တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာ ၆  ရက်ကနေ ၁၂ ရက်နေ့အထိတစ်ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

  ယခုတပတ်တာ အမျိုးသမီးဖြစ်ရပ်တွေထဲမှာ HI က ဆွေးနွေးလိုတဲ့ သတင်းတခုကတော့   “စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်   ၃ မွှာပူး မွေးဖွားခဲ့ပြီးနောက်နာရီပိုင်းအတွင်း မိခင်ရော ကလေးပါသေဆုံး “ဆိုတဲ့ခေါင်းစဥ်နဲ့ မဇ္စိုမ သတင်းဌာနသတင်းပဲဖြစ်ပါတယ်

 ချင်းပြည်နယ်ထန်တလန်က စစ်ဘေးရှောင်မိခင်တဦးက သားယောကျာ်းလေးအမွှာသုံးဦး မွေးဖွားခဲ့ပြီး‌နောက် မိခင်ရော ကလေးတွေပါ ရှေ့ဆင့်နောက်ဆင့်သေဆုံးခဲ့ပါတယ်။သေဆုံးရတဲ့အကြောင်းအရင်းကို မသိရပေမယ့်စစ်ဘေးရှောင်နေရချိန် အဟာရအပါအဝင်ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တဲ့အတွက် ဆုံးပါးတာဖြစ်နိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ကျန်းမာရေးလုပ်သားတဦးရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်က လက်နက်ကိုင်ပဋိပက္ခဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရှိတာကိုမီးမှောင်းထိုးပြနေတဲ့သတင်းလည်းဖြစ်ပါတယ်။

ပုံမှန်ဆို ဒီလိုအခြေအနေမျိုးက ဆေးရုံဆေးခန်းတွေမှာ ကိုယ်ဝန်ဆောင်မိခင်ရော ကလေးပါစနစ်တကျနဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံယူရမှာဖြစ်ပေမယ့် စစ်ဘေးရှောင်နေရတဲ့အချိန်မှာ အဟာရပြည့်ပြည့်ဝဝမစားရသလို ကျန်းမာရေးစောင့်ရှောက်မှုတခုမှမရှိဘဲ ဖြစ်သလိုမွေးဖွားခဲ့ရတာကြောင့် မိခင်ရောကလေးပါ အသက်ဆုံးရှုံးသွားရတာက မိသားစုအတွက်လည်းဝမ်းနည်းဖွယ် ဖြစ်သလို တိုင်းပြည်အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုတခုလည်းဖြစ်ပါတယ်။

နောက်သတင်းတခုအနေနဲ့က ရခိုင်ပြည်နယ်အမ်းမှာ သမီးအရင်းဖြစ်သူကို ဖခင်ဖြစ်သူကခြောက်နှစ်ကြာ မုဒိန်းပြုကျင့်နဲ့ ဝက်လက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အသက်မပြည့်‌သေးသူကိုအဓမ္မပြုကျင့်ဆိုတဲ့ သက်ငယ်မုဒိမ်းမှု နှစ်ခုကလည်း တော်လှန်နယ်မြေတွေမှာ ခပ်စိတ်စိတ်ကြုံလာရတဲ့ မုဒိန်းပြုကျင့်မှုတွေက၊ဒေသတွင်းက အမျိုးသမီးကြီးငယ်တွေရဲ့ မလုံခြုံမှု အခြေအနေကို ဖော်ညွှန်းနေသလို၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အလေးအနက်ထား အရေးတယူဆောင်ရွက်ရမယ့် ကိစ္စဖြစ်လာနေတယ်လို့ HI ကသုံးသပ်မိပါတယ်။

စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်   ၃ မွှာပူး မွေးဖွားခဲ့ပြီးနောက်နာရီပိုင်းအတွင်း မိခင်ရော ကလေးပါသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ၊ ဟရီးဖီးကျေးရွာရှိ စစ်ဘေးရှောင် အမျိုးသမီးတဦးမှာ သုံးမွှာပူးမွေးဖွားခဲ့ပြီးနောက် မိခင်ရော ကလေးသုံးဦးပါ သေဆုံးသွားတယ်လို့ သိရပါတယ်။ 

ထန်တလန်မြို့ပေါ် ရပ်ကွက်တွင် နေထိုင်ခဲ့သူအသက်၂၆နှစ်အရွယ် မန်းထာပါးလ်က တိုက်ပွဲတွေ ကြောင့်စစ်ဘေးရှောင်ရင်း အမျိုးသားဖြစ်သူရဲ့ ဇာတိရပ်ရွာမှာလာရောက် နေထိုင်စဥ် စက်တင်ဘာလ ၄ ရက် နံနက် ၄ နာရီမှာ ယောကျာ်းလေးအမွှာ သုံးဦးကို မီးဖွားခဲ့ပါတယ်၊မီးဖွားပြီးတနာရီအကြာမှာ မိခင်အရင်သေဆုံးသေဆုံးပြီး  ကလေးနှစ်ဦးထပ်မံသေဆုံးက စျာပနမချခင် ကျန်ကလေးတဦးမှာလည်း သေဆုံးခဲ့တယ်လို့ဆိုတယ်။

ယင်းသားအမိမှာ မည်သည့်အခြေအနေကြောင့် ဆုံးပါးသွားရတယ်ဆိုတာ မသိရသော်လည်း စစ်ဘေးရှောင်နေရချိန် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်၍ ယခုကဲ့သို့ ဆုံးပါးခြင်းဖြစ်နိုင်ကြောင်း နယ်စပ်ရှိ စစ်ဘေးရှောင်များကို ကူညီနေတဲ့ ကျန်းမာရေး လုပ်သားတဦးကပြောကြားခဲ့သလို၊ သေဆုံးသွားတဲ့  မိခင်မှာသုံးနှစ်အရွယ် သမီးတဦး ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။ Sources- Mizzima

သြဂုတ်လတွင် စစ်အုပ်စုလက်ချက်ဖြင့် အမျိုးသမီး ၇၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရ

စစ်အုပ်စုရဲ့  လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားတွေကိုပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ယခုနှစ် ၊ ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က စက်တင်ဘာလ ၈ရက်နေ့ က ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့ရတဲ့အမျိုးသမီး ၇၃ ဦးအနက် ၅၄ ဦးမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ ၇ ဦးမှာ ရွာနဲ့ နေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှု၊ ၃ ဦးမှာ မီးရှို့သတ်ဖြတ်ခံရမှုနဲ့  ၁ ဦးမှာ ပဋိပက္ခနှင့် ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ဖြစ် ပြီးသေဆုံးသူများအနက် ၁၄ ဦးမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်တယ်လို့ BWU ၏ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး ၈၀ ဦးအနက် ၅၄ ဦးမှာ လေကြောင်းတိုက်ခိုက်မှု ၊ ၂၂ ဦးမှာ လက်နက်ကြီး ပစ်ခတ်မှု၊  ၄ ဦးမှာ ပဋိပက္ခနှင့် ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ဖြစ်ပြီး မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အချက်အလက်တွေအရ ဩဂုတ်လအတွင်းသေဆုံးမှုအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးက  ၂၇ ဦး နဲ့ အများဆုံး ဖြစ်သလို မကွေးတိုင်းဒေသကြီးက ၁၄ ဦးနှင့် ကရင်နီပြည်နယ်မှ ၈ ဦးတို့ဖြစ်တယ်လို့ဆိုပါတယ်။  ။  Sources- HI

မလေးရှား KTV မှာ မြန်မာအမျိုးသမီး ၂၁ ယောက် ဖမ်းခံရ

မလေးရှားနိုင်ငံ၊ နမ်ဂရီ ဆမ်ဘီလန်းပြည်နယ်၊ နီလိုင်မြို့ KTV ဖျော်ဖြေခန်းကနေ မြန်မာအမျိုးသမီး ၂၁ ယောက်ကို စက်တင်ဘာ ၆ ရက်မှာ ဖမ်းဆီးရမိတယ်လို့ မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။

တရားမဝင်ဖွင့်လှစ်ထားတဲ့ KTV ကို မလေးရှား လူဝင်မှုကြီးကြပ်ရေးက ၂ ပတ်ကြာအောင် စုံစမ်းထောက်လှမ်း၍ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှာ KTV ကို ဦးစီးနေတဲ့အမျိုးသမီးတစ်ယောက်ကို အရင်ဖမ်းဆီးရရှိပြီး စားပွဲထိုး လုပ်ကိုင်နေတယ်လို့ သံသယရှိတဲ့ မြန်မာအမျိုးသမီး အယောက် ၂၀ ကျော်ကိုလည်း ထပ်ဖမ်းမိတယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့ မြန်မာအမျိုးသမီးတွေထဲက ၈ ယောက်က ဗီဇာသတ်မှတ်ရက်ထက် ကျော်လွန် နေထိုင်ပြီး တခြား ၁၃ ယောက်က ကတော့ တရားမဝင်နေထိုင်သူတွေ ဖြစ်နေတယ်လို့ လဝက က ထုတ်ပြန်ထားပါတယ်။ဒီ  KTV ဖျော်ဖြေရေးခန်းကို သောကြာ၊ စနေနဲ တနင်္ဂနွေတွေမှာ ဖွင့်လှစ်တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေကိုသာ လက်ခံတာဖြစ် ပါတယ်။ ။  Sources- BBC

ဒေါ်အောင်ဆန်းစုကြည် ဆေးကုသခွင့်ရရေး ကူညီပေးရန် ကမ္ဘာ့နိုင်ငံများထံ NLD နဲ့ တော်လှန်အနုပညာရှင်များ တောင်းဆို

စစ်တပ် ဖမ်းဆီး အကျဉ်းချထားတဲ့ အသက် ၈၀ အရွယ် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါအခြေအနေမှာ ပိုမိုဆိုးရွားလာတဲ့အတွက် လွတ်လပ်စွာဆေးကုသခွင့်ရရေး၊ အမြန်ဆုံးလွတ်မြောက်စေရေး ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများက ကူညီပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) မှ မေတ္တာရပ်ခံ တိုက်တွန်းသလို ၊တော်လှန်အနုပညာရှင်များကလည်း ဆေးကုသခွင့်ရရေး တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်မှာ စိုးရိမ်ရပြီး၊ နှလုံးအထူးကု ဆရာဝန်နဲံ တွေ့ဆုံခွင့် တောင်းထားသော်လည်း ၎င်းအား မည်သည့်နေရာတွင် ထိန်းသိမ်းထားပြီး ကျန်းမာရေးစောင့်ရှောက်မှု မည်မျှပြည့်ပြည့် ဝဝရသည်ကို မသိရဘူးလို့ သားဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris က စက်တင်ဘာ ၄ ရက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် အထူးလိုအပ်လျက်ရှိတဲ့ ဆေးကုသခွင့်မပေးခြင်းက နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းဖြစ်ပြီး ဖြစ်ပေါ်လာမည့်အကျိုးဆက်များအားလုံးကို စစ်အုပ်စုမှ အပြည့်အဝ တာဝန်ယူရ မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ထုတ်ပြန်ထားတယ်။

တော်လှန်အနုပညာရှင်တွေဖြစ်တဲ့  မော်ဒယ်လ် မေမြတ်နိုး၊ သရုပ်ဆောင် ခါရာ ၊မော်ဒယ်လ် ထားထက်ထက်၊အဆိုတော် ဖြူဖြူကျော်သိန်း၊ဒါရိုက်တာ ကိုပေါက်၊သရုပ်ဆောင် ဒေါင်းတို့က ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ဆေးကုသခွင့်ရရှိပြီး ကျန်းမာ သက်သာစေရန် ဆုတောင်းထားကြသလို ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်ခွင့်ရရှိရေးကိုလည်း လူမှုကွန်ရက်ကနေတဆင့် ဆုတောင်းထားပါတယ်။  Sources- The Irrawaddy

ဘုတလင်မှာ စစ်သားတွေပစ်ခတ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အမျိုးသမီး ၂ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စက်တင်ဘာ ၄ ရက်က စစ်သားတွေကပစ်ခတ်လို့ မိခင်နာရေးပြုလုပ်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အမျိုးသမီး ၂ ယောက် သေဆုံးသွားပြီး ၁ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကနေ သိရပါတယ်။

သေဆုံးသွားကြသူတွေဟာ အသက် ၄၁ နှစ်အရွယ် မကြူမ နဲ့ အသက် ၃၀ ကျော်အရွယ် မအေးသီ တို့ဖြစ်ကြပြီး သူတို့မိသားစု​ဝင်တွေထဲက ကျည်ထိမှန်ပြီး လက်တဖက်ပြတ်သွားသူ အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။

 စစ်ကောင်စီတပ်သားတွေကတပ်စွဲထားးတဲ့ ​သပြေပင်ကျေးရွာအပြင် နှောရင်းကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေကိုဝင်ရောက်ပြီး ​ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေအပြင် ပြည်သူတွေကို စိတ်မထင်ရင်မထင်သလို ပစ်ခတ်သတ်ဖြတ်နေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။ Sources- DVB

ရခိုင်ပြည်နယ် အမ်းမှာ သမီးအရင်းဖြစ်သူကို ခြောက်နှစ်ကြာ အဓမ္မပြုကျင့်သည့်ဖခင်ဖြစ်သူအား အာရက္ခတပ်တော်(AA)ကဖမ်းဆီး

ရခိုင်ပြည်၊ အမ်းမြို့နယ်မှာ သမီးအရင်းဖြစ်သူကို ခြောက်နှစ်ကြာ အဓမ္မပြုကျင့်တဲ့ဖခင်ဖြစ်သူအား အာရက္ခတပ်တော်(AA)၏ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန(ဒီလပ် – DLEPS)က ဖမ်းဆီးလိုက်တယ်လို့  သိရပါတယ်။

ကျူးလွန်ခံရသူမှာ အမ်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှ ဦးညီလှ(၃၈)နှစ်၏ သမီးအကြီးဆုံးဖြစ်ပြီးစပြီးကျူးလွန်ခံရစဉ်က အသက်(၁၂)နှစ်အရွယ်သာရှိသေးသလို သူမ ၁၈ နှစ်အရွယ်ရောက်သည်အထိ ခြောက်နှစ်တိုင်တိုင် ဖခင်ဖြစ်သူ ဦးညီလှက အဓမ္မပြုကျင့်ခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကျူးလွန်ခံရတဲ့သမီးဖြစ်သူမှာ ကိုယ်ဝန်နှစ်လ လွယ်ထားရပြီးနောက် ဦးညီလှ၏မိခင်ဖြစ်သူက ဒီလပ်အဖွဲ့ထံ ပြီးခဲ့တဲ့စက်တင်ဘာလ ၆ ရက်က တိုင်ကြားမှုပြုလုပ်လာတာကြောင့် ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိပါတယ်။   Sources- နိရဉ္စရာ

  သက်ငယ်မုဒိမ်းမှုကျူးလွန်‌‌သူကို သေဒဏ်ပေးဖို့ဝက်လက်မှာ​ဒေသခံ​တွေဆန္ဒပြ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်မျိုးကိုဆိုသူက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ရွာသာကြီး​ကျေးရွာစာသင်ကျောင်း၊အနောက်တောင်ဘက်ရှိ ကန်ဘောင်မှာ အသက်၁၁နှစ် အရွယ်မိန်းက လေးကို ဗိုလ်လင်းမြွေတပ်ဖွဲ့ဝင် အသက်၂၈နှစ်အရွယ်မျိုးကိုက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီးယင်းဖြစ်စဉ်ကို မကျေနပ်လို့ဒေသခံတွေကနှစ်ရက်ဆက်တိုက်ဆန္ဒပြခဲ့ကြပါတယ် ။

ဒေသခံတွေဆန္ဒပြတဲ့ရုပ်သံမှတ်တမ်းအတွင်းမှာ ကျူးလွန်သူတပ်ဖွဲ့ဝင်က  ဗိုလ်လင်းမြွေ တပ်ဖွဲ့ကထုတ်ပယ်ထားတဲ့ အဖွဲ့ဝင် ဖြစ်တယ်လို့ ပြောထားတာတွေ့ရပေမယ့်ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ PDFတပ်ရင်း တွေကတော့ မျိုးကိုဟာ လက်ရှိတာဝန်ထမ်းဆောင် နေဆဲဖြစ်တယ်လို့ဆိုကြပါတယ်။

လက်ရှိမှာကျူးလွန်သူ မျိုးကို ဆိုသူကို ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံ​ရေးတပ်ဖွဲ့ (ပလဖ)က ဖမ်းဆီးထားကြောင်းသိရတယ်လို့​ဒေသခံတဦးက​ပြောထားပါတယ်။ Sources- people’s springs

ကလေးတွေကို နှိပ်စက်ပြီး တောင်းရမ်းခိုင်းစေနေသူ အမျိုးသမီး နှစ်ဦးအပါအဝင် လူသုံးဦးကိုဖမ်းဆီး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကလေးတွေကို နှိပ်စက်ပြီး တောင်းရမ်းခိုင်းစေနေသူ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကို စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စုက ဖမ်းဆီးလိုက်တယ်လို့ ကူညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။

အသက် ၉ နှစ်အရွယ် ကလေး တစ်ယောက်၊ ၁၂ နှစ် တစ်ယောက်နဲ့ ၅ နှစ်အရွယ် လေးယောက်၊ စုစုပေါင်း မိန်းကလေး ခြောက်ယောက်ကို သိပ္ပံလမ်းနဲ့ ၆၂ လမ်းထောင့် ကားလမ်းပေါ်မှာ တောင်းရမ်းခိုင်းနေတာဖြစ်ပြီး  ၊မျက်လုံးနဲ့ မျက်နှာမှာ ဖူးယောင်ဒဏ်ရာတွေ၊ လက်ချောင်းနဲ့ ဒူးမှာ ညိုမဲ ပေါက်ပြဲ ဒဏ်ရာတွေ၊ ခြေသည်းလက်သည်း အခွာခံထားရတဲ့ ဒဏ်ရာတွေနဲ့ အသက် ၉ နှစ်အရွယ် ကလေးကို ပြည်သူတွေ သတိထားမိခဲ့ကြပါတယ်။

 ဒါ့ကြောင့် ကူညီပေးကြဖို့ လူမှုကွန်ရက်မှာ ပြောဆိုကြပြီးနောက် အလင်းစေတမန် ပရဟိတအဖွဲ့က ကလေးငယ်နဲ့ မိခင်ကို သွားရောက်ခေါ်ယူခဲ့တာပါ။ ကလေးမိခင်က ငွေ၆သိန်းချေးယူပြီး အတိုးဆင့်ကာ သိန်း၄၀ ဆပ်ရမှာဖြစ်တာကြောင့် အကြွေးရှင်က မိခင်ရော ကလေး ၆ ယောက်ကိုပါ အိမ်ငှားပေးပြီး ကလေးတွေကို ခိုင်းစားတာဖြစ်တယ်လို့ဆိုတယ်။

  ကလေးငယ်တွေကို တောင်းရမ်းထားတဲ့ ငွေကြေး ကျပ် ၁ သိန်းခွဲဝန်းကျင်နဲ့ လူသုံးယောက်ကို ဖမ်းဆီးရမိပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု (မန္တလေး)က တရားလိုလုပ်ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၂ (ခ)၊ ၁၀၃ (က) (၅) ၊ ၁၀၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။  Sources-  BBC

စစ်ကောင်စီပစ်ခတ်မှုကြောင့် ပဲခူးနဲ့ စစ်ကိုင်းတိုင်းတို့မှာ တနေ့တည်း အမျိုးသမီး၄ဦးသေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ထဲမှာ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ယောက် သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တပ်လက်အောက်ခံတွေရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သစ်ရောင်းပြင်ကျေးရွာနေ အသက် ၆၀ ဝန်းကျင် ဒေါ်ခင်လှိုင် နဲ့ အသက် ၅၀ ဝန်းကျင် ဒေါ်စန်းဌေး တို့ သေဆုံးခဲ့ကြသလို အသက် ၄၅ နှစ်အရွယ် မညိုမီလှိုင် နဲ့ အသက် ၉ နှစ်အရွယ် မယွန်းဝတီ တို့လည်း ဒဏ်ရာတွေရရှိခဲ့ကြပြီး လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို စက်တင်ဘာ ၉ ရက် ည ၁၀ နာရီခွဲမှာ စစ်တပ်က ဘန့်ဘွေးပျူရွာကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ သက်ကြီး အမျိုးသမီး ၂ ဦး ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ Sources- DVB