ပလက်ဝတွင်  ၈လအတွင်း အမျိုးသမီး ၄ ဦး မုဒိန်းကျင့်ခံရပြီး ၂ ဦးအသတ်ခံရ

သန့်ရှင်းထွန်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ၈လအတွင်း အမျိုးသမီး ၄ ဦး မုဒိန်းပြုကျင့်ခံခဲ့ရပြီး ၂ ဦး အသတ်ခံခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။

“တိုက်ပွဲကာလအတွင်းရော အခုတိုက်ပွဲမရှိတဲ့ အချိန်မှာပါ အမျိုးသမီးတွေရဲ့ လုံခြုံမှုက အာမခံချက် မရှိဘူးဖြစ်နေတယ်။ ပြစ်မှုကျူးလွန်သူကို သိရဲ့သားနဲ့ မဖမ်းဆီးနိုင်တာ၊ ထိုက်သင့်တဲ့ ပြစ်ဒဏ်မပေးနိုင်တာတွေက အမျိုးသမီးတွေ အိမ်ပြင်မထွက်ရဲအောင် လုပ်ထားသလိုဖြစ်နေတယ်”လို့ ပလက်ဝမြို့က အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အဲဒီမုဒိန်းမူကျူးလွန်သူဟု သံသယရှိသူတွေထဲမှာ အာရက္ခတပ်တော်(AA)က အရာရှိအဆင့်တစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦးကျူးလွန်တဲ့ ဖြစ်စဉ်လည်းပါဝင်တယ်လို့ သိရပါတယ်။

အခုလို မုဒိန်းပြုကျင့်စဉ်တွေမှာ အမျိုးသမီးတွေကို ရိုက်နှက်ခဲ့လို့ ဒဏ်ရာတွေလည်း တွေ့ရသလို သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေမှာလည်း သေလောက်အောင် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ ရခိုင်နှင့် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မုဒိမ်းမှု၊ အကြမ်းဖက် လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေ မကြာခဏဖြစ်ပွါးနေပြီး အများပြည်သူမသိရဘဲ ထိန်ချန်ထားတဲ့ အမှုတွေလည်း အများကြီး ရှိနေနိုင်တယ်လို့ ရခိုင်အခြေစိုက်အမျိုးသမီးအဖွဲ့က တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော်(AA)ဘက်က တရားဝင်ထုတ်ပြန်ပေးတာမရှိပေမယ့် ပလက်ဝမြို့နယ်က ကလေးသုံးယောက်မိခင်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့  AA တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးရမိဖို့ တရားခံပြေးအဖြစ် ကြော်ငြာဆိုင်းဘုတ်ထောင်ထားတာကို တွေ့ရပါတယ်။

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အမျိုးသမီးနှင့်ဆိုင်တဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ AA ဘက်က ထုတ်ပြန်ပေးတာမတွေ့ရသလို တခြားအများပြည်သူ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ထုတ်ပြန်ပေးတာလည်း သိပ်မတွေ့ရဘူးလို့ ဒေသခံ တချို့က ပြောပါတယ်။

ရခိုင်ပြည်မှာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေ၊ မုဒိမ်းမှုတွေဖြစ်ပွါးနေတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုနှင့် နစ်နာမှုတွေအတွက် အရေးတယူလုပ်ဖို့ AA စစ်ဦးစီးချုပ်ရဲ့ ဇနီးသည်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာက ယခုရက်ပိုင်းမှာပဲ တောင်းဆိုထားပါတယ်။

ဓာတ်ပုံ-အဓမ္မပြုကျင့်ခဲ့တဲ့ AA တပ်ဖွဲ့ဝင်နှစ်ဦးကို တရားခံပြေးစာရင်းကြေညာထားစဉ်၊ ဓာတ်ပုံ-လူမှုကွန်ရက်

Author: