တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာလ ၁၄ ရက်ကနေ ၂၀ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲက  HI အနေဖြင့် ဆွေးနွေးလိုတဲ့သတင်းတပုဒ်ကတော့  “ရန်သူရဲ့ဇနီးကိုယ်ဝန်ဆောင်မိခင်အတွက် တိုက်ပွဲအတွင်းဗိုက်ဖုံးအင်္ကျီ ယူပေးခဲ့ကြတဲ့ ရဲဘော်တွေ” ဆိုတဲ့ခေါင်းစဥ်နဲ့ – People’s Spring သတင်းဌာနက ရေးထားတဲ့သတင်းတပုဒ်ပဲဖြစ်ပါတယ်။ “ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီအဓိကတပ်စွဲထား‌တဲ့ဇီးကုန်းမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၇ ရက်နေ့ ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ကြသတင်းပါ။သတင်းထဲမှာ “စစ်သုံ့ပန်းနဲ့ သူ့ဇနီး ကိုယ်ဝန်သည်ကို ခေါ်လာချိန်မှာ”ခများတို့ကို ဘာမှမလုပ်ဘူးနော်။ ကျတော်တို့က ကတိတည်တယ် နော်”လို့ ပကဖတပ်ဖွဲ့ဝင်တဦးက ပြောနေပါတယ်။ စစ်သုံ့ပန်းကလည်း” ဗိုက်ဖုံးအင်္ကျီ နှစ်ထည်သုံးထည်လောက်” လို့ တောင်းဆိုချိန် ” ဗိုက်ဖုံးအင်္ကျီတဲ့။ ယူခဲ့ပေးလိုက်ကြစမ်းပါကွာ” ဆိုပြီး သူ့ရဲဘော်ရဲဘက်တွေကို လှမ်းအော်ပြော‌လိုက်ပါ တယ်။” လို့အဖြစ်အပျက်ကိုဖော်ပြထားပါတယ်။ စစ်သုံ့ပန်းတွေထဲက ကိုယ်ဝန်ဆောင်မိခင် တဦးအပေါ် ပကဖ ရဲဘော်တွေရဲ့ ပြောဆို၊ပြုမူဆက်ဆံပုံအပေါ် ပြည်သူတွေချီးကျူးနေကြပါတယ်။တကယ်တော့ စစ်ပွဲတွေဖြစ်ရင် ပထမဆုံး ဒုက္ခရောက်ကြတာ အမျိုးသမီးတွေ၊ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သားသယ်အမေတွေဟာ ပိုပြီး ဒုက္ခရောက်ကြရပါတယ်။တကယ်တော့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တွေ၊သားသယ်မိခင်တွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စာနာလေးစားပေးရမယ်သူတွေသာဖြစ်ပါတယ်။ သတင်းခေါင်းစဥ်ကိုတော့ ရန်သူရဲ့ ဇနီးကိုယ်ဝန်ဆောင်လို့ သုံးနှုန်းဖော်ပြထားပါတယ်။ တကယ်တော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ကိုယ်လူမျိုးအချင်းချင်း၊ကိုယ်နိုင်ငံသားအချင်းချင်းဖြစ်ကြတဲ့ ပဋိပက္ခပါ။ဒီနေ့ပဋိပက္ခမှာ ရန်ငါသဘောထက်  အမျိုးသမီးတွေကို လေးစားတန်းဖိုးထားတဲ့လုပ်ဟန်အား HI ကကြိုဆိုဖော်ပြရခြင်းဖြစ်ပါတယ်။

ကရင်နီဒေသတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မြင့်တက်နေ

တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ၅ နှစ်နီးပါးကြာမြင့်လာတဲ့ ကရင်နီပြည်နယ် အတွင်းက စစ်ရှောင်အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေလည်း ပိုခံစားလာကြရတယ်လို့ စစ်ရှောင်တွေနဲ့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာကာလအတွင်း ကရင်နီပြည်နယ် အတွင်းမှာ နေရပ်စွန့်ခွာနေကြရတဲ့ စစ်ရှောင်အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ ဖြစ်စဉ်အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခံနေရတဲ့ ဖြစ်စဉ်ပေါင်း ၅၆ မှုအထိ ရှိခဲ့တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ မြင့်တက်လာပေမဲ့ အရေးယူမှု အပိုင်းတွေကတော့ အားနည်း နေသေးတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ မော်ဖရေးမြာက ပြောပါတယ်။

“ပဋိပက္ခနောက်ပိုင်း အထူးသဖြင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေက ပိုပြီး မြင့်တက်လာတယ်။ ခုနောက်ပိုင်း ပြစ်ဒဏ်ကင်းလွတ်ခွင့် ပိုများလာတာရယ် ဒီလို အကြမ်းဖက်မှုတွေက စစ်ရေးလောက် အရေးမကြီးဘူးဆိုတဲ့ ကျမတို့ရဲ့ အသိုက်အဝန်းက လက်ခံထားတဲ့ တချို့တွေ ရှိသေးတယ်။ အထူးသဖြင့် ဖိုဝါဒလွှမ်းမိုးနေဆဲ ဖြစ်တာကြောင့်မို့ အကြမ်းဖက်မှုတွေကို မဖြေလျှော့နိုင်သေးတာပါ။ အများဆုံးက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက တော်တော်လေး မြင့်တက်နေတယ်၊ စိတ်ပိုင်းဆိုင်ရာလည်း ပါသေးတယ်။ အထူးသဖြင့် မုဒိမ်းမှုပေါ့နော်၊ အဲဒီထဲမှာ တော်တော်များများက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေက ပိုများတယ်ပေါ့။ အများစု ကျူးလွန်တဲ့သူတွေက စစ်ကောင်စီရဲ့ အုပ်စုလိုက် မုဒိမ်းကျင့်တာရှိမယ်၊ တော်လှန်ရေးဘက်က PDF တချို့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ထဲက ကျူးလွန်တဲ့ Case တွေရှိမယ်၊ အရပ်သားအောက်က ပါဝါရှိတဲ့၊ ကျေးရွာမှာ လုပ်ပိုင်ခွင့် လွှမ်းမိုးမှုရှိတဲ့ သူတွေကလည်း ပိုများပါတယ်။”

လက်ရှိမှာလည်း အာဏာသိမ်းစစ်တပ်က ‌ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတာတွေ၊ လေကြောင်း ရန် အန္တရာယ်တွေအပြင် လူနေရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ကရင်နီဒေသက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထပ်မံရွှေ့ပြောင်းနေကြရပါတယ်။

ဒီအခြေအနေတွေဟာ စစ်ရေးပဋိပက္ခကာလအတွင်း လုံခြုံတဲ့ရပ်ဝန်းကို မဖန်တီးပေးနိုင်တဲ့အပြင် တရားဥပဒေစိုးမိုးမှု အားနည်းလာတာကြောင့် စစ်ဘေးရှောင် အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားလာရမှု တွေက ပိုမိုများပြားလာနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ကိုခွန်ဗညားအောင်က ပြောပါတယ်။

“အမျိုးသမီးအများစုက ပိုပြီးတော့မှ လူမှုဘဝ မလုံခြုံမှုတွေကို ခံစားနေကြရတယ်။ သူတို့တွေရဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန်နေကြရတယ်။ အလုပ်အကိုင် အခွင့်အလမ်း ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားရတယ်။ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်တွေကို တွေ့ရှိလာရတယ်ပေါ့နော်။ ဒါကလည်း လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကြောင့် သူတို့အတွက် လုံခြုံတဲ့ရပ်ဝန်းကို မဖန်တီးနိုင်ဘူးပေါ့နော်။ တခြားတဖက်မှာ လည်း တရားဥပဒေစိုးမိုးမှုတွေ အားနည်းတဲ့အပေါ်မှာ ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပိုခံစားရတယ်၊ ပိုကြုံတွေ့လာကြရတယ်။”

အလားတူ ပဋိပက္ခတွေကြောင့် ကရင်နီပြည်ကနေ ထွက်ပြေးခိုလှုံနေကြရတဲ့ ထိုင်း-ကရင်နီ နယ်စပ်က နှစ်ရှည်ဒုက္ခသည် စခန်းတွေမှာလည်း စစ်ရှောင်အမျိုးသမီးတွေရဲ့ အိမ်တွင်း အကြမ်းဖက်ခံရမှုတွေ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှု တွေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု အပါအဝင် မုဒိမ်းမှုပေါင်း ၂၄ မှုအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Source – DVB

ရန်သူရဲ့ဇနီးကိုယ်ဝန်ဆောင်မိခင်အတွက် တိုက်ပွဲအတွင်းဗိုက်ဖုံးအင်္ကျီ ယူပေးခဲ့ကြတဲ့ ရဲဘော်တွေ

ကန့်ဘလူခရိုင်ပကဖမှ ဦးဆောင်ပြီး ဇီးကုန်းမြို့ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းတွေထဲက ကိုယ်ဝန်ဆောင်မိခင် တဦးအပေါ် ပကဖ ရဲဘော်တွေရဲ့ ပြောဆို၊ပြုမူဆက်ဆံပုံအပေါ် ပြည်သူတွေချီးကျူးနေကြပါတယ်။

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီအဓိကတပ်စွဲထား‌တဲ့ဇီးကုန်းမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၇ ရက်နေ့ ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။

ကန့်ဘလူခရိုင်ပကဖမှ ဦးဆောင်ပြီး  ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါအဝင်၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့ပါတယ်။သုံ့ပန်း ၁၁ ဦးထဲမှာ စစ်ကောင်စီအရာရှိနဲ့အတူ ၎င်းရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်လည်း ပါလာပါတယ်။

စစ်သုံ့ပန်းနဲ့ သူ့ဇနီး ကိုယ်ဝန်သည်ကို ခေါ်လာချိန်မှာ”ခများတို့ကို ဘာမှမလုပ်ဘူးနော်။ ကျတော်တို့က ကတိတည်တယ် နော်”လို့ ပကဖတပ်ဖွဲ့ဝင်တဦးက ပြောနေပါတယ်။ စစ်သုံ့ပန်းကလည်း” ဗိုက်ဖုံးအင်္ကျီ နှစ်ထည်သုံးထည်လောက်” လို့ တောင်းဆိုချိန် ” ဗိုက်ဖုံးအင်္ကျီတဲ့။ ယူခဲ့ပေးလိုက်ကြစမ်းပါကွာ” ဆိုပြီး သူ့ရဲဘော်ရဲဘက်တွေကို လှမ်းအော်ပြော‌လိုက်ပါ တယ်။

အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ရန်သူဖြစ်ပေမယ့် သုံ့ပန်းအဖြစ် ထိန်းလိုက်ချိန်မှာ စစ်သည်ကျင့်ဝတ် လိုက်နာပုံတဲ့အပေါ် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက” ဘယ်လောက်တောင်လူသားဆန်လိုက်ပါသလဲ”လို့ မှတ်ချက်ပြုပါတယ်။

အခြားလူမှုကွန်ယက်သုံးစွဲသူတစ်ဦးကလည်း  “ဗိုက်ဖုံးအင်္ကျီတဲ့ဟ။ ယူပေးလိုက်ကြစမ်းပါကွာ”တဲ့ ပကဖ ရဲဘော်တစ်ဦး ပြောလိုက်တဲ့စကား… ရင်ထဲကိုနင့်သွားတာပဲ ။တိုက်ပွဲကြားမှာ ကိုယ်ဝန်ဆောင် သည်တစ်ဦးမိလာတဲ့အခါ စကားပြောဆိုပုံ ကအစ ချက်ချင်းကိုလေသံပြောင်းပျော့သွားတာ”လို့ မှတ်ချက်ပြုပါတယ် ။

Source – People’s Spring

AA လေ့ကျင့်သင်ကြားပေးခဲ့တဲ့ စစ်သင်တန်းမှာ FFD ရဲတပ်ဖွဲ့က စစ်မေတွေ ထူးချွန်စွာအောင်မြင်

အာရက္ခတပ်တော်(AA)က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ NCO (အကြပ်)သင်တန်းဆင်းပွဲမှာ Force For Federal Democracy(FFD) ရဲတပ်ဖွဲ့က စစ်မေတွေ ထူးချွန်စွာအောင်မြင်ခဲ့တယ်လို့ FFD တပ်ဖွဲ့ကနေ သိရပါတယ်။

FFD တပ်ဖွဲ့က စစ်မေနှစ်ယောက်ဟာ သင်တန်းပြီးဆုံးအောင်မြင်ခဲ့ပြီး စစ်မေခရောင်းက စာပေဆုနဲ့ စစ်မေကျူးလစ်က ကျန်းမာရေးဆုစတဲ့ ထူးချွန်ဆုများအသီးသီးရရှိခဲ့တယ်လို့ FFD ရဲ့ စက်တင်ဘာ ၁၂ ရက်ထုတ်ပြန်ချက်က ဆိုပါတယ်။

AA က လေ့ကျင်သင်ကြားပေးပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ရဲ့ ဦးဆောင်မှုနဲ့ပြုလုပ်ခဲ့တဲ့ ဒီသင်တန်း ကို FFD တပ်ဖွဲ့ကလည်း သင်တန်းတက်ရောက်ခွင့်ရရှိခဲ့တာပါ။

Source – နိရဉ္ဇရာ

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ တောင်းဆိုတဲ့ ထိုင်း Transgender အလှမယ်  4th Runner Up ရရှိ

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ပြုလုပ်ကျင်းပတဲ့ “YOU Is U 2025” ပြိုင်ပွဲမှာ စစ်တပ်ဖမ်းဆီးထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ထိုင်းနိုင်ငံသား Transgender (လိင်စိတ်ခံယူမှု ပြောင်းလဲထားသူ)အလှမယ် Chayavate Somwong က 4th Runner Up ရရှိခဲ့ပါတယ်။

YOU Is U 2025” ပြိုင်ပွဲမှာ ထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အလှမယ် Chayavate Somwong ဟာ ပြိုင်ပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်လို ဝတ်စားဆင်ယင်ကာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Transgender အလှမယ် Chayavate Somwong က သူ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ စံပြပုဂ္ဂိုလ်တဦးဖြစ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လို ကြံ့ခိုင်သန်မာသူဖြစ်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Source – The Irrawaddy

အမျိုးသမီးအချို့ကို တရုတ်မယားအဖြစ်ရောင်းစားဖို့ စီစဉ်သူ ၉ ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

တရုတ်ဇနီးမယားလုပ်ဖို့အတွက် ရန်ကုန်၊ တောင်ကြီးနဲ့ ကွတ်ခိုင်က အမျိုးသမီးငယ်အချို့ကို မူဆယ်မြို့ကတဆင့် တရုတ်ဘက်ခြမ်း ‌ရွှေလီမြို့ကိုပို့‌ပြီး ရောင်းစားဖို့ စီစဉ်ခဲ့ကြသူ ၉ ဦးကို ထောင် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ အသီးသီး ချမှတ်လိုက်တယ်လို့ စစ်ကော်မရှင်ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်

အမှုတွေကို ဘယ်အချိန်က စတင်တိုင်ကြား ကြားနာခဲ့တယ်လို့ဆိုတာ ထုတ်ပြန်ချက်မှာမဖော်ပြပေမဲ့ ပြစ်ဒဏ်တွေကိုတော့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြစ်မှုကျူးလွန်တဲ့သူတွေဟာ လူမှုကွန်ရက်ချန်နယ်တစ်ခုဖြစ်တဲ့ တစ်တော့(TikTok) အပါအဝင် တရုတ် လူမှုကွန်ရက် WeChat ကို အသုံးပြုပြီး မြန်မာက အမျိုးသမီးတချို့ကို တရုတ်ဇနီးမယားလုပ်ဖို့ ကမ်းလှမ်းခဲ့ကြတာဖြစ်ပါတယ်။

တရားခံ ၉ ဦးထဲ ၃ ဦးကို အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၂၀၊ နောက်ထပ် ၃ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်နဲ့ ၁ ဦးကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်အပြင် နောက်ထပ် ၂ ဦးကိုတော့ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။

Source – BBC

အချင်းချင်း ပစ်ခတ်တိုက်ခိုက်တာတွေ ချက်ချင်းရပ်ဖို့ ချင်းစစ်ဘေးရှောင်အမျိုးသမီးတွေ ဆန္ဒထုတ်ဖော်

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က Chin Women Prayer Group ဦးဆောင် မှုဖြင့် ချင်းညီအစ်ကိုအချင်းချင်းကြား သတ်ဖြတ်တိုက်ခိုက်မှုတွေ ရပ်တန့်ပေးကြဖို့ ချင်းစစ်ဘေးရှောင် အမျိုးသမီးတွေ ဆန္ဒ ဖော်ထုတ်ခဲ့ကြကာဆုတောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲမှာ ချင်းညီအကိုအချင်းချင်း အခုလိုပစ်ခတ်တိုက်ခိုက်တာ လုံးဝလုံးဝ အလိုမရှိတဲ့ကြောင်း၊ ညီအစ်ကို ချင်းချင်း ပစ်ခတ်တိုက်ခိုက်တာတွေ ချက်ချင်းရပ်ကြဖို့စတာတွေ ကြွေးကြော်ခဲ့ကြသလို စာတန်းဗီနိုင်းတွေ ကိုင်ဆောင်ကာ ဆန္ဒ ဖော်ပြခဲ့ကြပါတယ်။

လက်ရှိချင်းပြည်နယ် မရာနယ် မြေမှာ Chinland Council (CC )အဖွဲ့ဝင် IMC / CDF – Mara နဲ့ ချင်းညီနောင် (CB) အဖွဲ့ဝင် MTC / MDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်နေသလို တခြားမြို့နယ် တွေမှာလည်း CC အဖွဲ့ဝင်နဲ့ CB အဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေ အရင်ကလည်း ဖြစ်ခဲ့တာတွေရှိခဲ့ပါတယ်။

Source – Chin World

ထောက်ပို့ထီ ကော်မတီဝင်တစ်ဦး ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရ

တော်လှန်ရေးအင်အားစုများ စီစဉ်တဲ့ ထောက်ပို့ထီရဲ့ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မမင်မင်ခင်ဟာ စက်တင်ဘာ ဒုတိယအပတ်က ထိုင်းနယ်စပ်တစ်နေရာမှာ ဖမ်းဆီးခံထားရတယ်လို့ ထောက်ပို့ထီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မမင်မင်ခင်ဟာ ခရီးသွားလာနေစဉ် စက်တင်ဘာလ ၁၀ ရက်မှာ အဆက်အသွယ်ပြတ်သွားတာဖြစ်ပြီး ဒီနောက်မှာတော့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သူရဲ့မိတ်ဆွေတစ်ဦးက အကြောင်းကြားလာတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ နောက် ဆက်တွဲအခြေအနေကို သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်အထိ အဆက်အသွယ် ပြန်မရသေးပါဘူး။

Source – Dawei Watch

ဇလွန်ပြည်သူ့ဆေးရုံက မွေးလူနာတွေကို ဗိုက်ခွဲမွေးခ ငွေကြေးတောင်းခံနေ

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်က မြို့နယ် ပြည်သူ့ဆေးရုံက မွေးလူနာဖြစ် ဗိုက်ခွဲပြီး ကလေးမွေးဖို့ ငွေကျပ် ၄ သိန်း ၅ သောင်း တောင်းခံနေပြီး သွေးလိုအပ်တဲ့လူနာတွေကိုလည်း သွေးအိတ်ဖိုး ငွေကျပ် ၃ သောင်းကျပ်တောင်းခံနေပါတယ်။

“သူတို့က ဗိုက်အပ်၊ ဗိုက်ပြတုန်းကတော့ ဘာမှ မပြောဘူး။ ရိုးရိုးမွေးတာပိုကောင်းတယ်ပြောပြီး တကယ်မွေးတော့မယ် ဆိုမှ ခွဲရမယ်၊ ခွဲရမယ်ဖြစ်တာ။ မမွေးနိုင်လို့ ခွဲရမှာလားဆိုတော့ အဲ့လိုလည်း မဟုတ်ဘူး။ လာလည်း မကြည့်ပဲနဲ့ ပိုက်ဆံ ပေး ပိုက်ဆံရတာနဲ့ ခွဲမွေးမယ်။ မရရင် မမွေးပေးဘူးလို့ကိုပြောတာ ကောင်တာက”လို့ ကာယကံရှင် တဦးက ပြောပါတယ်။

ကာယကံရှင်ဖြစ်သူက ငွေကြေးအဆင်ပြေသူဖြစ်လို့ မွေးဖွားရာမှာ အဆင်ပြေခဲ့ပေမယ့် ငွေကြေးအဆင်မပြေလို့ ရိုးရိုး မွေးဖို့သာ အားစိုက်ကြရတဲ့မွေးလူနာတွေဟာ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုခြင်း ခံရတာတွေရှိနေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဇလွန်အရှေ့ဘက်ကမ်းက ဟင်္သာတမြို့နယ်ဘက်ကို သွားဖို့လွယ်ကူသူတွေဟာ ဟင်္သာတ ကိုသာ သွားရောက် မွေးဖွားနေကြပြီး ပရဟိတအဖွဲ့တချို့ဟာလည်း အရေးတ ကြီးသွေးလိုနိုင်တဲ့ လူနာတွေကို ဟင်္သာတ ဆေးရုံကို ပို့နိုင်ဖို့ ကြိုးစားကြတယ်လို့ သိရပါတယ်။

“ဓာတ်ခွဲခန်းမှာဆိုရင် ငွေကြေးကောက်ခံခြင်း မပြုပါဆိုတဲ့ စာရွက်ပါ ကပ်ထားတာ။ သွေးလိုတဲ့သူတွေဆိုရင် သွေးစစ်ခ တခါစစ် ၆ ထောင်မှ မပေးရင် မစစ်ပေးဘူး၊ သွေးအိတ်ဖိုး ၃ သောင်းမသွင်းရင် သွေးမထုတ်ပေးဘူးတွေ လုပ်နေတာ” လို့ ဆေးရုံနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ပရဟိတ အဖွဲ့တချို့ကလည်း ဇလွန်ဆေးရုံက ကောင်တာထိုင်သူတွေဟာ ကိစ္စအမျိုးမျိုးအတွက် ငွေကြေးကောက်ခံမှုတွေ ရှိနေသလို ဆေးရုံရဲ့ သက် ဆိုင်ရာ ဌာနတွေက ငွေကြေးကောက်ခံခြင်း မပြုပေမယ့် ကောင်တာမှာတော့ ငွေသွင်းမှ သက်ဆိုင်ရာ ကျန်းမာရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ခွင့်ပြုတယ်လို့ ဆိုကြပါတယ်။

Source – DNA

တမူးမှာ ၄ နှစ်ကျော်အတွင်း စစ်တပ်လက်ချက်နဲ့  အမျိုးသမီး ၃၆ ဦးအပါအဝင် အရပ်သား ၁၆၁ ဦးသေဆုံး

စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်အတွင်း အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်တပ် ကြောင့် အမျိုးသမီး ၃၆ ဦးအပါအဝင် ဒေသခံ ၁၆၁ ဦး သေဆုံးခဲ့တယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး(KWHRO)က ထုတ်ပြန်ထားပါတယ်။

“စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနဲ့ ၎င်းတို့လက်အောက်ခံပျူစောထီးတပ်ဖွဲ့များ ၏ မတရားသတ်ဖြတ်မှုအပြင် မြေမြှုပ်မိုင်းများကြောင့် အမျိုးသမီးနဲ့ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူစုစုပေါင်း ၁၆၁ ဦး သေဆုံးခဲ့ရပြီဖြစ်တယ်”လို့ ဆိုထားပါတယ်။

တမူးမြို့နယ်ဟာ အိန္ဒိယနိုင်ငံ ၊ မိုးရေးမြို့နဲ့ နယ်နိမိတ်ခြင်းထိစပ်တဲ့ နယ်စပ်မြို့ဖြစ်သလို ၂၀၂၁ ခုနှစ်  အာဏာသိမ်းပြီး နောက် တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ စဖြစ်တဲ့ချိန်ကစလို့ တဖက် နိုင်ငံကို ထွက်ပြေးခိုလှုံကြသလို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ် ဆောင်နေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ ယနေ့ချိန်ထိ နေရပ်မပြန်နိုင်တဲ့အပြင် စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာ နေပြီး လက်ရှိချိန်ထိ လူဦးရေ ၂၃၀၀၀ ကျော်ရှိလာနေပြီဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူနေအိမ်တွေ မီးရှို့ခြင်းလက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၂၀ က လူနေအိမ် အဆောက်အဦး ၁၀၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ရေးကြောင့် နေရပ်စွန့်ခွာတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း စစ်တပ်လက်အောက်ခံ ပျူစောထီး အဖွဲ့က ဖျက်ယူတာတွေ လက်ညိုးထိုးပြီး တန်ကြေးသတ်မှတ်ကာ ပြန်ရွေးခိုင်းတဲ့ အခြေအနေတွေထိ ရှိလာနေတယ်လို့ လည်း ဖော်ပြထားပါတယ်။

Source – Chin World

တရားမဝင် ဝင်ရောက်လာတာကြောင့် အမျိုးသမီး ၂၁ ဦးအပါအဝင် မြန်မာ ၅၀ ကျော်ဖမ်းဆီးရမိ

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီး ၂၁ ဦးအပါအဝင် မြန်မာ ၅၃ ဦး ကို ကန်ချနပူရီမှာ ဖမ်းဆီးရမိခဲ့တယ်လို့ Khaosod သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူအားလုံးကို ကားလေးစီးနဲ့ ပြွတ်သိပ်ထည့်သွင်း သယ်ဆောင်လာပြီး ရန်ကုန်မြို့မှ ထွက်ခွာကာ ဆန်ခလပူရီ ခရိုင်၊ ဘန့်ဘိုယီပွန်ရှိ သဘာဝတောလမ်းတွေမှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ သူတို့တွေဟာ အလုပ်လုပ်မယ့်နေရာရောက်ဖို့အတွက် ပွဲစား ကို တစ်ဦး ဘတ် ၁၅,၀၀၀ မှ ၁၈,၀၀၀ အထိ ပေးချေရတာ ဖြစ်ပါတယ်။

Source – သံလွင်ခက်

အမျိုးသမီးတစ်ဦးမှမပါဝင်တဲ့စကားဝိုင်းမှာ ပါဝင်ခဲ့တဲ့ကိုနန်းလင်းကို တကသ အရေးယူ

အမျိုးသမီးပါဝင်မှုမရှိဘဲ အမျိုးသားတွေသာပါဝင်ဆွေးနွေးမှုပြုလုပ်ခဲ့တဲ့ စကားဝိုင်းမှာပါဝင်ခဲ့တဲ့ တကသ ကျောင်းသားဟောင်းများအင်အားစုရဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်တဲ့ ကိုနန်းလင်းကို ပြင်းထန်စွာသတိပေးပြီး အရေးယူ ဆောင်ရွက်မှုလုပ်ခဲ့တယ်လို့ တကသက မနေ့ကထုတ်ပြန်ပါတယ်။

ကိုနန်းလင်းဟာ မနေ့က စက်တင်ဘာ ၁၇ရက်မှာပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာပါဝင်ခဲ့ပြီး အဲ့ဒီစကားဝိုင်းမှာပါဝင်တာကို အဖွဲ့အစည်းကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မိမိသဘောဆန္ဒနဲ့သာပါဝင်ခဲ့ခြင်း၊ စကားဝိုင်းမှာပါဝင်သူတွေဟာ အမျိုးသားတွေချည်းဖြစ်ခြင်းစတာတွေကြောင့် ကိုနန်းလင်းကို စကားဝိုင်းတွေ၊ဆွေးနွေးပွဲတွေမှာပါဝင်တာကို (၆)လရပ်ဆိုင်း တာ၊ တကသရဲ့ ဦးဆောင်ကော်မတီဝင်အဖြစ်ကနေ နှစ်လဆိုင်းငံ့တာနဲ့ နိုင်ငံရေးကော်မတီတာဝန်ခံအဖြစ်ကနေ နှစ်လ ဆိုင်းငံ့တာတွေကို အရေးယူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

တကသရဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ တကသကျောင်းသား ဟောင်းများအင်အားစုအနေနဲ့ အမျိုးသားတွေသာပါဝင်တဲ့ Manelဆွေးနွေးပွဲတွေကို စီစဉ်မှာလည်းမဟုတ်သလို အဖွဲ့ဝင်တွေ အနေနဲ့လည်း အဲ့ဒီလိုဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးခြင်းပြုမှာ မဟုတ်ဘူးလို့ ဖော်ပြထားတာပါ။

ဒါကြောင့် ကိုနန်းလင်းဟာ အဲ့ဒီထုတ်ပြန်ချက်ကိုချိုးဖောက်ခဲ့လို့ အခုလိုအရေးယူမှုလုပ်ခဲ့တာဖြစ်တယ်လို့ တကသ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။ အရေးယူမှုကိုလည်းလိုက်နာသွားမှာဖြစ်ပြီး ဦးဆောင်ကော်မတီဝင်အဖြစ်ကနေ နှစ်လရပ်နားခံလိုက် ရပေမယ့် အဖွဲ့ဝင်အဖြစ်နဲ့အလုပ်တွေဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

ကိုနန်းလင်းပါဝင်ဆွေးနွေးခဲ့တဲ့စကားဝိုင်းဟာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ခန့်အပ် ပေးဖို့ ထောက်ခံဆွေးနွေးတဲ့စကားဝိုင်းဖြစ်ပြီး အဲ့ဒီပွဲမှာဆွေးနွေးမယ့်သူတွေဟာ Hostအပါအဝင် အမျိုးသားတွေပဲ ၉ ဦး အထိပါဝင်ခဲ့တာပါ။

Source – Burma VJ

လောင်းလုံး ဝေဒီရွာ ဗုံးကြဲခံရလို့ အမျိုးသမီးနှစ်ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာထဲ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၁၇၊ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပါ တယ်လို့ ကေအဲန်ယူ၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ ဒေါ်တင်ရှိန် အသက် (၆၀) နှစ်၊ သမီးဖြစ်သူနဲ့ ကိုဝေယံဖြိုး အသက် (၃၀) နှစ်တို့ ဗုံးစထိမှန် သေဆုံး သွားတာဖြစ်ပါတယ်။ ဗုံးဒဏ်ကြောင့် အသက် (၆၀) နှစ်အရွယ် ဦးယူစိန်၊ အသက် နှစ် နှစ်အောက် ကလေးငယ် နှစ်ဦးနဲ့ အခြားကလေးတစ်ဦး အပါအဝင် စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Source – ကေအိုင်စီ

ဗိုက်ခွဲ ကလေးမွေးတဲ့အမျိုးသမီး ၁ ဦး သေဆုံးပြီးနောက် ဒလမြို့က ပုဂ္ဂလိက ဆေးခန်း အပိတ်ခံရ

ပြီးခဲ့တဲ့ရက်ပိုင်းက ဗိုက်ခွဲပြီး ကလေးမွေးတဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီးနောက် ရန်ကုန် တဖက်ကမ်းမှာရှိတဲ့  ဒလမြို့က ပုဂ္ဂလိကဆေးခန်းတခု အပိတ်ခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ဒလမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဒေါ်အိအိအေးဖြစ်ပြီး အပိတ်ခံရတဲ့ ဆေးခန်းကတော့ ဆေးရုံအုပ်ကြီးတယောက်ပိုင်တဲ့ စွမ်းထက် ဆေးခန်း ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အိအိအေးဟာ စက်တင်ဘာ ၄ ရက် မနက်က သားယောက်ျားလေးကို အဲဒီဆေးခန်းမှာပဲ မွေးခဲ့ပြီးနောက် သားအိမ် ကနေ သွေးဒလဟော ဆင်းနေတာကြောင့် ညနေစောင်းမှာ ရန်ကုန်ဘက်ကမ်းက ဗဟိုအမျိုးသမီးဆေးရုံကို ဒေသခံလူမှု ကူညီရေးကားနဲ့ သွားခဲ့ပေမဲ့ နောက်နေ့ သောကြာမနက်မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

“ကလေးမွေးတဲ့အခါ ခွဲစိတ်တဲ့အခါ အမှားအယွင်းဖြစ်တယ်လို့ ပြောနေကြတယ်။။ ပြီးတော့ ကလေးမှာလည်း လက်မှာ ဓားထိတာ တွေ့တယ်လို့ ပြောတယ်”လို့ ပြောပါတယ်။

Source – DVB

မန္တလေးတိုင်း ၄ မြို့နယ် လေကြောင်းဗုံးကြဲခံရပြီး အမျိုးသမီးနှစ်ဦးနဲ့ သီလရှင်တစ်ဦး သေဆုံး

မန္တလေးတိုင်းမှ မြို့နယ် လေးခုကို စစ်လေယာဉ်က ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးနဲ့ သီလရှင်တစ်ပါး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်က ဧရာဝတီမြစ်အရှေ့ကမ်း သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ်တွေကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ မတ္တရာမြို့ နယ်မှာ ကိုရင်တစ်ပါး၊ သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။  သပိတ်ကျင်းမြို့နယ်မှာလည်း ကလေးငယ် တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်က ရွှေတူးဖော်ရေးလုပ်ငန်းတွေရှိတဲ့ သပိတ်ကျင်းနဲ့ စဉ့်ကူးကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေသလို ကမ္ဘာကျော် ပတ္တမြား အပါအဝင် ကျောက်မျက်ရတနာအများအပြားထွက်ရှိတဲ့ မိုးကုတ်မြို့ကိုလည်း သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

Source – Myanmar Now

Author: