STUM ဦးဆောင်သူနှင့် အဖွဲ့ဝင်များကို ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် အမှုဖွင့်
စည်းလုံးညီညွတ်သော အလုပ်သမားသမဂ္ဂ (STUM)၏ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို ခြေချုပ်နှင့် ခံဝန်အက်ဥပဒေဖြင့် စစ်ကောင်စီက အမှုဖွင့်လိုက်ကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများထံမှ သိရသည်။
ဒေါ်မျိုးမျိုးအေး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၄ ဦးတို့ ပါအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်များက ဆက်တိုက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အသက် ၅၆ နှစ်အရွယ် ဒေါ်မျိုးမျိုးအေးအား ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ ဦးခေါင်းကို သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်ခဲ့ကြောင်း STUM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နေအိမ်မှ လက်ကိုင်ဖုန်း၊ ပစ္စည်းများနှင့် အိမ်ထောင်စုစာရင်း အပါအဝင် အရေးကြီးစာရွက်စာတမ်းများကိုလည်း သိမ်းဆည်းသွားခဲ့သည်။
ဇူလိုင်၂၅ရက်က STUM ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်နေ့များတွင် ဒေါ်မျိုးမျိုးအေး၏ သမီးဖြစ်သူ မခြူးသွယ်နှင့် အခြား STUM ဝန်ထမ်းများကို ဆက်တိုက်ဖမ်းဆီးခဲ့ကာ STUM နှင့် ပတ်သက်သည့် ရုံးသုံးခုလုံးကိုလည်း ချိတ်ပိတ်ခဲ့ကြောင်းသိရသည်။
“ဒီအဖွဲ့အစည်း (STUM) ရှိနေတာက စက်ရုံပိုင်ရှင်တွေ၊ အထူးသဖြင့် တရုတ်လုပ်ငန်းရှင်တွေအတွက် ဖိနပ်ထဲ ခဲဝင်နေ သလိုပဲ။ သူတို့ရှိနေရင် အချိန်ပိုကို ခေါ်ချင်တိုင်းခေါ်လို့မရဘူး။ အလုပ်သမားတွေက သူတို့ဆီ တိုင်နေလို့။ အခုက စစ်ကောင်စီကို ငွေလမ်းခင်းပြီး ရှင်းထုတ်လိုက်တဲ့သဘောပဲ” ဟု အလုပ်သမားအရေးလှုပ်ရှားသူ ကိုခင်ဇော်က သုံးသပ်ပြောဆိုသည်။
ဖမ်းဆီးခံရပြီးနောက် ၎င်းတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသည့်အတွက် မိသားစုဝင်များက စိုးရိမ်ခဲ့ကြပြီး ဒေါ်မျိုးမျိုးအေး၏ ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများ ပို့ဆောင်ခွင့်မရခဲ့ပေ။
သြဂုတ်လ ၇ ရက်နေ့တွင် ဒေါ်မျိုးမျိုးအေး အပါအဝင် ဖမ်းဆီးခံထားရသူများကို အင်းစိန်၊ ရွှေပြည်သာနှင့် မြောက်ဉက္ကလာပမြို့နယ် တရားရုံးများတွင် ခြေချုပ်နှင့် ခံဝန်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြားစီ အမှုစွဲဆိုကာ ချုပ်ရက်ရီမာန်များ ရယူခဲ့ကြောင်း သိရသည်။
“သူ မရှိတာက ကျွန်မတို့အလုပ်သမားတွေအတွက် ဆုံးရှုံးမှုကြီးပါတယ်။ အခုတောင် လုပ်ငန်းရှင်တွေက ပြဿနာတစ်ခုခု ဖြစ်တာနဲ့ စစ်တပ်ခေါ်ပြီး ဖြေရှင်းနေတော့ တရားမျှတမှုက မရှိနေတာ” ဟု ဖိနပ်စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မခင်မျိုးက ဆိုသည်။
ဒေါ်မျိုးမျိုးအေးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင် ၆ လကျော် ထိန်းသိမ်းခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ယခုဖမ်းဆီးခံရခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းများက ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင်များအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်၊ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို အာမခံရန်နှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် စစ်ကောင်စီအား တိုက်တွန်းတောင်းဆိုထားသည်။
ခြေချုပ်နှင့် ခံဝန်ဥပဒေအရ ပြစ်မှုထင်ရှားပါက တရားသူကြီးက တစ်နှစ်ထက်မပိုသော ကာလအတွက် ကောင်းမွန်စွာနေထိုင် မည်ဟူသော ခံဝန်ဖြင့် ပြန်လွှတ်ပေးနိုင်သော်လည်း ခံဝန်ကို ချိုးဖောက်ပါက ပထမအကြိမ်အတွက် ထောင်ဒဏ် ၁ နှစ်၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေချမှတ်နိုင်ကြောင်း သိရသည်။






