တပတ်အတွင်းအမျိုးသမီးဖြ စ်ရပ်များ
တပတ်အတွင်းအမျိုးသမီးဖြ စ်ရပ်များ
စက်တင်ဘာလ ၂၁ ရက်ကနေ ၂၆ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
အခုအပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များထဲက HI အနေနဲ့ ဆွေးနွေးလိုသတင်းတွေကိ အမျိုးသမီးတွေဖမ်းဆီးခံရတဲ့သတင်း အမျိုးသမီးတွေမုဒိမ်းကျင့်ခံနေရသတင်းတွေဖြစ်ပါတယ်။ အမျိုးသမီးတွေအဖမ်းခံရတဲ့သတင်းထဲ ရခိုင်ပြည်နယ်က အမျိုးသမီးသတင်းထောက်တဦးအဖမ်းခံရတဲ့သတင်းကိုကောက်နှုတ်ဆွေးနွေးလိုပါတယ်။
HI သတင်းဌာနမှာတော့ “AA ခေါ်ယူစစ်ဆေးနေတဲ့ အမျိုးသမီးသတင်းထောက်တဦး ၃ ရက်ကြာတဲ့အထိ မိသားစုထံ ပြန်မရောက်သေး”ခေါင်းစဥ် ဖော်ပြခဲ့သလို“ရခိုင်အမျိုးသမီးသတင်းထောက် ၁ ဦးကို AA ဖမ်းဆီး” ဆိုတဲ့ခေါင်းစဥ်နဲ့ ဒီဗီဘီသတင်းဌာက ဖော်ပြထားပါတယ်။ မဇ္စိုမ သတင်းဌာနက လည်း ဖမ်းဆီးခံအမျိုးသမီးသတင်းထောက် ၁ပတ်ပြည့်သည်ထိ AA ပြန်မလွတ် ဆိုပြီးရေးသားထားပါတယ်။
အဲ့ဒီသတင်းကိုပဲ “ရခိုင်အခြေစိုက် အမျိုးသမီးသတင်းထောက်တစ်ဦးကို AA ခေါ်ယူစစ်ဆေး” မြန်မာနောင်း သတင်းဌာမှလည်းရေးသားထားပါတယ်။
ရခိုင်းအမျိုးသမီးသတင်းထောက် AAဖမ်းဆီးထားတာနဲ့ပတ်သက်လို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (Committee to Protect Journalists – CPJ) ကလည်း “AA အနေဖြင့် သတင်းထောက်အမျိုးသမီးကို လွှတ်ပေးသင့်ပြီး ရခိုင်ပြည်နယ်အတွင်း သတင်းထောက် များအားလုံး လွတ်လပ်စွာ သတင်းယူခွင့်ပေးရမည်”လို့ စက်တင်ဘာ၂၃ရက်စွဲဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ CPJ ရဲ့ အကြီးတန်းအရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က မြန်မာပြည်စစ်ပွဲတွင် ပါဝင်သူ များအနေဖြင့် သတင်းထောက်များကို ပစ်မှတ်မထားဘဲ ကာကွယ်ရန် တာဝန်ရှိတယ်လို့ ပြောဆိုထားပါတယ်။ အမျိုးသမီးသတင်းထောက်အပါအဝင် သတင်းမျာကို ဖမ်းဆီးတာ ထိမ်းသိမ်းတာ အခြေခံလူအခွင့်အရေးတခုဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်ခြင်းဖြစ်သလို ပြည်သူများသတင်းသိရှိပိုင်ခွင့်ကို ကန့်သတ်ဖြစ်လို့ HI ကောက်နှုတ်ဆွေးနွေးရခြင်းလည်းဖြစ်ပါတယ်။ အမျိုးသမီးတွေမုဒိန်းကျင့်ခံသတင်းတွေထဲမှာ မြေလတ်အသံသတင်းဌာနက” SRFတပ်ဖွဲ့ဝင်အမျိုးသမီးကို အဓမ္မပြုကျင့်တယ်ဆိုကာ မင်းကင်းပကဖတာဝန်ခံ တိုင်ကြားခံထားရ” ခေါင်းစဥ်နဲ့ ရေးသားထားသတင်းနဲ့ “ဗိုလ်တထောင်၊ ၄၈ လမ်းထဲ ၄ နှစ်အရွယ်ကလေး အဓမ္မကျူးလွန်ခံရမှုမှာ သံသယရှိသူကို ရဲဖမ်း”ဆိုတဲ့ခေါင်းစဥ်နဲ့ BBC သတင်းဌာနသတင်းတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေနဲ့အမျိုးသမီးတွေ ၊ကလေးငယ်တွေဟာ မုဒိမ်းကျင့်ခံနေရတဲ့ အဖြစ်အပျက်တွေဟာ အပတ်စဥ်လိုလိုဖြစ်ပျက်နေပြီး ကျူးလွတ်သူတချို့ ကင်းလွတ်ခွင့်ရနေခြင်း၊ဖမ်းမိလို့အရေးယူထဲနေရာတွေမှာ လည်းအကျင့်ပျက်ခြစားမှုကြောင်း ထိရောက်မှုမရှိဟာ တွေကို သတိပြုမိစေဖို့ ကောက်နှုတ် ဆွေးနွေးရခြင်းဖြစ်ပါတယ်
SRFတပ်ဖွဲ့ဝင်အမျိုးသမီးကို အဓမ္မပြုကျင့်တယ်ဆိုကာ မင်းကင်းပကဖတာဝန်ခံ တိုင်ကြားခံထားရ
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အခြေစိုက်လှုပ်ရှားနေတဲ့ ကျောင်းသားတော်လှန်ရေးတပ်-SRF က တပ်ဖွဲ့ဝင်အမျိုးသမီးကို မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖတာဝန်ခံက အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံ ၂ ကြိမ် တိုင်ကြားထားတယ်လို့ SRF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
အဓမ္မပြုကျင့်ခံရသူမှာ မင်းကင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Student’s Revolutionary Force (SRF) မှာ တာဝန်ထမ်းဆောင်နေသူ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လ ၁၅ ရက် ည ၁၁ နာရီခန့်က မင်းကင်းမြို့နယ်၊ အူကျေးရွာပအဖခေါင်းဆာင် (အုပ်ချုပ်ရေးမှူး) ဦးနက်စိန်ရဲ့ နေအိမ်မှာ မြို့နယ်ပကဖတာဝန်ခံ ဦးညိုလွင် က အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
အခင်းဖြစ်နေ့မှာ SRF တပ်ဖွဲ့ဝင်အမျိုးသမီးတာဝန်ကျရာ ကမ်းပြည့်ရွာကိုရောက်ရှိလာတဲ့ မြို့နယ်ပကဖတာဝန်ခံနဲ့အဖွဲ့ဟာ အလုပ်ကိစ္စနဲ့ ရွာသစ်ကုန်းရွာကို သွားရောက်ရမှာဖြစ်လို့ အတူလိုက်ပါရန်ခေါ်ဆောင်တာကြောင့် နောက်ထပ် SRFတပ်ဖွဲ့ဝင်တဦးနဲ့အတူလိုက်ပါသွားခဲ့ပြီး အူကျေးရွာမှာညအိပ်နားခိုစဥ် အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပါတယ်။
ကျောင်းသားတော်လှန်ရေးတပ်-SRF ဟာ မင်းကင်းမြို့နယ်အတွင်းကျေးရွာတွေမှာအဓိကအခြေပြုကာ စစ်ရေး၊ နိုင်ငံရေးတွေလှုပ်ရှားပြီး ဒေသတွင်းတော်လှန်ရေးလုပ်ငန်းတွေမှာ အုပ်ချုပ်ရေးကိုကိုင်တွယ်ထားတဲ့ ပသုံးလုံးတပ်ဖွဲ့ဝင်တွေနဲ့ပူးတွဲလုပ်ဆောင်ရတဲ့ အခြေအနေတွေရှိတယ်လို့ SRF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
အဓမ္မပြုကျင့်မှုကို ရုန်းကန်ခဲ့ပေမယ့်မလွတ်မြောက်ခဲ့ဘဲ အဓမ္မပြုကျင့်ခံရချိန်မှာ အူကျေးရွာပအဖခေါင်းဆောင် ဦးနက်စိန်နဲ့ မိသားစုဝင်တွေနေအိမ်တွင်းရှိနေပေမယ့် တစုံတရာဝင်ရောက်ပြောဆိုတားမြစ်တာမျိုးမရှိဘူးလို့ နစ်နာသူအမျိုးသမီးက ပြောပါတယ်။
အဓမ္မပြုကျင့်ပြီးနောက် SRF တပ်ဖွဲ့ဝင်အမျိုးသမီးကို ဖြစ်စဥ်နဲ့ပတ်သက်ပြီးထုတ်ဖော်မပြောကြားဖို့ ပကဖတာဝန်ခံက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
မင်းကင်းပကဖတာဝန်ခံရဲ့ SRF တပ်ဖွဲ့ဝင်အမျိုးသမီးအပေါ် အဓမ္မပြုကျင့်ခဲ့မှုကို အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်ကြားမှုများဆိုင်ရာကော်မတီကို အခင်းဖြစ်ပြီးနောက်တရက် ၂၀၂၄၊ ဇွန်လ ၁၆ ရက်မှာ ၁ ကြိမ်၊ အဲ့ဒီနောက် ၆ လ အကြာ ဒီဇင်ဘာလ ၂၇ ရက် မှာ ၁ ကြိမ် စာပို့တိုင်ကြားထားတယ်လို့ သိရပါတယ်။
တိုင်ကြားမှုနဲ့ပတ်သက်ပြီး NUGMOD တိုင်ကြားမှုများဆိုင်ရာကော်မတီအဖွဲ့ဝင် နော်အဲ့ က ပြီးခဲ့တဲ့ဖေဖော်ဝါရီနဲ့ ဧပြီလအတွင်းမှာ ဖြစ်စဥ်အပေါ် နစ်နာသူနဲ့ အူရွာပအဖခေါင်းဆောင်မိသားစုဝင်တွေအပါအဝင် မျက်မြင်သက်သေတချို့ကို အွန်လိုင်းကတဆင့် စစ်ဆေးမေးမြန်းမှုတချို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ ၁ နှစ်ကျော်ကြာအထိ NUG အနေနဲ့ စစ်ဆေးမေးမြန်းမှု ၂ ကြိမ်သာ လုပ်ဆောင်ခဲ့ပြီး ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမရှိသေးလို့ အရေးယူဆောင်ရွက်ပေးစေချင်တယ်လို့ နစ်နာသူအမျိုးသမီးက တောင်းဆိုပါတယ်။
အဓမ္မပြုကျင့်ခံရပြီးတဲ့နောက် နစ်နာသူအမျိုးသမီးကို စာပို့ခြိမ်းခြောက်တာ၊ လိုက်လံရှာဖွေဖမ်းဆီးတာတွေလုပ်ဆောင်နေတာကြောင့် လက်ရှိအထိ ပကဖတာဝန်ခံနဲ့ ၎င်းရဲ့လက်အောက်တပ်ဖွဲ့ဝင်တွေရဲ့ လွတ်မြောက်ရာနေရာတွေကို မကြာခဏရှောင်တိမ်းနေထိုင်နေရတယ်လို့ သိရပါတယ်။
Source – မြေလတ်အသံ
ကရင်နီမှာ LGBTQ+ အရေး ဆောင်ရွက်မယ့် အဖွဲ့ စတင်ဖွဲ့စည်း
ကရင်နီမှာ လိင်စိတ်ခံယူမှု ကွဲပြားသူ LGBTQ+ အရေးကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် “Majestic Spectral Society (M.S.S) (ဂုဏ်သိက္ခာရှိ ရောင်စဉ်လူပေါင်းစု) လို့ လက်တလော အမည်ပေးထားတဲ့ LGBTQ+ အဖွဲ့အစည်းကို ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့မှာ စတင်အကောင်အထည်ဖော် ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ အဖွဲ့ဝင်တွေ ဖိတ်ခေါ်ခဲ့တယ်လို့ စည်းရုံးလှုံ့ဆော်ရေးအပိုင်း တာဝန်ယူထားတဲ့ Tr.May က ပြောပြပါတယ်။
အဖွဲ့အစည်းအနေနဲ့ ဖိနှိပ်ခံရမှုတွေအတွက် မားမားမတ်မတ်ရပ်တည်ပေးသွားမှာဖြစ်ပြီး သင်တန်းတွေ၊အလုပ်အကိုင်ချိတ်ဆက်မှုတွေ၊ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့အရင်းအမြစ်တွေ ကူညီသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ M.S.S ကို ထိုင်းနိုင်ငံရောက် ကရင်နီဒေသခံ အချို့၊ ရန်ကုန်တိုင်း ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်း စတဲ့ နေရာတချို့က LGBTQ+ တွေ စုပေါင်းဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၃၀ ဦးလောက်ရှိနေပြီလို့ သိရပါတယ်။
Tr.May ကတော့ ခွဲခြားဆက်ဆံမှု ၊ စိတ်ဖိစီးမှု၊ လုပ်ငန်းခွင်အကြမ်းဖက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက် ခံရမှုတွေရှိနေတဲ့သူတွေ M.S.S မှာ လာရောက်ရင်ဖွင့်နိုင်တယ်လို့ ဖိတ်ခေါ်ပါတယ်။
Source – ဖက်ဒရယ် FM
လူကုန်ကူးမှုကျူးလွန်သည့် အသက်မပြည်သူနှစ်ဦးအပါအဝင် ၅ ဦးကို ထောင်နှစ်ရှည်ချ
အမျိုးသမီးတွေကို တရုတ်ဇနီးမယားအဖြစ် ပို့ချရောင်းချခဲ့တဲ့ အသက်မပြည့်သူနှစ်ဦးအပါအဝင် ၅ ဦးကို ဖမ်းဆီးထောင်ချခဲ့တယ်လို့သိရပါတယ်။
ကျိုင်းတုံမြို့နယ် နောင်းကုန်အုပ်စုနေ ကဗျာမေ (ခ) နာသဲနဲနဲ့ ခင်ပွန်းဖြစ်သူ အားဘာ၊ မိုင်းပေါက်မြို့နေ ဂျော်နီ(ခ)ဂျော်လီတို့ဟာ အသက် ၁၆ နှစ်အရွယ်အမျိုးသမီးတဦးအပါအဝင် အမျိုးသမီးသုံးဦးကို တရုတ်နိုင်ငံသားတွေနဲ့ ပေါင်းသင်းနေထိုင်ပါက တလကို ယွမ် ၁၅၀၀၀/၂၀၀၀၀ ခန့်ရရှိမယ်လို့ စည်းရုံးကာ မိုင်းပေါက်မှတဆင့် တရုတ်နိုင်ငံသို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ- ၃၈ (က) နဲ့ အမှု နှစ်မှု တရားစွဲဆိုခဲ့ရာ လူကုန်ကူးမှုကျူးလွန်သူ အသက် ၁၆ နှစ်အရွယ် ကဗျာမေနဲ့ အသက် ၁၇ အရွယ် ဂျော်နီတို့ကို ကျိုင်းတုံတရားရုံးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ- ၈၈ (ဂ) အရ အမှုတခုကို အလုပ်မဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပြီး ကဗျာမေရဲ့ ခင်ပွန်းဖြစ်သူ အားဘာဆိုသူကို အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
Source – ဧရာဝတီ
ပိဋကတ်သုံးပုံ မယ်တော်ကြီးဆိုသူ အမျိုးသမီး ဖမ်းဆီးခံရ
မွန်ပြည်နယ် မုဒုံမြို့နယ်မှာ ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက် တရားဟောတဲ့ ပိဋကတ်သုံးပုံမယ်တော်ကြီးလို့ခေါ်ဆိုတဲ့ အမျိုးသမီးတစ်ဦးကို မြို့နယ်သံဃနာယက ဆရာတော်တွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
မုဒုံမြို့နယ်၊ နှီးပဒေါရွာသစ်ရှိ ကျောင်းတခုအတွင်း ပလ္လင်ပေါ်မှာတရားဟောနေတဲ့ အမျိုးသမီးကြီးရဲ့ ဗီဒီယိုမှတ်တမ်းတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် ဗုဒ္ဓဘာသာညှိုးနွမ်းစေကြောင်း ဝေဖန်သူများရှိလာပြီးနောက် မြို့နယ် သံဃနာယကအဖွဲ့မှ ဆင့်ခေါ်ခဲ့ပေမယ့် လာရောက်ခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။
စက်တင်ဘာ၂၀ ရက်မှာတော့ နှီးပဒေါရွာအတွင်းရှိ ကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီးသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅နဲ့ အမှုဖွင့်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။
Source – ဧရာဝတီ
ဗိုလ်တထောင်၊ ၄၈ လမ်းထဲ ၄ နှစ်အရွယ်ကလေး အဓမ္မကျူးလွန်ခံရမှုမှာ သံသယရှိသူကို ရဲဖမ်း
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ကားပါကင်နေရာမှာ အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံထားရတဲ့လက္ခဏာနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တွေ့ခဲ့ရပြီးတဲ့နောက် အဓမ္မပြုကျင့်သူလို့ သံသယရှိသူ အမျိုးသားတစ်ဦးကို ရဲက ဖမ်းဆီးလိုက်ပြီလို့သိရပါတယ်။
စက်တင်ဘာ ၁၈ ရက် က ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း၊ အနော်ရထာ နဲ့ မဟာဗန္ဓုလ လမ်းထောင့်က ကားပါကင် အနောက်မှာ ကလေးငယ်တစ်ဦး မျက်စိလည်လမ်းမှားနေတယ်လို့ ရပ်ကွက် နေသူတချို့ အကြောင်းကြားလာလို့ သွားကြည့်တဲ့အခါ မိန်းကလေးရဲ့ ဂါဝန်အင်္ကျီနဲ့ ခြေထောက်က သွေးတွေ တွေ့ခဲ့ရတာလို့ ရှင်သန်ရေးလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။
မြို့နယ်ကျန်းမာရေးမှူးလာရောက် စစ်ဆေးတဲ့အခါမှာတော့ အဓမ္မပြုကျင့်ခံရတာလို့ ယူဆပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ မိန်းကလေးငယ်တို့မိသားစုဟာ ပုဇွန်တောင်မြို့နယ်၊ သီတာဆိပ်နားက ကျူးကျော်နေရာတွေမှာ နေကြတယ်လို့ သူက ပြောပါတယ်။
Source – BBC
သမီးအရင်းအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၄၀ ချ
·အသက် ၁၂ နှစ်အရွယ် သမီးကို မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို ပုဒ်မ ၃၇၆(၁) အရ အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၄၀ ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇီးဖြူသောင်ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် ညက သမီးဖြစ်သူကို အိပ်ရာထဲမတွေ့လို့ မိခင်ဖြစ်သူက ရှာဖွေရာ ဖခင်ဖြစ်သူက မုဒိမ်းကျင့်နေတာ မိခင်ဖြစ်သူကိုယ်တိုင် ထန်းတပင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း ပဲခူးတိုင်းမှာ သက်ငယ်မုဒိမ်းမှု ၃၆ မှုနဲ့ မုဒိမ်းမှု ၄၂ မှု ဖြစ်ခဲ့ပြီး အမှုပေါင်း ၇၈ မှုထဲက ၅ ယောက်ကို သေဒဏ်ပေးကာ ၇ ယောက်ကို ထောင်ဒဏ်တသက်တကျွန်း ချခဲ့ပြီး ကျန်အမှုတွေကို စစ်ဆေးနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Source – DVB
ကိုယ်ဝန်ဆောင် အကျဉ်းသူတွေ ကျန်းမာရေးနဲ့ညီညွှတ်အောင်နေထိုင်ခွင့်ဆုံးရှုံးနေ
ဧရာဝတီတိုင်းထဲက အကျဉ်းထောင်တခုမှာ ထောင်၊အချုပ်ကျခံနေရတဲ့ ကိုယ်ဝန်ဆောင် နိုင်၊ကျဉ်း အမျိုးသမီးတဦးဟာ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အပြင် အာဟာရပြည့်မှီအောင် စားသောက်ရခြင်းမရှိဘူးလို့သိရပါတယ်။
အဆိုပါ ကိုယ်ဝန်ဆောင်က“ သူတို့ကျွေးတာတွေက သာမာန်လူတွေတောင် မစားနိုင်တဲ့ ရက်တွေရှိတယ်။ ထမင်းမာတာတွေ ဟင်းသိုးတာတွေကို ထားလိုက်ဦး ထမင်းက ဆန်အတိုင်းဖြစ်ပြီး ဟင်းရေက ရေအတိုင်းဖြစ်တဲ့ နေ့တွေတောင်ရှိတယ်။ ထောင်ဝင်စာလာတဲ့သူတွေကတော့ ညီမတို့ကို မျှကြပါတယ် ” လို့ ပြောပါတယ်။
အကျဉ်းထောင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ကိုယ်ဝန်ဆောင် အကျဉ်းသားတွေအတွက် ကျန်းမာ ရေးဆိုင်ရာ လိုအပ်တဲ့ ထောက်ပံ့မှုမျိုးစုံကို ပေးရမယ့် အပြင် သီးခြား သက်သောင့်သက်သာဖြစ်စေဖို့ နေရာဖန်တီးပေးရမယ်လို့ ဖော်ပြထားပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်သူ တဦးကတော့ “ အရင်ကတော့ ကိုယ်ဝန်ဆောင်တွေဆိုရင် ကလေးကောင်းစွာ မီးဖွားနိုင်ဖို့၊ မီးဖွားပြီးရင် ကလေး ၅ နှစ်အထိ မိခင်က စောင့်ရှောက်နိုင်ဖို့၊ ၅ နှစ်ကျော်သွားလို့ အပြင်ဘက်က ဆွေးမျိုးသားချင်းတွေက မစောင့် ရှောက်နိုင်ရင် အကျဉ်းထောင်ကပဲ တာဝန်ယူ စောင့် ရှောက်ရတယ်။ အခုကတော့ အများကြီး ကွာသွားတာပေါ့ ” လို့ ဆိုပါတယ်။
Source – Delta News Agency
ဖယ်ခုံအင်းအရှေ့ဘက်ကမ်းတွင် PNOနှင့် စစ်ကောင်စီပေါင်းကာ ဒေသခံအမျိုးသမီးများကို ခြိမ်းခြောက် အဓမ္မပြုကျင့်နေ
ရှမ်း-ကရင်နီနယ်စပ် ၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာတွေက ဒေသခံအမျိုးသမီးတွေကို PNOနဲ့ စစ်ကောင်စီပေါင်းကာ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ပအို့ဝ်ပြည်သူ့စစ်(PNO)ပူးပေါင်းကာ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲ ၊ လွယ်ပေါ ၊ နန်းပေါ်လုံ၊ နမ်းစုမ့်၊ ပိန္နဲကုန်း၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန် (ရှေ့)၊ ဟိုပန် (နောက်)၊ လဟယ်၊ မခေခမ်း၊ တောင်ပို့ကြီး စတဲ့ ကျေးရွာ ၁၅ ရွာရှိ ဒေသခံတွေကို ခြိမ်းခြောက်အကြမ်းဖက်မှုတွေ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာခဲ့တယ်လို့ဖယ်ခုံအင်းအရှေ့ဖက်ကမ်းနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ယခုလအတွင်း ပအို့ဝ်ပြည်သူ့စစ်(PNO)ရဲ့ တပ်ဖွဲ့ဝင်တွေက ဖယ်ခုံအင်းအရှေဘက်ကမ်းရှိ ကျေးရွာ ၂ခုမှ အမျိုးသမီး ၄ဦးထက် မနည်းကို အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။
Source – MPA
အမျိုးသမီးစစ်ကြောင်းမှူးများပါဝင်သည့် မန်း PDF စစ်သင်တန်း ဆင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း(အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
ထုတ်ပြန်လာတဲ့ဓာတ်ပုံမှတ်တမ်းတွေအရ အမျိုးသမီးစစ်ကြောင်းမှူးတွေနဲ့အတူ အမျိုးသမီးစစ်သည်တွေကိုတွေ့ရပါတယ်။သင်တန်းသားဦးရေမှာလည်း ဓာတ်ပုံမှတ်တမ်းတွေအရ အမျိုးသမီးတွေအပါအဝင် အနည်းဆုံး ၃၀၀ ထက်မနည်းရှိတယ်လို့ခန့်မှန်းရပါတယ်။
သင်တန်းကာလအတွင်း အခြေခံစစ်ပညာဆိုင်ရာသင်ခန်းစာတွေ၊ စစ်နည်းဗျူဟာရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာတွေ၊ စစ်သည်တော်ကျင့်ဝတ်နဲ့ စည်းကမ်းဆိုင်ရာသင်ခန်းစာတွေ၊ နိုင်ငံရေးအသိပညာတွေနဲ့ ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့သိရပါတယ်။
Source – MPA
ခရမ်းတွင် အသက်မပြည့်သေးသော တူမကို မတရားကျင့်ရန်ကြံသည့် ဦးလေးအား ပြည်သူများ ဖမ်းဆီးကာ ရဲလက်အပ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့ပေါ်မှာ အသက်၁၄နှစ်အရွယ် မိန်းကလေးငယ်ကို မတရားပြုကျင့် ရန်ကြံစည်တဲ့ ဦးလေးဖြစ်သူကို ရပ်ကွက်ပြည်သူတို့က ဖမ်းဆီးကာ ရဲလက်အပ်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာ၁၉ရက်က ခရမ်းမြို့၊အမှတ်၈ရပ်ကွက်နေ မိန်းကလေး ငယ်တစ်ဦး အိမ်တွင်းမှာ တစ်ဦးတည်းရှိနေစဉ် အဒေါ်ဖြစ်သူရဲ့ ယောကျာ်းက အိမ်ထဲသို့ဝင်ကာ အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့ရာ မိန်းကလေးငယ်က အော်ဟစ်အကူအညီ တောင်းခဲ့ရာ ရပ်ကွက်ကလူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ပါတယ်။
အဓမ္မပြုကျင့်ရန် ကြံစည်သူမှာ ကျပန်းအလုပ်လုပ်ကိုင်သူ အသက်၃၀ခန့်အရွယ်ရှိ ငစိုး ဆိုသူဖြစ်ပြီး
သူ့ရဲ့အမျိုးသမီးရော မိန်း ကလေးငယ်ရဲ့ မိသားစုတွေ ခရီးသွားနေချိန် ကြံစည်ခြင်းဖြစ်ပါတယ်။
Source – MPA
AA ခေါ်ယူစစ်ဆေးနေတဲ့ အမျိုးသမီးသတင်းထောက်တဦး ၃ ရက်ကြာတဲ့အထိ မိသားစုထံ ပြန်မရောက်သေး
မောင်တောအခြေစိုက် သတင်းထောက်အမျိုးသမီး ၁ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA)ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့က စုံစမ်းမေးမြန်းလိုတဲ့အတွက် နေအိမ်အထိ လာရောက် ခေါ်ဆောင် သွားပြီး သုံးရက်ကြာတဲ့အထိ နေအိမ်သို့ ပြန်မရောက်ရှိသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၀ရက်နေ့ က အရပ်ဝတ်နဲ့ အေအေ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် အမျိုးသားတဦးက သတင်းထောက်အမျိုးသမီးနေထိုင်တဲ့နေအိမ်ကို လာခေါ်တဲ့အတွက် ဖခင်ဖြစ်သူကိုယ်တိုင် အေအေ ထောက်လှမ်းရေးရုံးကို လိုက်ပို့ပေးခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ထောက်လှမ်းရေးရုံးကို ရောက်သွားချိန်မှာ ဖခင်ကို ဝင်ခွင့်မပေးဘဲ သတင်းထောက်အမျိုးသမီးကို ရုံးထဲကို ခေါ်ဆောင်သွားတာကြောင့် ဖခင်က ညနေဖက်အချိန်ထိ စောင့်ဆိုင်းခဲ့ပေမယ့် ပြန်မလွှတ်ပေးခဲ့ဘူး လို့ မိသားစုက ပြောပါတယ်။
မြေပြင်သတင်းထောက် မုဒြာကို အာရက္ခတပ်တော်(AA) ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့က စုံစမ်းမေးမြန်း လိုတဲ့အတွက် လာရောက် ခေါ်ဆောင်ခြင်းဖြစ်ပြီး ခေါ်ယူစစ်ဆေးရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
သတင်းထောက်အမျိုးသမီးကို ခေါ်ယူစစ်ဆေးနေတာဟာ ၃ညနဲ့ ရှိနေပြီဖြစ်ပြီး ထောက်လှမ်းရေးရုံးမှာ နေထိုင်သူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး မရှိဘူးလို့ သိရပါတယ်။
Source – HI
ဇီးကုန်းမြို့ရဲစခန်းသိမ်းတိုက်ပွဲကဖမ်းမိတဲ့ ရဲတပ်သားရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး မီးဖွား၊ ကလေးရောမိခင်ပါ ကျန်းမာ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းမိခဲ့တဲ့ ရဲတပ်သားရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကောင်းမွန်စွာမွေးဖွားပေးနိုင်ခဲ့ပြီလို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက ပြောပါတယ်။
အဲဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာသားယောင်္ကျားလေးမွေးဖွားခဲ့ပြီး ကလေးရော၊ မိခင်ပါ ကျန်းကျန်းမာမာရှိတယ်လို့ ဆိုပါတယ်။
ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင်ပကဖက ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူး ပေါင်းပြီးတော့ စက်တင်ဘာလ ၁၇ ရက် ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။
အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါအဝင် ၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတိုက်ခိုက်နေစဉ်ကလည်း ကိုယ်ဝန်သည်အမျိုးသမီးအတွက် ဗိုက်ဖုံးအင်္ကျီကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကိုယ်တိုင် ရှာဖွေယူပေးခဲ့ကြတာပါ။
ဖမ်းမိခဲ့တဲ့စစ်ကောင်စီတပ်မိသားစုဝင်ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Source – People’s Spring











