မုဒိမ်းမှုတွေကို အမြန်စီရင်ပေးဖို့ AA စစ်ဦးစီးချုပ် ဇနီး ထပ်မံတောင်းဆို
သန့်ရှင်းထွန်း
ရခိုင်မှာ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ မုဒိမ်းမှုတွေနှင့် ပတ်သက်လို့ အမြန်ဆုံးစီရင်ပေးဖို့ AA စစ်ဦးစီးချုပ်ရဲ့ ဇနီးက သူ့ရဲ့ လူမှုကွန်ယက်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ကနေ ဒုတိယအကြိမ်ထပ်မံ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ဇူလိုင် ၂၈ ရက်က ရခိုင်ပြည် ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာမှာ အသက် ၆၉ နှစ်အရွယ် သင်္ကန်းဝတ် အမျိုးသားတစ်ဦးက အသက် ၉ နှစ်အရွယ် ၄တန်းကျောင်းသူတစ်ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး AA စစ်ဦးစီးချုပ်ရဲ့ ဇနီးက အခုလို ထပ်မံတောင်းဆိုလိုက်တာဖြစ်ပါတယ်။
“ဒီလိုအမှုကိစ္စတွေကို ရုံးချိန်းရက်ပေးရင်း နစ်နာသူဟာ ထပ်ပြီး နစ်နာရတယ်။ ခဏနေ ဒီလပ်(ULA ရဲဌာန)က၊ တရားရုံးက ဘော်လီဘောပုတ် ကြားနာရင်း ကလေးသာမွေးသွားတယ်။ တရားခံကို အရေးမယူနိုင်သေး။”လို့ ရခိုင်ဘာသာစကားနဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။
တရားစီရင်ရေးမှာ လိုအပ်ချက်ရှိတာ၊ ဥပဒေတွေ ခေတ်မမှီတော့တာကို နားလည်လို့ရပေမယ့် ဘယ်လိုအမှုက ဘယ်လိုချက်ချင်း အရေးယူလို့ရလဲ၊ လုပ်လို့ရလဲဆိုတာကို ဥပဒေကို နားမလည်တဲ့သူတွေတောင် နားလည်နိုင် တယ်လို့ ရေးသားထားပါတယ်။
တရားလို၊ တရားခံတွေ ရုံးချိန်းတွေ၊ ရက်ချိန်းတွေ အရေးတကြီးလုပ်ပြီး အခုလိုနစ်နာတဲ့ ကလေးရဲ့ စိတ်ဒဏ်ရာနှင့် အကြောက်တရား၊ အရှက်တရားတွေကို မစဉ်းစားမိကြဘူးလားလို့လည်း မေးခွန်းထုတ်ထားပါတယ်။
AA စစ်ဦးစီးချုပ်ရဲ့ ဇနီးဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကလည်း အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှုနှင့် နစ်နာမှုတွေကို အရေးတယူလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့ ပထမအကြိမ်တောင်းဆိုထားဖူးပါတယ်။











