တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၃ ရက်ကနေ ၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

အခုအပတ်ရဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲမှာ လိင်အကြမ်းဖက်မှု၊လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အမျိုးသမီးများသေဆုံးမှု၊ရေကြီးမြေပြိုလို့ အမျိုးသမီးတွေထိခိုက်သေဆုံးတဲ့ သတင်းဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ HI အနေနဲ့ ဆွေးနွေးချင်တဲ့သတင်းနှစ်ပုဒ်ကတော့ “အေအေ ထိန်းချုပ်ထားတဲ့ ၁နှစ်ကျော်အတွင်း ပလက်ဝမှာ လိင်အကြမ်းဖက်ခံရမှု လေးကြိမ်ထက်မနည်းဖြစ်ပွား”ဆိုတဲ့ Chin World ကသတင်းနဲ့ Burma VJ သတင်းဌာနမှာဖော်ပြထားတဲ့ အမှုပိတ်ပေးဖို့ခြိမ်းခြောက်ခံနေရတာကြောင့် ယင်းမာပင်မှ အဓမ္မပြုကျင့်ခံရသူအမျိုးသမီး မိသားစုလိုက်ထွက်ပြေးနေရ ဆိုတဲ့သတင်းနှစ်ပုဒ်ပဲဖြစ်ပါတယ်။

စစ်အုပ်စုကိုမကြိုက်လို့ လက်နက်ကိုင်တော်လှန်ရေးဆင်နွဲနေတဲ့ သူတွေက ပဋိပက္ခတွေကြားထဲက ခက်ခဲစွာရှင်သန်နေရတဲ့ အမျိုးသမီးတွေကို စောင့်ရှောက်ရမယ်အစား အနိုင်ကျင့်စော်ကားသတင်းတွေဖြစ်ပါတယ်။ လူထုအကျိုးဆောင်မယ့်အဖွဲ့တွေဖြစ်တာမို့ ဖြစ်ပွားမှုတွေကို ထိထိရောက်ကိုင်တွယ်မယ် ဥပဒေလုပ်ထုံးလုပ်နည်းတွေ ပွင့်လင်းမြင်သာစွာ အရေးယူပြဖို့လိုပါတယ်။

ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ရည်ရွယ်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေမှာ အခြေခံလူအခွင့်အရေးနဲ့ စံနှုန်းတွေပျောက်ကွယ်နေတာ ကိုသတင်းတွေအရတွေ့ရပါတယ်။  ကျူးလွန်သူတွေကို ထိထိရောက်အရေးမယူနိုင်တာ ဆက်သွယ်ရေးနည်းပညာတွေကြောင့် သတင်းစီးဆင်းမှုတွေမြန်ဆန်နေတဲ့အချိန် သတင်းမှောင်ချဖုံးဖိတဲ့နည်းနဲ့ဖြေရှင်းကြတာတွေကို တွေ့မြင့်နေရတာပဲဖြစ်ပါတယ်။

အေအေ ထိန်းချုပ်ထားတဲ့ ၁နှစ်ကျော်အတွင်း ပလက်ဝမှာ လိင်အကြမ်းဖက်ခံရမှု လေးကြိမ်ထက်မနည်းဖြစ်ပွား”ဆိုတဲ့ခေါင်းစဥ်နဲ့ Chin World  သတင်းဌာနက ရေးထားသတင်းထဲမှာ
“ကျူးလွန်သူတွေက AA တပ်ဖွဲ့က မှန်ကန်ပြီး ဖမ်းဆီး ထားကြောင်း အေအေပြောခွင့်ရ ဦးခိုင်သုခက နိရဉ္ဌရာသတင်းဌာနကို ပြောထားပေမယ့် ယခုထိ ပွင့်လင်းမြင်သာစွာ အရေး ယူတာကို မတွေ့ရှိရသေးပါ။”ဆိုတာဟာ  အရေးယူမှုတွေ ပွင့်လင်းမြင်သာစွာမဆောင်ရွက်နိုင်တာ တော်လှန်ရေးအဖွဲ့တွေကို လူထုယုံကြည်ကိုစားမှုကျဆင်းနိုင်ပါတယ်။

Burma VJ သတင်းဌာနက အမှုပိတ်ပေးဖို့ခြိမ်းခြောက်ခံနေရတာကြောင့် ယင်းမာပင်မှ အဓမ္မပြုကျင့်ခံရသူအမျိုးသမီး မိသားစုလိုက်ထွက်ပြေးနေရ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့သတင်းထဲမှာဆိုရင်လည်း  မုဒိန်းမှုကျူးလွန်းလို့ “တိုင်ကြားခံထားရသူဟာ ဒီနေ့အထိဖမ်းဆီးချုပ်နှောင်ခံရခြင်းမရှိသလို  ကျူးလွန်သူညီဖြစ်သူကတိုင်ကြားတဲ့သူတွေကိုသတ်ပစ်မယ်လို့ ရွာအတွင်းခြိမ်းခြောက်မှုတွေရှိနေတယ်လို့လည်း ဒေသခံတွေ ကို ကိုကားဖော်ပြချက်ဟာ”  တရားမျှတမှုအတွက်တိုက်ပွဲဝင်ကြသူတွေအတွက် လက်မခံနိုင်စရာ အရေးယူဆောင်ရွက်ချက်ဖြစ်နေတာလို့  HI က ဆွေးနွေးထောက်ပြလိုပါတယ်။ အထူးသဖြင့် စစ်အုပ်စုဆန့်ကျင့်တဲ့ အင်အားစုတွေကြားမှာ  မုဒိန်းမှုအပါအဝင် လိင်ပိုင်းဆိုင်းအနိုင်ကျင့်မှုတွေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေနဲ့ အတူ ဒီမိုကရေစီစံနှုန်းအနဲ့အညီ ပွင့်လင်းမြင်သာစွာ လူထုကို အစီရင်ခံတင်ပြဖို့ HIက အကြံပြုလိုပါတယ်။

အေအေ ထိန်းချုပ်ထားတဲ့ ၁နှစ်ကျော်အတွင်း ပလက်ဝမှာ လိင်အကြမ်းဖက်ခံရမှု လေးကြိမ်ထက်မနည်းဖြစ်ပွား

အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေက အနည်းဆုံးလေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်က ဆမီးမြို့၊ AA စခန်းအနီးမှာ ဒေသခံချင်းအမျိုးသမီးတစ်ဦးအား ရခိုင် စကားပြောတဲ့ အမည်မသိလူတစ်စုက အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး သတိလစ်တဲ့အထိ ရိုက်နှက်ကာ ချောင်းစပ်တစ်‌နေရာမှာ စွန့်ပစ်မှုဖြစ်ခဲ့ပါတယ်။

၂၀၂၅ ဧပြီလ ၅ ရက်မှာလည်း စိမ်းစင်းကျေးရွာက အသက် ၂၃ နှစ်အရွယ် နို့စို့ကလေးမိခင်တစ်ဦးကို AA အရာရှိနဲ့ ရဲဘော် တစ်ဦးက မုဒိမ်းကျင့်ပြီး ချောင်းမှာရေနစ်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျူးလွန်သူတွေက AA တပ်ဖွဲ့က မှန်ကန်ပြီး ဖမ်းဆီး ထားကြောင်း အေအေပြောခွင့်ရ ဦးခိုင်သုခက နိရဉ္ဌရာသတင်းဌာနကို ပြောထားပေမယ့် ယခုထိ ပွင့်လင်းမြင်သာစွာ အရေး ယူတာကို မတွေ့ရှိရသေးပါ။

၂၀၂၅ မေလ ၂၃ ရက်မှာ ဆမီးမြို့၊ ပီဝကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဒေါ်စန်းရီဟာ မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး ခြေ လက် ကြိုးတုတ်ထားတဲ့ရုပ်အလောင်းကို ကျေးရွာနှစ်ခုကြားမှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

မေလ ၂၆ ရက်မှာလည်း ရွှေလိုင်ပွီကျေးရွာမှ အသက် ၆၈ နှစ်အရွယ် ဒေါ်တောင်းရီ မုဒိမ်းကျင့်ခံရပြီး ဓားထိုးဒဏ်ရာ၊ ထိုး ကြိတ်ဒဏ်ရာများ၊ ဆံပင်ဖြတ်ခံရမှုနဲ့ အင်္ဂါဖျက်ဆီးခံရမှု ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းကို မေလ ၂၉ ရက်မှာ ရွာသားတွေက တွေ့ရှိခဲ့တာပါ။

ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ပလက်ဝမြို့နယ်ရှိ အမျိုးသမီးတွေရဲ့ဘဝတွေကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပါတယ်။ နေ့စဉ်ဘဝမှာ လုံခြုံမှုမရှိတာ၊ ကြောက်ရွံ့တာနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေက သူတိုရဲ့လွတ်လပ်စွာသွားလာနေထိုင်ခွင့် ကို ကန့်သတ်ထားတာဖြစ်ပါတယ်။

Source – Chin World

မန္တလေးမှာ PSMS စနစ်ကြောင့် စစ်ကောင်စီကို ဆန့်ကျင်သူ အမျိုးသမီး ဖမ်းဆီးခံရ

မန္တလေးမြို့မှာ လူပုဂ္ဂိုလ်စိစစ် စောင့်ကြည့်စနစ်(PSMS)သုံးပြီး စစ်တပ်က တိုက်ဆိုင်စစ်ဆေးတာကြောင့် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး သြဂုတ်လဆန်းပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

သြဂုတ်လ ၂ ရက်  ညပိုင်းက အသက် ၂၀ ဝန်းကျင် အဲဒီအမျိုးသမီးဟာ  ချမ်းမြသာစည်မြို့နယ်ထဲက ဟိုတယ်တစ်ခုဆီ တည်းခိုရာမှာ မှတ်ပုံတင်ကို PSMS စနစ်နဲ့တိုက်ဆိုင်စစ်ဆေးပြီးနောက်ဖမ်းဆီးခံရတာဖြစ်ပါတယ်။

“အရင်က အမှုဟောင်းလို့သိရတယ်။ ကောင်မလေးနဲ့ နီးစပ်သူ တွေက လွန်ခဲ့တဲ့၃နှစ်လောက်ကအဖမ်းခံထားရတာ”လို့ နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းခံထားရတဲ့အမျိုးသမီးငယ်ကို အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့အမှုဖွင့်ထားပါတယ်

PSMS စနစ်ထဲမှာ အချက်အလက်တွေကို စုစည်းရာမှာတော့ မှတ်ပုံတင် ၊  စမတ်ကတ် (Smart card)  ၊ ပတ်စ်ပို့ (Passport) ပြုလုပ်ရာမှာ ရရှိထားတဲ့အချက်အလက်တွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒီစနစ်ကို မြို့အဝင်အထွက်ဂိတ်တွေ ဟိုတယ် တည်ခိုခန်းတွေ ဘဏ်တွေစတဲ့ မှတ်ပုံတင်အသုံးပြုရမယ့်နေရာတွေမှာ စစ်ကောင်စီက အသုံးချနေတယ်လို့ သိရပါတယ်။

Source – People’s Spring

အမှုပိတ်ပေးဖို့ခြိမ်းခြောက်ခံနေရတာကြောင့် ယင်းမာပင်မှ အဓမ္မပြုကျင့်ခံရသူအမျိုးသမီး မိသားစုလိုက်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆) တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးက ဖမ်းဆီးရိုက်နှက်အဓမ္မပြုကျင့် လို့ NUGနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီကိုတိုင်ကြားထားတဲ့ မယု(အမည်လွှဲ)ဟာ အဲ့ဒီတပ်ရင်းရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုနဲ့ အမှုပိတ်ပေးဖို့ဖိအားပေးမှုတွေအပြင် မဟုတ်မမှန်သတင်းတွေလွှင့်ပြီး စွပ်စွဲတိုက်ခိုက်မှုတွေနဲ့ပါ ကာယကံရှင်မိသားစုက ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၂၀အရွယ် မယု(အမည်လွှဲ)ဟာ အခုနှစ် ဇွန်လ ၂ရက်နေ့(နယုန်လဆန်း ၇ရက်)က လက် လှုပ်ကျေးရွာကနေ အေးကုန်းရွာကိုပြန်လာချိန်မှာ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော် ဟိန်း(ခ)မင်းသားကြီးရဲ့ ဆိုင်ကယ်နဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး တဲတစ်လုံးထဲမှာ နှစ်ရက်တိုင်ချုပ်နှောင် အဓမ္မပြုကျင့်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် နှစ်လကျော် သုံးလနီးပါးရှိနေတဲ့ မယုရဲ့ကိုယ်ဝန်လည်း ပျက်ကျခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မယုက NUGယာယီသမ္မတဒူဝါလရှီးလအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်ကို ဇူလိုင် ၇ ရက်က တိုင်ကြားပြီးနောက် အခုလိုအသက်ဘေးခြိမ်းခြောက်ခံလာရတဲ့အထိ ဖြစ်ခဲ့တာပါ။

“အဓမ္မပြုကျင်ခံရတဲ့ကိစ္စက သတင်းတိုက်တွေမှာပါလာတော့ ဘယ်သူပြောတာလဲဆိုပြီး ကောင်မလေးကို အိမ်မှာလာ စစ်တယ်။ လာစစ်တဲ့သူက ဗိုလ်သံမဏိ။ အဲ့ဒီပြောတဲ့သူကဘယ်သူလဲ ပြောတဲ့သူကို မဖော်ထုတ်ရင် နင်လည်းဖမ်းမှာ။ အခုဖမ်းမှာ ဖမ်းလို့ရတယ်။ ထောင် ၂နှစ်ချမှာဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်သွားတာ”လို့  မိသားစုနဲ့နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးဗိုလ်သံမဏိနဲ့အဖွဲ့ဟာ သြဂုတ်လ ၁ရက်မှာ မယုရဲ့အိမ်ကိုလာ စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပြီး စစ်ဆေးမှုအတွင်း အိမ်မှာရှိတဲ့မယုရဲ့အဖေအပါအဝင် မိသားစုကို အပြင်ထွက်ခိုင်းပြီး မယုတစ်ဦးထဲကိုသာစစ်ဆေးမေးမြန်း ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီစစ်ဆေးမေးမြန်းမှုအပြီး ဗိုလ်သံမဏိပြန်ပြီးနောက်မှာ မယုဟာ သတိလစ်သွားတာကြောင့် သြဂုတ်လ ၂ ရက်မှာ ဆေးရုံတင်ခဲ့ရပြီး ၅ရက်မှာမှ ဆေးရုံကနေ ပြန်ဆင်းခဲ့ရပါတယ်။

ပြီးတော့ သြဂုတ်လ ၅ရက်ညမှာလည်း မယုတို့အိမ်ကိုဆိုင်ကယ်သုံးစီးနဲ့လာဝိုင်းတာကြောင့် ပတ်ဝန်းကျင်ကထွက်ပြီး ဝိုင်းဝန်းလာကြချိန်မှာ အဲ့ဒီဆိုင်ကယ်သုံးစီးနဲ့လူတွေဟာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း-၂၆ တပ်ရင်းမှူး ဦးကျော်ဟိန်း (ခ)မင်းသားကြီးဟာလည်း ဒီနေ့အထိဖမ်းဆီးချုပ်နှောင်ခံရခြင်းမရှိသလို ယင်းမာပင် ခရိုင်တပ်ရင်း-၂၆ နာယကဆိုသူ(ဦးကျော်ဟိန်းရဲ့အကို)က ညီဖြစ်သူကိုတိုင်ကြားတဲ့သူတွေကိုသတ်ပစ်မယ်လို့ ရွာအတွင်းခြိမ်းခြောက်မှုတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလိုခြိမ်း‌ခြောက်ဖိအားပေးမှုတွေ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေရှိလာတာကြောင့် မယုတို့မိသားစုဟာ ကျေးရွာအတွင်းမှာမနေရဲတော့ဘဲ မယု၊ အဖေ၊အမေနဲ့ ၁၂နှစ်အရွယ် ညီမလေးအပါအဝင် မိသားစုလိုက်ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

Source – Burma VJ

၁၀ ရက်ကျော် လမ်းလျှောက်စစ်ရှောင်သူ နှစ်ရာကျော်မှာ အမျိုးသမီးတွေလည်းပါဝင်

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည် နယ်စပ်မှာရှိတဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းကနေ ကုန်းလမ်းကတဆင့် ၁၀ ရက်ကျော်ကြာ လမ်း လျှောက်ပြီး စစ်ရှောင်လာသူတွေထဲမှာလည်း အမျိုးသမီးနဲ့ကလေးတွေလည်း ပါဝင်နေပါတယ်။

ဒီစစ်ရှောင်ပြည်သူ အယောက် ၂၀၀ ကျော်ကို လမ်းတစ်ဝက်ကနေ Clean Yangon၊ Jobs For Kayah၊ Karenni Hope၊ Free Burma Rangers နဲ့ တခြားကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေကို သွားရောက်ကယ်ထုတ်လို့ မရတဲ့အတွက် ပိတ်မိနေသူတွေက ကုန်းလမ်းကနေ ၁၀ ရက်မက ခြေလျင်လမ်းလျှောက်လာပြီး စစ်ဘေးရှောင်ကြတာလည်း ရှိတယ်လို့ သိရပါတယ်။

Source – DVB

မြေရှားသတ္တုတွင်းမှ အမျိုးသမီးများ လိင်အမြတ်ထုတ်ခံရ

ကချင်ပြည်နယ်၊ ပန်ဝါနဲ့ ချီဖွေဒေသတစ်ဝိုက်ရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့အမျိုး သမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အခွင့်အရေးချိုးဖောက်မှုနဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ဆိုးရွားစွာ ခံစားနေရကြောင်း အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဆရာမ နန်ပူ(ကချင်)က ပြောကြားလိုက်ပါတယ်။

ဒီမြေရှားတူးဖော်ရေး ဧရိယာတွေဟာ အများပြည်သူ ဝင်ထွက်ခွင့် ကန့်သတ်ထားပြီး အလုပ်သမားတွေအတွက် လုံခြုံမှု မရှိတဲ့နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

အလုပ်လုပ်ရန် ခေါ်ယူခံရတဲ့အမျိုးသမီးတွေကို တရုတ်အမျိုးသားတွေနဲ့ အိပ်ခိုင်းတာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ တွေနဲ့ တိုင်ကြားဖို့နေရာမရှိ ဖြစ်နေရတယ်လို့ ဆရာမ နန်ပူက ဆိုပါတယ်။

“သူတို့ မကြိုက်ဘူးဆိုရင်တောင် ဘယ်မှာမှ တိုင်လို့မရဘူး။ တိုင်ရင်လည်း အရေးယူပေးမယ့်သူ မရှိဘူး။ အလုပ်မလုပ် ချင်တော့ဘဲ ပြန်မယ်ဆိုရင်လည်း ပြန်ချင်တိုင်း ပြန်လို့မရတဲ့ အခြေအနေတွေ ရှိတယ်”လို့ အမျိုးသမီးများအခြေအနေကို ဆရာမနန်ပူက ရှင်းပြပါတယ်။

ဒီအခြေအနေတွေက ဒေသတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ ကျား၊မ မညီမျှမှုနှင့် အမျိုးသမီးတွေအပေါ် နှိမ့်ချ ဆက်ဆံတဲ့ လူမှုစံနှုန်းတွေကြောင့် ပိုမိုဆိုးရွားစေတယ်လို့လည်း ဆရာမ နန်ပူက ထောက်ပြပါတယ်။

အမျိုးသားတစ်ဦးကို လုပ်အားခ ၅၀,၀၀၀ ကျပ်ပေးချိန်မှာ တူညီတဲ့အလုပ်အတွက် အမျိုးသမီးတစ်ဦးကို ၃၀,၀၀၀ ကျပ်သာ ပေးသလို ခွဲခြားတာတွေရှိနေပြီး အမျိုးသမီးတွေကို တန်ဖိုးမရှိသူတွေအဖြစ် သတ်မှတ်တဲ့ အယူအဆတွေက အမြတ်ထုတ် မှုကို အားပေးနေတယ်လို့ သူက ဆိုပါတယ်။

လုပ်ငန်းခွင်မှ ပြန်လာနိုင်တဲ့အမျိုးသမီးအချို့လည်း “တရုတ်ယောက်ျားနဲ့အိပ်ထားတဲ့မိန်းမ”လို့ သတ်မှတ်ကာ ပတ်ဝန်းကျင် ရဲ့ဖယ်ကျဉ်ရှုတ်ချတာကို ခံရတာကြောင့် လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ထပ်မံကြုံတွေ့နေရပါတယ်။

ဒါ့အပြင် မြေရှားတူးဖော်ရာမှာ အသုံးပြုတဲ့ အက်ဆစ်ထက်ပြင်းတဲ့ဓာတုပစ္စည်းတွေကြောင့် လုပ်ငန်းခွင်မှ ပြန်လာတဲ့ အမျိုး သမီးတွေမှာ ကုသလို့မပျောက်တဲ့ အရေပြားရောဂါတွေ၊ ကိုယ်ဝန်ပျက်ကျတာနဲ့ မြုံတာစတဲ့ကျန်းမာရေးပြဿနာတွေ လည်း ကြုံနေရပါတယ်။

လက်ရှိမှာ ပန်ဝါဒေသကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) အနေနဲ့ စစ်ရေးလိုအပ်ချက်အရ မြေရှား တူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်မယ်ဆိုရင် စည်းကမ်းမဲ့လုပ်ဆောင်တာမျိုး မဖြစ်စေဘဲ လူ့အခွင့်အရေးနဲ့ အမျိုး သမီးအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လုပ်ဆောင်ဖို့ ဒေသခံပြည်သူတွေနစ်နာမှု မရှိ စေရေးနဲ့ သယံဇာတတန်ဖိုးကို ပေါပေါပဲပဲနဲ့ ရောင်းချခြင်းမပြုဖို့ အလေးထားဆောင်ရွက်သင့်ကြောင်း ဆရာမ နန်ပူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

Source – HI

သံတောင်ကြီး မြေပြိုမှုကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း မိုးကြီးရေလျှံပြီး မြေပြိုကျမှုများ ဖြစ်ပွားခဲ့ရာ အမျိုးသမီးနှစ်ဦး အပါအဝင် ရှစ်ဦးသေဆုံးပြီး နှစ်ဦးထက်မနည်းပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဩဂုတ်လ ၅ ရက် ည ၉ နာရီဝန်းကျင်က သံတောင်ကြီးမြို့ပေါ် ရပ်ကွက် (၁)မှာ နေအိမ်တစ်လုံးမြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မိသားစုတစ်ခုမှ မိန်းကလေးနဲ့ အမျိုးသမီးကြီးတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ရပါတယ်။ ရပ်ကွက် (၃)မှ အမျိုးသား တစ်ဦး၊ သောက်ရေခပ်ချောင်းအနီး ကျေးရွာများမှ အမျိုးသား (၃) ဦးလည်း သေဆုံးခဲ့ရတာပါ။

လက်ရှိထိ သံတောင်ကြီးမြို့နယ်အတွင်း မြေပြိုမှုကြောင့် လူသေ၊ လူပျောက်မှုတွေအပေါ် တုံ့ပြန်ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိနိုင်သေးဘဲ ခရစ်ယာန်သာသနာနယ်မှ တာဝန်ရှိသူတွေ၊ စေတနာရှင်တွေနဲ့ ဒေသခံတွေအချင်းချင်း အကူအညီ နဲ့သာ ကယ်ဆယ်ရေးလုပ်ဆောင်နေရတာဖြစ်ပါတယ်။

Source – ကေအိုင်စီ

စစ်ကြောင်းမြင်လို့ ထွက်ပြေးတဲ့ ကိုယ်ဝန်ဆောင်အပါ အမျိုးသမီး ၃  ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကုန်းကျေးရွာသို့ စစ်ကြောင်း ဝင်လာတာမြင်လို့ ကြောက်လန့်ထွက်ပြေးတဲ့ ကိုယ်ဝန် ဆောင်အပါ အမျိုးသမီး သုံးဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

 “သူတို့(စစ်တပ်)က လှမ်းခေါ်တော့ ပြည်သူတယောက်က ထွက်ပြေးတယ်။ ထွက်ပြေးပြီးတော့ ရွာထဲကို လာနေပြီဆိုပြီး ပြေးရင်းပြောတာပေါ့။ ပြည်သူတယောက်က အပေါက်ဝက ထွက်ကြည့်တော့ ပစ်သတ်တယ်။ နောက်ထပ်မိသားစု သုံးယောက်က လန့်ပြီးပြေးတော့ ပစ်သတ်တယ်။ ကိုယ်ဝန်ဆောင်ရယ် သူ့သမီးရယ် အပျိုကြီးရယ်လေးဦးပေါ့”လို့ ပြောပါတယ်။

ထွက်ပြေးတဲ့ မိသားစုအနက် ဖခင်ဖြစ်သူ ဦအောင်အောင်က လက်မောင်းထိခိုက်ပြီ သူရဲ့ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင် ဒေါ်သင်းသင်း(အသက် ၃၀ ကျော်)၊ သမီးဖြစ်သူ မရွှန်းလဲ့ (အသက် ၁၀ နှစ်) နှင့် အိမ်နီးချင်း ဒေါ်လဲ့(အသက် ၄၂ နှစ်)တို့ သေဆုံးသွားတာဖြစ်ပါတယ်။

Source – မဇ္ဈိမ

ဖားကန့်မှာ ဆန်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပါ သယ်ယူခွင့်ကန့်သတ်ထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်တပ်က လမ်းပြန်ဖွင့်ပေးလိုက်‌ပေမယ့် ဆန်နဲ့ အခြေခံစားသောက်ကုန်တစ်ချို့ကို ကန့်သတ်ချက်နဲ့သာ သယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။

 “နယ်၊လုံခွင့်ပြုချက် လက်မှတ် နဲ့မှ ခွင့်ပြုမယ်ဆိုပြီး တားမြစ်ထားတယ်တဲ့။ အခုချိန်အထိတော့ ဆန်ကားတွေ ဝင်တာ မတွေ့ရသေးဘူး။ ဆေးဝါးနဲ့ ကုလားပဲ ၊ အသားခြောက်တွေလည်း မသယ်ခိုင်းဘူး။ နောက်ပြီး အမျိုးသမီးလစဉ်သုံး တွေထိ ပါတယ်လို့ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Source – Kachin News Group

မြန်မာအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ မြန်မာအမျိုးသားကို ထိုင်းရဲ ဖမ်းမိ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ အသက် ၁၇ နှစ်အရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့ အသက် ၃၀ ကျော်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပြီလို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ဖြစ်စဉ်က ဇူလိုင်လ ၃၀ ရက်မှာ ရနောင်းမြို့က ပေါက်ခေါင်း အိုင်စီ ရုံးအနီးမှာဖြစ်ခဲ့တာပါ။ အမျိုးသမီးငယ်ဟာ အဓမ္မပြု ကျင့်ခံရချိန် ရရှိတဲ့ ဓားဒဏ်ရာတွေနဲ့ ရနောင်းဆေးရုံကြီးကို တင်ခဲ့ရပါတယ်။

အခုတော့ ကျူးလွန်သူလို့ဆိုတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားကို ရနောင်းမြို့ ပတ်နမ်နယ်မြေရဲစခန်းက ဖမ်းဆီးလိုက် ပြီး  စွပ်စွဲခံရသူ အမျိုးသား ကိုယ်တိုင်ကလည်း ဝန်ခံထားတယ်လို့ သိရပါတယ်။

Source – BBC

လိုင်ဇာရေဘေး စစ်ရှောင်အမျိုးသမီးတစ်ဦးအပါအဝင် ၆ဦး သေဆုံး

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ်နယ်မြေ လိုင်ဇာဒေသ ရေဘေးကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၄ ရက် မနက်အစောပိုင်းမှာ ပြင်းထန်တဲ့ရေကြီးမှုဖြစ်ခဲ့ရာ ဂျေယန်းစစ်ရှောင် စခန်း အပါအဝင် ဒေသခံတွေ ရေဘေးနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။

ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီး အချို့ဒေသတွေမှာ စာရင်းကောက်ယူမှု ဆက်လက်ပြုလုပ် နေကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးမှု  အရေအတွက် ပိုတိုးလာနိုင်တယ်လို့ ဆိုပါတယ်။

Source – People’s Spring

စစ်တွေမှာ ဧည့်စာရင်းနဲ့ အမျိုးသမီး တစ်ဦးအပါဝင် မြို့ခံ သုံးဦးကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ ဩဂုတ် ၃ ရက်က အမျိုးသမီး ၁ ယောက် အပါအဝင် မြို့ခံ ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ် ပူးပေါင်းအင်အား ၄၀ ခန့်နဲ့အတူ ဧည့်စာရင်းဝင်စစ်ခဲ့ပြီး အမျိုးသမီးတယောက်နဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေက စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ဒေါ်မဦးခင် (၃၆ နှစ်)၊ ကိုဝင်းမင်းဇော် (၂၃ နှစ်)နဲ့ ကိုအောင်ကျော်ဌေး (၂၄ နှစ်)တို့ ဖြစ်ပါတယ်။

Source – DVB

ညောင်ဦးမှာ မူလတန်းပြဆရာမ တစ်ဦးအသတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့၊ ဆည်ရွာမှာ မူလတန်းပြဆရာမ တစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရပါတယ်။

ပစ်သတ်ခံရသူဟာ ဆည်ရွာ အထကကျောင်းခွဲမှာ တာဝန်ကျ မူလတန်းပြဆရာမ အသက် ၃၀ အရွယ်ရှိ ဒေါ်ဝါဝါမိုး ဆိုသူဖြစ်ပြီး ဇူလိုင် ၃၁ ရက် ည ၁၂ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ခံရတာကြောင့် ဒေါ်ဝါဝါမိုးမှာ ဝမ်းဗိုက်၊ ခါး၊ လက်နဲ့ တင်ပါးတွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဆရာမဒေါ်ဝါဝါမိုးဟာ ၂၀၂၂ ကတည်းက စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး သတင်းပေးတာ၊ ရွေးကောက်ပွဲအတွက် မဲစာရင်း ကိစ္စတွေကို ပါဝင်လုပ်ကိုင်တာရှိပြီး ငါးသရောက်ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းချိန်မှာလည်း ဒေါ်ဝါဝါမိုးတိုင်ကြား ထားတဲ့စာရွက်စာတမ်းတွေကို တွေ့ရှိတဲ့အပြင် ဖခင်ကလည်း သတင်းပေးလုပ်နေသူဖြစ်တာကြောင့် ဒေသတွင်းတော်လှန် ရေးတပ်ဖွဲ့တခုက ပစ်ခတ်တာလို့ ကိုဇီးက အတည်ပြုပြောပါတယ်။

Source – မြေလတ်အသံ

ရန်ကုန် မြန်မာပလာဇာကားပါကင်မှာ အမျိုးသမီးတစ်ဦး ဓားထိုးခံရ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာဈေးဝယ်စင်တာ ကားရပ်နားရာနေရာမှာ အသက် ၅၉ နှစ်အရွယ် ဒေါ်စမ်းစမ်း အေးဟာ ဓါးနဲ့ထိုးခံရပြီး သွေးထွက်လွန်ကာ သေဆုံးမှုဖြစ်ခဲ့ပါတယ်။

ဩဂုတ်လ ၅ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က မြန်မာပလာဇာဈေးဝယ်စင်တာရှိ ကားပါကင်မှာ အမျိုးသမီးတဦးနဲ့ အမျိုး သားတဦးကို အမျိုးသားနှစ်ဦးက ဓားဖြင့်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒေါ်စမ်းစမ်းအေးကတော့ ဆေးရုံပို့ဆောင်တဲ့အချိန်မှာ လမ်းမှာသေဆုံးသွားပြီး အမျိုးသားကတော့ ထိခိုက်ဒဏ်ရာရခဲ့ပါ တယ်။ သေဆုံးခဲ့သူအမျိုးသမီးဟာ တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်၊ ဝေဇယန္တာလမ်းမမှာ နေထိုင်သူဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တဦးလည်းဖြစ်ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗဟန်းရဲစခန်းမှာ အမှုဖွင့်လှစ်ထားကာ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source – မဇ္ဈိမ

လေကြောင်းရန်ကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၆၄ ဦးသေဆုံးခဲ့ဟု BWU ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် လတစ်လတည်းတွင် နိုင်ငံတစ်ဝှမ်းအမျိုးသမီး ၆၄ ဦးသေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က မနေ့က ထုတ်ပြန်လိုက်သည်။

သေဆုံးသူ ၆၄ ဦးအနက် ၅၂ ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး၊ ၁၁ ဦးမှာ ပြည်သူ့ နေအိမ်များကို ပစ်မှတ်ထားသည့် လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်ကာ၊ ၁ ဦးမှာ ဆေးဝါးကုသမှု မရရှိခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

အသက်ဆုံးရှုံးခဲ့ရသူများထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၄ ဦး ပါဝင်ခဲ့ကြောင်း BWU ၏ ထုတ် ပြန်ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် အမျိုးသမီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ရာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၇ ဦး၊ လက်နက်ကြီးကြောင့် ၉ ဦး၊ မြေမြုပ်မိုင်းကြောင့် ၂ ဦးနှင့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၅ ဦးတို့ ပါဝင်ကြောင်း သိရသည်။

BWU ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က “ဒီလိုမျိုး အကြမ်းဖက်မှုတွေ ကျူးလွန်နေတာ ဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်။ ကျမတို့ BWU ရဲ့မူအရ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို လုံးဝ လက်မခံပါဘူး။ အခုလို အသက်တွေဆုံးရှုံးတဲ့အထိ ဖြစ်နေတာဟာ လုံးဝမဖြစ်သင့်တဲ့အရာဖြစ်ပြီး ကျူးလွန်သူ တွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိရပါမယ်” ဟု ပြောကြားသည်။

စစ်အုပ်စုသည် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ယခင်လများထက် ပိုမိုအသုံးပြုလာပြီး တာဝန် ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပြည်သူနှင့်အမျိုးသမီးများကို ပစ်မှတ်ထားကာ လူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့် ထိုး စစ်များကို ဆက်တိုက်ပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

BWU အနေဖြင့် ဤကဲ့သို့ လစဉ်အချက်အလက်များ ထုတ်ပြန်ရခြင်းမှာ နစ်နာဆုံးရှုံးခဲ့ရသူများအတွက် မှတ် တမ်းတင်ရန်၊ ကျူးလွန်သူများ၏ ရာဇဝတ်မှုများကို ဖော်ထုတ်ရန်နှင့် နစ်နာသူများအတွက် တရားမျှတမှုရရှိရေး ဖော်ဆောင်ရန်တို့ကို ရည်ရွယ်ကြောင်း အတွင်းရေးမှူး ၂ မယဉ်မျိုးလှိုင်က ရှင်းပြသည်။

ယင်းအချက်အလက်များသည် တိုင်းပြည်အနာဂတ်အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် တရားမျှတမှုဖော်ဆောင်နိုင် ရန်အတွက် ခိုင်မာသော သက်သေအထောက်အထားများအဖြစ် အသုံးပြုနိုင်ရန် စုဆောင်းမှတ်တမ်းတင်နေခြင်း လည်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုပါသည်။

BWU သည် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူအပြစ်ပေးရန်နှင့် သေဆုံးသူများ၏ ကျန်ရစ်သူမိသားစု များအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် ပြင်းထန်စွာ တောင်းဆိုကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။

Source – HI

နွားထိုးကြီးမှာ လေကြောင်း၊ လက်နက်ကြီးကြောင့် အမျိုးသမီး သုံးဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာကြောင့် ငါးနှစ်သား တစ်ဦးနဲ့ အမျိုးသမီး သုံးဦးသေဆုံးခဲ့ရပါတယ်။

နွားထိုးကြီးမြို့အနောက်မြောက်ဘက် ၁၀ မိုင်ကျော်အကွာ နွားထိုးကြီး-မြင်းခြံကားလမ်းပေါ်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ရွာကြီးကျေးရွာကို မြင်းခြံမြို့ပေါ်မှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာပါ။

ဒီပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် ဒေါ်ဝင်းလှ၊ ၂၇ နှစ်အရွယ် မဇာနည်ထွန်းနဲ့ မမိစုစံတို့ သေဆုံးသွားတယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံက သိရပါတယ်။

Source – Myanmar Now

အုတ်ဖိုမှာ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးဒဏ်ရာပြင်းထန်ရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုင်ကြီးဒေါင့်ကျေးရွာကို စစ်တပ်က ည ၇ နာရီကျော်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် အမျိုးသမီး ၁ ဦးဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၅၀ အရွယ် ဒေါ်ညွန့်ဝင်းရဲ့ ဆီးခုံနဲ့ဗိုက်ကို ဗုံးစထိမှန်ပြီး အူပွင့်ထွက်သွားတာကြောင့် ဆေးရုံကို ပို့ဆောင်ထား ပါတယ်။

ဒေါ်ညွန့်ဝင်းမှာ အမျိုးသားနဲ့ သားသမီး ၅ ဦးရှိပြီး နေအိမ်ကိုဗုံးကြဲခံရချိန်မှာ သူဟာအိမ်နောက်ဖေးမှာ နွားမီးဖိုနေပြီး ဒရုန်းသံကြောင့် သားသမီးတွေရဲ့ သတိပေးအော်ခေါ်သံကိုမကြားတဲ့အတွက် အခုလိုထိမှန်ခဲ့တာလို့ ဆိုပါတယ်။

Source – Kachin News Group

Author: