမှာ မီးရှို့သတ်ဖြတ်ခံရမှုကြောင့်နှင့် ၁ ဦးမှာ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ဖြစ်သည်။
သေဆုံးသူများအနက် ၁၄ ဦးမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြောင်း BWU ၏ ထုတ်ပြန် ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး ၈၀ ဦးအနက် ၅၄ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်၊ ၂၂ ဦးမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့်နှင့် ၄ ဦးမှာ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ဖြစ်သည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက်များအရ ဩဂုတ်လအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံး ဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၂၇ ဦး ရှိခဲ့သည်။ ထို့ပြင် မကွေးတိုင်းဒေသကြီးမှ ၁၄ ဦးနှင့် ကရင်နီပြည်နယ်မှ ၈ ဦးတို့လည်း သေဆုံးခဲ့ကြသည်။
BWU ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က BWU အနေဖြင့် ယခုကဲ့သို့ လစဉ်အချက် အလက်များ ထုတ်ပြန်ရခြင်းမှာ နစ်နာဆုံးရှုံးခဲ့ရသူများရဲ့ မှတ်တမ်းများပြုစုစေရန်၊ ကျူးလွန်သူများ၏ ရာဇဝတ်မှုများကို ဖော်ထုတ်ရန်နှင့် နစ်နာသူများအတွက် တရားမျှတမှုရရှိ ရေးကို ရည်ရွယ်ကြောင်း ရှင်းပြသည်။
“ နှစ်ကုန်တွင်ရွေးကောက်ပွဲလုပ်ငန်းစဥ်ရှိသဖြင် လေကြောင်းတိုက်ခိုက်မှုများကို ပိုဆိုးလာနိုင်တယ်” လို့ ဗန်းမော်မြို့မှ အသက် ၅၆နှစ်အရွယ် ကျောင်းဆရာမတဦးကပြောပါတယ်။
BWU ၏ အမျိုးသမီးမှတ်တမ်းနှင့် သုတေသနလုပ်ငန်းစဉ်မှ ထုတ်ပြန်သည့် အချက်အလက်များသည် တိကျခိုင် လုံသော သတင်းမီဒီယာများနှင့် မြေပြင်မှ ရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိရသည်။













