မြောက်ဦးမှာ ဗုံးကြဲလို့ ၇ နှစ်အရွယ် ကလေးတဦးအပါဝင် အမျိုးသမီး ၄ ဦးသေဆုံး
သန့်ရှင်းထွန်း
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီလေတပ်က သြဂုတ် ၂၅ ရက်၊ ည ၁၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၇ နှစ်အရွယ် ကလေးတဦးအပါဝင် အမျိုးသမီး လေးဦးသေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၈ ဦးလည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
“စစ်ကောင်စီက တနိုင်ငံလုံးကိုပတ်ပြီး လေယာဥ်နဲ့ တိုက်ခိုက်နေတာပါ။ သူတို့တိုက်ခိုက်တာက အရပ် သားတွေ သေဆုံးတယ်။ အဲဒီထဲမှာမှ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပိုများနေတယ်။ ဒါကို တားမြစ် ဖို့ ဘယ်သူ၊ ဘယ်နိုင်ငံကမှ မလုပ်ပေးနိုင်တော့ဘူးလား”လို့ သေဆုံးခဲ့သူတစ်ဦးရဲ့ မိခင်က ပြောပါတယ်။
အမျိုးသမီးတွေ၊ ကလေးတွေပါဝင်တဲ့ အရပ်သားအာရက္ခပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် စစ်ကောင်စီကျူးလွန်နေတာပါ။
စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်တွေကို ပြင်း ထန်စွာရှုတ်ချပြီး ဒီလုပ်ရပ်တွေကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းဆီကို ပေးပို့သွားမယ့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။











