တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၂၄ ရက်ကနေ ၃၀ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

ဘယ်နိုင်ငံမှာဖြစ်ဖြစ် လက်နက်ကိုင်ပဋိပက္ခဖြစ်ပြီးဆိုရင် အရင်ဆုံးထိခိုက်နစ်နာကြတာက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။

အခုအပတ်အမျိုးသမီးဖြစ်ရပ်တွေထဲမှာ HI ဆွေးနွေးလိုတဲ့သတင်းတပုဒ်ကတော့ မြန်မာနောင်းသတင်းဌာက ဖော်ပြခဲ့တဲ့ “ရခိုင်ဒေသ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစတွေ ပုံမှန်ကာကွယ်ဆေး မထိုးနိုင်” ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ သတင်းထဲမှာ

 “အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ မြို့၊ရွာတွေမှာ ဆေးဝါးအခက်အခဲကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစကလေးတွေ အခြေခံကာကွယ်ဆေး မထိုးနိုင်သေးတဲ့ ကျန်းမာရေးအန္တရာယ် ကြီးမားလျက်ရှိကြောင်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစလို့ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံတို့ ဝန်ဆောင်မှုမရရှိတော့ကြောင်း အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ သူနာပြုတစ်ဦးကို ကိုးကားဖော်ပြထားတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးတွေမထိုးရတဲ့အတွက်  ရောဂါကြောင့် သေဆုံးမှု၊ သန္ဓေဖျက်ခံရမှု၊ သန္ဓေကလေးဖွံ့ဖြိုးမှုအခက်အခဲ ဖြစ်နိုင်သလို မွေးဖွာလာတဲ့ ကလေးတွေကိုလည်း လိုအပ်တဲ့ ကာကွယ်ဆေးမထိုးနိုင်ပါက ကူးစက်ရောဂါတွေအပါအဝင် မကျန်းမာတဲ့ကလေးတွေဖြစ်လာစေမှာဖြစ်ပါတယ်။ စစ်အတွင်း မကျန်းမာတဲ့ကလေးတွေကို စောင့်ရှောက်ရေး ဟာ မိဘတိုင်းအတွက် ခြိမ်းခြောက်မှုတခုလည်းဖြစ်နေတာတွေ့ရပါတယ်။

 ကာကွယ်ဆေးဆိုတာက မိခင်နဲ့ကလေးတွေအတွက် ရောဂါမဖြစ်မီ ကာကွယ်ပေးနိုင်တဲ့ အံ့သြဖွယ်အာနိသင်ကြီးမားတခုပါ အခုလို ပဋိပက္ခအခြေအနေ၊ တိုက်ပွဲများ၊ လုံခြုံရေးမရှိမှုတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေးများ ကာကွယ်ဆေးထိုးခွင့် အပါအဝင် အသက်ရှင်သန့်ခွင့် နဲ့ဆိုင် တဲ့အခြေခံလူအခွင့် လေးစားလိုက်နာဖို့ လိုအပ်နေတာကို အသိပေးတဲ့သတင်းလို့ တပုဒ်ဖြစ်လို့ဆွေးနွေရခြင်းဖြစ်ပါတယ်။

ရခိုင်ဒေသ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစတွေ ပုံမှန်ကာကွယ်ဆေး မထိုးနိုင်

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ မြို့၊ရွာတွေမှာ ဆေးဝါးအခက်အခဲကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစကလေးတွေ အခြေခံကာကွယ်ဆေး မထိုးနိုင်သေးတဲ့ ကျန်းမာရေးအန္တရာယ် ကြီးမားလျက်ရှိပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစလို့ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံတို့ ဝန်ဆောင်မှုမရရှိတော့ကြောင်း အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ သူနာပြုတစ်ဦးက ပြောပါတယ်။

“ကာကွယ်ဆေးမထိုးရတာ နှစ် နှစ်နီးပါးလောက်ရှိသွားပြီ။ ကလေးတွေအတွက် အရမ်းအန္တရာယ်ရှိတယ်”လို့ သူက ပြောပါ တယ်။

ကိုယ်ဝန်သည်တွေက ဆုံဆို့ကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး  စုစုပေါင်း လေးကြိမ် ထိုးရမည်ဖြစ်ပေမယ့် လက်ရှိမှာ မေးခိုင်ကာကွယ်ဆေး တစ်ခုကိုသာ AA ရဲ့အစီအမံနဲ့ ထိုးပေးနေရတာဖြစ်ပါတယ်။

ကုန်စည်စီးဆင်းမှုနဲ့ နိုင်ငံတကာအကူအညီဝင်ရောက်မှု ပိတ်ဆို့ခံနေရတဲ့ AA ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ဝန်သည်တွေ၊ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ အခြေအနေ မပေးသေးလို့ သူနာပြုဆရာမက ပြောပါတယ်။

“ကလေးတွေမှာလည်း အဲဒီဆေးတွေကို မထိုးလို့မရပါ။ တစ်ကြိမ်လောက်လည်း ချို့ယွင်းသွားလို့မဖြစ်ပါ။ ကလေးတွေမှာ ချို့ယွင်းချက်တွေ ဖြစ်သွားနိုင်ပါတယ်၊ ဥပမာ- အရိုးပျော့ရောဂါ ဆိုလည်း တစ်သက်တာပါသွားမယ်။ သူ့အတွက် ဆေးကု လို့မရတဲ့ရောဂါတွေလေ”

ဒီအခြေအနေကြောင့် ကလေးသူငယ်တွေ ကျန်းမာရေးအတွက် မိဘတွေက စိတ်ပူနေကြပါတယ်။ ကာကွယ်ဆေးတစ်ကြိမ် မှမရသော ကလေးတွေ၊ ကာကွယ်ဆေးအကြိမ် အပြည့်မရတဲ့ကလေးတွေ ဖျားနာတာနဲ့ နောက်ဆက်တွဲရောဂါတွေ ရနိုင် ခြေရှိတဲ့အပြင် အသက်သေဆုံးတဲ့အထိဖြစ်ပွားနိုင်ကြောင်း ၂၀၂၄ မှာ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေ အဖွဲ့(UNICEF)ရဲ့မြန်မာပြည်ရုံးခွဲက ထုတ်ပြန်ထားပါတယ်။

Source – Myanmar Now

ရွှေလက်ဒေါ်ခင်စန်းရီ အမှုဖွင့် တိုင်ကြားခံထားရ

ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာတိုင်းရင်းဆေးကောင်စီတို့က ရွှေလက်ဒေါ်ခင်စန်းရီကို လိုင်စင်မဲ့ဆေးကုသမှု၊ မှတ်ပုံမတင် ထားတဲ့ တိုင်းရင်းဆေးဝါးတွေကို ထုတ်လုပ်မှုတွေနဲ့ အရေးယူတာ ဆက်လုပ်နေပြီလို့ သက်ဆိုင်ရာဌာ‌နတွေဆီက သိရပါ တယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနကတေ့ာ ဒေါ်ခင်စန်းရီကို မန္တ‌လေးတိုင်း၊ အမရပူရမြို့နယ် ရဲစခန်းမှာ တိုင်းရင်းဆေးဝါးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ အတည်ပြုပါတယ်။

ဒေါ်ခင်စန်းရီ ထုတ်လုပ်နေတဲ့ ဆေးမေတ္တာနာမည်နဲ့ ဆေးပေါင်း ၂၆ မျိုးကို အများပြည်သူ သုံးစွဲဖို့ မသင့်တဲ့ဆေးတွေအဖြစ် စစ်ကော်မရှင်ရဲ့ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၀ ရက်မှာ ကြေညာခဲ့အပြီးမှာ အခုလိုအမှုဖွင့်တာ ထွက်ပေါ်လာတာ ပါ။

ဒီလိုမှတ်ပုံမတင်ထားတဲ့တိုင်းရင်းဆေး၊ စံမညီတိုင်းရင်းဆေး၊ ဆေးဝါးအတုနဲ့ သုံးစွဲရန်မသင့်ဘူးလို့ ကြေညာထားတဲ့ဆေး တွေကို ရောင်းချရင် တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂)အရ အရေးယူမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

တိုင်းရင်းဆေးကောင်စီကတော့ ဒေါ်ခင်စန်းရီဟာ တိုင်းရင်းဆေးဆရာမှတ်ပုံတင်မရှိဘဲ ဆေးကုသတာကြောင့် ကောင်စီ ဥပဒေအရ တရားမမှုအဖြစ် တရားရုံးမှာ ဦးတိုက်လျှောက်ထားထားတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒေါ်ခင်စန်းရီဟာ မကျန်းမာတဲ့ပြည်သူလူထုက ချစ်ခင်အားကိုးကြတဲ့ တိုင်းရင်းဆေးသမားတော်တစ်ဦးအဖြစ် လူမှုကွန်ရက် မှာ သူ့ရဲ့ပုံရိပ်ကို တည်ဆောက်ထားသူ ဖြစ်ပါတယ်။

Source – BBC

NLD ပါတီဝင် အမျိုးသမီး ၅ ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ အိုးဘိုထောင်ပို့

စစ်ကိုင်းငလျင်ကြီးမလှုပ်ခတ်မီ နံနက်က စစ်ကိုင်း-မုံရွာလမ်းမပေါ်မှာ ပျောက်ဆုံးသွားတဲ့ NLD ပါတီဝင် အမျိုးသမီး ငါးဦး မှာ စစ်တပ်က ဖမ်းဆီးသွားပြီး ငါးလအကြာမှာ အိုးဘိုထောင်သို့ ရောက်လာပါတယ်။

မန္တလေးမြို့မှ မုံရွာမြို့သို့ ကိုယ်ပိုင်ကားတစ်စီးနဲ့ ခရီးသွားတဲ့ သက်လတ်ပိုင်းအရွယ် NLD ပါတီဝင် အမျိုးသမီး ငါးဦးဟာ ညောင်ပင်ဝန်းနဲ့ နုံးကျေးရွာအကြား စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်မှာ မိတ်ဆွေတွေနဲ့ ဆက်အသွယ်ပြတ်တောက်ကာ ရုတ်တရက်ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

ဒေါ်ဥမ္မာဝင်း(ခ)ဥုံဥုံအား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာ ပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၀(က)၊ ၅၂(က)၊ မရီရီဝင်းနှင့်မခင်ဖြူဖြူအောင်တို့အား ၅၀(ည)၊ ၅၂(က)နဲ့ မအိသူအေး(ခ)မယုန်လေးနဲ့ မဖွေးသန့်ဖြူတို့ကို ၅၂(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source – Myanmar Now

တညောင်စစ်တပ်ဂိတ်မှာ အမျိုးသမီး  နှစ်ဦး ဖုန်းစစ်ဆေးခံရပြီးနောက် ရိုက်နှက်ဖမ်းဆီးခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်လမ်းပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီး ၂ ဦးကို စစ်ကော်မရှင်တပ်တွေက ရိုက် နှက်ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်း အဖွဲ့ဆီကသိရပါတယ်။

အသက် ၃၀ ဝန်းကျင်အဆိုပါအမျိုးသမီး ၂ ဦးကို သြဂုတ် ၂၅ ရက်မနက် ၉ နာရီဝန်းကျင်မှာ တညောင်စစ်ဆေးရေးဂိတ်ရှိ စစ်ကော်မရှင်တပ်တွေက စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီး ယနေ့ထိ ပြန်မလွတ်သေးဘူးလို့လည်း ဆိုပါတယ်။

“ဆံပင်မွှေးတွေ ဆောင့်ဆွဲပြီး ပါးတွေနားတွေရိုက်တယ်၊ ခြေထောက်နဲ့ကန်တယ်၊ အမျိုးသမီး ၂ ဦးက ၂၀ ကျော် ၃၀ ပတ် ဝန်းကျင်ပဲရှိတယ်၊ ရွာကတော့ ဘယ်ရွာကလို့တော့မသိရဘူး၊ လက်ရှိတော့ အမျိုးသမီး ၂ ဦးကို ပြန်လွှတ်တာတော့မရှိ သေးဘူး၊ တညောင်စခန်းမှာပဲ ချုပ်နှောင်ထားတယ်”လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့ တာဝန်ခံ ကိုပြည်သူက ပြောပါ တယ်။

ဖမ်းမိချိန်မှာလည်း အဆိုပါအမျိုးသမီးတွေကို ရိုက်နှက်တာအပြင် လိင်ပိုင်းဆိုင်ရာ ကိုင်တွယ်ကျူးလွန်တာတွေလည်း လုပ်ကာ ဒီအခြေအနေတွေကို တပ်တွင်းသတင်းပေးတွေကတဆင့်ပြန်သိရတယ်လို့ သူက ဆက်ပြောပါတယ်။

တညောင်စခန်းမှာ ရဲနဲ့ စစ်တပ်အင်အား ၃၀ ဝန်းကျင်ရှိပြီး ဖမ်းဆီးခံရသူတွေကိုလည်း နှိပ်စက်ညှင်းပမ်းလေ့ ရှိတယ်လို့ သိရပြီး ဒီအမျိုးသမီး ၂ ဦးရဲ့ဖုန်းတွေကို စစ်ကော်မရှင်တပ်တွေက စစ်ဆေးပြီးနောက်မှာ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

Source – မြေလတ်အသံ

ထိုင်းဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ အမျိုးသမီး ၃၈ ဦးအပါအဝင် မြန်မာ ၁၀၀ ဦးဖမ်းခံရ

တောလမ်းကနေ ၄ ရက်ခရီးဖြတ်သန်းပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀၀ ဦးဟာ ထိုင်း အာဏာပိုင်တွေရဲ့ဖမ်းဆီးမှု ခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေမှာ ‌ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားက ၆၂ ဦးဖြစ်ပြီး အမျိုးသမီး ၃၈ ဦး ပါဝင်ပါတယ်။ဒီလူတွေဟာ မြန်မာကနေ ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီခရိုင်ထဲရောက်အောင် ကားတတန်၊ လှေတတန်နဲ့ ခရီးကြမ်းဖြတ်လာ ခဲ့ပေမဲ့ သြဂုတ် ၂၅ ရက်၊ မွန်းလွဲ ၁ နာရီအချိန်မှာ ဖမ်းဆီးခံလိုက်ကြရတာဖြစ်ပါတယ်။

လူကုန်ကူးမှုအပါအဝင် တရားမဝင်လုပ်ရပ်တွေကို တားဆီးဖို့ ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်က ခေါက်လန်အမျိုးသား ဥယျာဉ်ထဲ ကင်းလှည့်နေချိန် ခြေရာအများအပြားတွေရတာကြောင့် တောထဲကို ခြေရာခံရင်း မြန်မာရွှေ့ပြောင်းတွေကို ရှာဖွေ ဖမ်းဆီးခဲ့တာပါ။

ရဲစစ်ချက်အရ ဖမ်းဆီးခံရသူတွေဟာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်မှာ စုရပ်လုပ်ပြီး အဲဒီမှတဆင့် ထိုင်းဘက်ကို တောလမ်းကတဆင့် ဝင်ရောက်လာခဲ့သူတွေဖြစ်ပါတယ်။ ဆန်ခလဘူရီရဲစခန်းက မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူပြီးရင် ပြည်နှင်ဒဏ်ပေးမှာဖြစ်တယ်လို့ ထိုင်းသတင်းက ဖော်ပြပါတယ်။

Source – BBC

မောင်တောမှာ ဟိန္ဒူဘာသာဝင် ၁၀၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ (၈)နှစ်ပြည့် အခမ်းအနားပြုလုပ်

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဟိန္ဒူဘာသာဝင် ၁၀၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ (၈) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့ရာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေတက်ရောက်ပြီး လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ နှင့် (၂၅) ရက်နေ့တွေမှာ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်‌ကျေးရွာ အုပ်စု တောင်ရွာနဲ့ ရဲဘော်ကျဟိန္ဒူကျေးရွာက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ဟိန္ဒူလူမျိုး ၁၁၃ ယောက် ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာပါ။

သတ်ဖြတ်ခံရမှုအတွင်း ကလေး ၂၃ ယောက်ပါဝင်ပြီး အဲဒီအထဲမှာ ရှစ်နှစ်အောက်ကလေး ၁၄ ယောက်ပါဝင်တယ်လို့ ဟိန္ဒူ ကူညီထောက်ပံ့ရေးအဖွဲ့ ခေါင်းဆောင် (ရန်ကုန်) ဦးရာဂူးနေမြင့်က အဲဒီအချိန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်လက်နက်ကိုင်(Arakan Rohingya Salvation Army) (ARSA)အဖွဲ့ရဲ့အစုလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်တာကိုခံခဲ့ရတဲ့ မောင်တောမြို့နယ်က ဟိန္ဒူဘာသာဝင် ၁၁၃ ယောက်အတွက် (၈)နှစ်ပြည့် အောက်မေ့ဝမ်းနည်း ဖွယ်အခမ်းအနားကို ဩဂုတ် ၂၅ ရက်က မောင်တောမြို့နယ်အတွင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခမ်းအနားသို့ သတ်ဖြတ်ခံလိုက်ရသူတွေရဲ့ မိသားစုဝင်တွေအပါအဝင် ဟိန္ဒူရေးရာကော်မတီဝင်တွေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ULA/AA တာဝန်ရှိသူတွေ၊ စုစုပေါင်း လူဦးရေ ၃၀၀ လောက် တက်ရောက်ခဲ့တယ်လို့ APM သတင်းမှာဖော်ပြထားပါတယ်။

Source – နိရဉ္စရာ

ပလက်ဝမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၄ဝ ကျော်ကို AA လွှတ်ပေး

ပလက်ဝမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းအပါအဝင် မိသားစုဝင် ၄၄ ယောက်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အိမ်ထောင်စု ၁၅ စုက စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၄၄ ယောက်ကို ဩဂုတ် ၂၅ ရက်နေ့၊ နေ့လယ်က အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရက အခမ်းအနားပြုလုပ်ပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

“မနေ့က မိသားစုဝင်ရော၊ စစ်သုံ့ပန်းရော၊ ရဲရောအပါအဝင် ၄၄ ယောက်ကို အခမ်းအနားပြုလုပ်ပေးပြီး သေချာလွှတ်ပေး လိုက်တယ်လို့ သိရတယ်။ နောက်ထပ် ကျန်နေသေးတဲ့ ပလက်ဝခရိုင်အတွင်းရော၊ ရခိုင်မှာရှိနေသေးတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေလည်း တဖြည်းဖြည်းချင်း အချိန်အခါနဲ့လွတ်လာကြမှာပါ”လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

Source – နိရဉ္စရာ

ပခုက္ကူမှာ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး နေအိမ်ထဲဝင်နေတဲ့ အဆိပ်ပြင်းမြွေကိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ နေအိမ်တွင်းဝင်ရောက်နေတဲ့ အဆိပ်ပြင်းမြွေကိုက်ခံရတာကြောင့် သက်ကြီးအမျိုးသမီး ၁ ဦး ဆေးရုံပို့ဆောင်ကုသနေရတယ်လို့ မြိုခံတွေထံက သိရပါတယ်။

ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက်၊ ၉ လမ်းမှာနေထိုင်တဲ့ အသက် ၆၀ အရွယ်အမျိုးသမီးဟာ ဩဂုတ် ၂၆ ရက် နေ့လယ် ၁ နာရီခန့်မှာ နေအိမ်အတွင်းမှာရှိနေချိန် အိမ်အတွင်းရောက်ရှိနေတဲ့အဆိပ်ပြင်းမြွေက ဝဲဘက်ခြေထောက်ကိုကိုက်ခဲ့တာဖြစ် ပါတယ်။

ပခုက္ကူမြို့ပေါ် ရပ်ကွက်နေအိမ်တွေမှာ မကြာခဏဆိုသလို မြွေပွေး၊ မြွေဟောက်တွေ တွေ့ရပြီး ၁ လမှာ အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ်အထိ သွားရောက်ဖမ်းယူပေးနေရတယ်လို့ ပခုက္ကူမြို့လူမှုကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူ တချို့ထံက သိရပါတယ်။

Source – မြေလတ်အသံ

မဲဆောက်ဈေးမှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မြန်မာအမျိုးသမီး ၆ ဦး ဖမ်းဆီးအရေးယူခံရ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မဈေးကြီးထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းဈေးသည်တွေ အချင်းချင်းခိုက်ရန်ဖြစ်ပွား ခဲ့လို့ မြန်မာအမျိုးသမီး  ၆ ယောက် ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။

ဩဂုတ် ၂၃ ရက်နေ့က မဲဆောက်ဈေးမှာ ငရုတ်သီးပြန်ရောင်းဖို့ အကြွေးနဲ့ယူသွားတာ ပြန်မဆပ်လို့ အကြွေးတောင်းရင်း စကားများကြရာက တုတ်တွေ၊ ဓားတွေ ပါလာကာ ရိုက်နှက်ကြတယ်၊ သူ့ဘက် ကိုယ့်ဘက်က လူတွေပါ ပါလာပြီး  နှစ်ဖက်လုံး  ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ငရုတ်သီးရောင်းတဲ့ ဈေးသည်တွေ ဩဂုတ် ၂၃ ရက်က စကားများပြီး ရန်ဖြစ်ကြချိန်  ထိုင်းစစ်တပ်က တွေ့ရှိလို့ ခဏငြိမ် သွားခဲ့ပေမဲ့ ဩဂုတ် ၂၄ ရက် မနက်ပိုင်းမှာ ဒုတိယကြိမ် ရန်ထပ်ဖြစ်ကြလို့ အနီးအနားက ထိုင်းဈေးသည်တွေက စိုးရိမ် စိတ်နဲ့ ထိုင်းရဲကို တိုင်ကြားခဲ့ပြီးနောက်  ဖမ်းဆီးခဲ့ရတာပါ။

ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး  ခိုက်ရန်ဖြစ်ပွားခဲ့တဲ့  မခင်စန်းဦး  (၄၄ နှစ်)၊  ခင်ဆွေမိုး (၃၃ နှစ်)၊ မေတ္တာခိုင် (၃၅ နှစ်)၊ စန်းစန်းထွေး (၃၅ နှစ်)၊ ထိုက်ထိုက်အောင် (၃၁ နှစ်) ၊ မိုးမိုးကြည် (၃၅ နှစ်) စတဲ့  မြန်မာအမျိုးသမီး ၆ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး  မဲဆောက်မြို့နယ်ရဲစခန်းက ရဲမှူးကြီး ညွှန်ကြားချက်နဲ့ တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားရာ  မဲဆောက်ဈေးထဲ သွားရောက်စစ်ဆေးခဲ့ကြတယ်လို့  Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source – DVB

မြစ်ကြီးနားမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁၂) ရှိ ဦးပိန်တံတားအနီးမှာ ဒီကနေ့ ညနေ ၆ နာရီဝန်းကျင်အချိန် လက်နက်ကြီး ကျမှန်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့တဲ့အပြင် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အသက်သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက် ၁၃ နှစ်အရွယ် မယုသဉ္ဇာခိုင်ဆိုသူဖြစ်ပြီးတော့ ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ သူတွေက အသက် ၂၀ နှစ်အရွယ် မဇင်မင်းနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ငွေတို့ နှစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်တပ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၊ ကြက်ပေါင်ခြံ၊ ကြံ့ခိုင်ရေးပါတီရုံးချုပ် စတဲ့ နေရာတွေမှာ လက်နက်ကြီးအထိုင်ချပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ ရှိနိုင်တဲ့ နေရာတွေကို မှန်းဆပြီး မကြာခဏ ရမ်းသမ်းပစ်ခတ် နေတာလည်းဖြစ်ပါတယ်။

Source – Kachin News Group

မတ္တရာမှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ တစ်ဦးသေဆုံး အမျိုးသမီး နှစ်ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်း၊ စကားပင်ကျေးရွာ စစ်တပ်က ဩဂုတ်လ ၂၃ ရက်က အသေခံဒရုန်းနဲ့ တိုက်ခိုက် ရာ အရပ်သားတစ်ဦး သေဆုံးကာ သက်ကြီးရွယ်အိုတစ်ဦးအပါအဝင်  အမျိုးသမီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

စစ်ပွဲဇုန်မှ ၉ မိုင်ခန့်ဝေးတဲ့ကျေးရွာက စစ်ရှောင်တွေ ခိုလှုံနေထိုင်နေတဲ့ဘုန်းကြီးကျောင်းကို  နံနက် ၉ နာရီအချိန်မှာ တိုက်ခိုက်ရေးလေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး အရပ်သားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။

အသက် ၅၀ ခန့်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးသေဆုံးပြီး၊ အသက် ၇၀ ခန့်အရွယ် အဘွားအို တစ်ဦး၊ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်ဒဏ်ရာရကာ ဒဏ်ရာမပြင်းထန်သည့် ထိခိုက်သူများလည်းရှိခဲ့ပါတယ်။

Source – Myanmar Now

ဒိုက်ဦးထောင်တွင် အမျိုးသမီးနိုင်ကျဉ်း ၈ ဦးကို တိုက်ပိတ်   

စစ်ကော်မရှင်က အကျဉ်းသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးများကို ဆိုးရွားစွာ ဆက်လက်ချိုးဖောက် လျက်ရှိပြီး ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၈ ဦးအား ထောင်အာဏာပိုင်များက အကြောင်းမဲ့ တိုက်ပိတ်ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သြဂုတ်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

 ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်က နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေးရဲ့အနီးမှာ ဖုန်းဘတ္ထရီတစ်ခု တွေ့တယ်လို့ဆိုကာ ထောင်ဝန်ထမ်းတွေက တိုက်ပိတ်ဖို့ကြိုးပမ်းခဲ့ပါတယ်။  မနိုဗာနီနီထွေးက သူ့ဖုန်းဘတ္ထရီ မဟုတ်ကြောင်းနဲ့ စွပ်စွဲမှုမှာ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့ရာ ထောင်ဝန်ထမ်းများက အင်အားသုံးပြီး ဆံပင်ဆွဲခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်ကာ တိုက်ပိတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်ကို မတရားကြောင်း ဝိုင်းဝန်းတောင်းဆိုခဲ့တဲ့ အခြား နိုင်ငံရေးအကျဉ်းသူ (၇) ဦးကိုလည်း “ထောင် ဆူပူအောင်လုပ်သည်”လို့ အကြောင်းပြကာ ထပ်မံတိုက်ပိတ်ခဲ့ပါတယ်။

တိုက်ပိတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသူများကို အမျိုးသားအဆောင်များအနီးရှိ ယိုယွင်းနေတဲ့အဆောင်ဟောင်းတစ်ခုမှာ ထား ရှိပြီး အဆိုပါတိုက်ခန်းများမှာ မိုးယိုခြင်း၊ မိလ္လာရေများ စီးဝင်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အခြေအနေတွေနဲ့ ရင် ဆိုင်နေရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက“အမျိုးသမီးတွေကို အမျိုးသမီး ရပ်ဝန်းမှာမဟုတ်ဘဲ အမျိုးသားအဆောင်ဝန်းထဲမှာ တိုက်တစ်လုံးကို ရှင်းပြီး အဲ့ဒီတိုက်တွေထဲ အမျိုးသမီးအကျဉ်းသူ တွေကို တိုက်ပိတ်ထားတဲ့ဟာ လုံးဝမလုပ်သင့်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသူများအား ထားရှိတဲ့အချုပ်တိုက်ရဲ့ ကြမ်းပြင်က အေးစက်သော သံမံတလင်းအခင်းဖြစ်တာကြောင့် သိရှိ ရသလောက် အနည်းဆုံး နိုင်ငံရေးအကျဉ်းသူတစ်ဦးမှာ ခန္ဓာကိုယ်အောက်ပိုင်းသေသလို ပြင်းထန်တဲ့ဝေဒနာကို ခံစားေနေ ရတယ်လို့ ဆိုပါတယ်။

“တခုခုဆိုရင် စံပြအနေနဲ့ အကျဉ်းသူတွေကို အမျိုးသမီးတိုက်မှာမဟုတ်ဘဲ အမျိုးသားအဆောင်ဝန်းထဲမှာရှိတဲ့ တိုက်ထဲမှာ ထားတာကို တွေ့ရတယ်။ ဒါဖိနှိပ်မှုတစ်ရပ်ဖြစ်ပါတယ်။”လို့ ကိုသိုက်ထွန်းဦးက ဆက်လက်ရှင်းပြပါတယ်။

ရေချိုးသည့်အခါ အမျိုးသားအဆောင်များမှ မြင်နိုင်သည့်အတွက် လုံခြုံမှုမရှိကြောင်း PPNM က စုံစမ်းဖော်ထုတ်ထား သည်။ PPNM အနေဖြင့် ထိုမတရားဖိနှိပ်မှုများကို ချက်ချင်းရပ်တန့်ရန်၊ တိုက်ပိတ်ခံထားရသူများကို မူလအဆောင်သို့ ပြန်ပို့ပေးရန်နှင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သည့် ထောင်ဝန်ထမ်းများကို ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

Source – HI

မြောက်ဦးမှာ ဗုံးကြဲလို့  ၇ နှစ်အရွယ် ကလေးတဦးအပါဝင် အမျိုးသမီး ၄ ဦးသေဆုံး

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီလေတပ်က သြဂုတ် ၂၅ ရက်၊ ည ၁၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၇ နှစ်အရွယ် ကလေးတဦးအပါဝင် အမျိုးသမီး လေးဦးသေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၈ ဦးလည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“စစ်ကောင်စီက တနိုင်ငံလုံးကိုပတ်ပြီး လေယာဉ်နဲ့ တိုက်ခိုက်နေတာပါ။ သူတို့တိုက်ခိုက်တာက အရပ်သားတွေ သေဆုံး တယ်။ အဲဒီထဲမှာမှ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပိုများနေတယ်။ ဒါကို တားမြစ်ဖို့ ဘယ်သူ၊ ဘယ်နိုင်ငံကမှ မလုပ် ပေးနိုင်တော့ဘူးလား”လို့ သေဆုံးခဲ့သူတစ်ဦးရဲ့ မိခင်က ပြောပါတယ်။

အမျိုးသမီးတွေ၊ ကလေးတွေပါဝင်တဲ့ အရပ်သားအာရက္ခပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် စစ်ကောင်စီကျူးလွန်နေတာပါ။

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချပြီး ဒီလုပ်ရပ်တွေကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းဆီကို ပေးပို့သွားမယ့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက် တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။

Source – HI

ချောင်းဦးတိုက်ပွဲမှာ စစ်တပ်က အရပ်သားအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ အနောက်ဖျားမှာရှိတဲ့ ရွာမရပ်ကွက်အနီးမှာ ဩဂုတ် ၂၄ ရက် ညနေ ၃ နာရီကျော်က စစ်တပ် က တိုက်ပွဲအတွင်း ရပ်ကွက်လမ်းထဲမှ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ပစ်သတ်သွားတာဖြစ်ပါတယ်။

ချောင်းဦးမြို့ပေါ်နေ ပြည်သူတယောက်က “စစ်တပ်က မြို့ရဲ့အနောက်ဘက်ကို အထွက်ပြတာနေမယ်ဗျ။ အဲဒါကို ပြည်သူ့ကာကွယ်ရေးတပ်က အရင်ဆီးတွယ်လိုက်တာ။ အလောင်းကတော့ ၈ လောင်း ချောင်းဦးမြို့ထဲ ပြန်သယ်သွားတာ မြင်လိုက်ရတယ်။ အခုလို တိုက်ပွဲဖြစ်ပြီး ရပ်ကွက်လမ်းအတွင်းမှာ အသက် ၅၀ ကျော် အရပ်သား အမျိုးသားတဦး သေနတ် ပစ်သတ်ထားခဲ့သလို အသက် ၂၅ နှစ်အရွယ် အရပ်သူ အမျိုးသမီးလည်း ပစ်သတ်သွားတယ်။ နောက်ပြီး လူနေအိမ် ၄၀ ကျော်ကိုလည်း မီးရှို့သွားတယ်။ နောက်ပြီး တန်ကြေးရှိတဲ့ ဆိုင်ကယ် ၄ စီး၊ ကားတစီး ယူဆောင်သလို သူတို့စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးတဲ့ အမျိုးသမီးတွေရဲ့ နားကပ်၊ ဆွဲကြိုးနဲ့ ငွေ စတာတွေကိုပါ အကုန်လုယူတယ်။ မပေးလို့လည်း မရဘူးလေ။ သူတို့က မပေးတဲ့သူတိုင်းကို သေနတ်နဲ့ပစ်သတ်မှာလို့လည်း ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့သလို လက်နက်ငယ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Source – DVB

Author: