အိုးဘိုထောင်မှာ CDM ကျောင်းဆရာမတစ်ဦး အချိန်မီ ဆေးကုသခွင့်မရလို့သေဆုံး
နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဟာ အချိန်မီ ဆေးဝါး ကုသခွင့်မရတာကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ မေလ ၇ ရက်မှာ ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ယနေ့ ဇွန် ၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။
အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM)လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဟာ ထောင်ထဲမှာ တီဘီရောဂါပြင်းထန်စွာ ခံစားနေရချိန်မှာ အချိန်မီဆေးကုသခွင့်မရလို့ သေဆုံးခဲ့တာဖြစ်လို့ဆိုပါတယ်။

ဒေါ်မြင့်မြင့်သန်းသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှာ ပြန်ကြားရေးတာဝန်ခံက“ဒီလိုကျဆုံးမှုတွေကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတွေပါ ဒါလုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး အခွင့်အရေးတွေချိုးဖောက်နေတာပါ။”လို့ ဆိုပါတယ်။
လူ့အခွင့်အရေးစောင့်ကြည်သူတစ်ဦးကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းအကျဉ်းထောင်တွေမှာ ဆေးဝါးမလုံလောက်မှုက ၁ နှစ်ထက် ၁ နှစ်ပိုမိုဆိုး လာပြီး ထောင်ပြင်ပဆေးရုံမှာ ဆေးကုမှရနိုင် မယ့် နိုင်ငံရေးအကျဉ်းသားတွေဟာ ငွေကြေးမတတ်နိုင်တာကြောင့် ထောင် ဆေးရုံမှာ ရှိတဲ့ဆေးနဲ့ကုသရင်း သေဆုံးရတာတွေရှိလာတယ်လို့ ပြောပါတယ်။
အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM)လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဟာ Bright Future Federal School မှာစာသင်ကြားပေးတဲ့အတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။
သူဟာ တီဘီရောဂါခံစားနေရလို့ ထောင်တွင်းဆေးရုံမှာ ဓာတ်မှန်ရိုက်စစ်ဆေးကြည့်တဲ့အခါအဆုတ်တစ်ခြမ်းပျက်စီးနေပြီး ပြင်ပဆေးရုံမှာ ကုသဖို့ ထောင်ဆရာဝန်မှ လွှဲပြောင်းပေးခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ခွင့်ပြု မပေးခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရောဂါအခြေအနေမှာ ပိုမိုဆိုးရွားလာပြီးနောက် သွေးတွေအန်လွန်တဲ့အတွက် အသက်သေဆုံးခါနီးမှသာ ထောင်အာဏာ ပိုင်တွေက ပြင်ပကို ဆေးကုခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်မြင့်မြင့်သန်းဟာ အချိန်မီဆေးကုသခွင့်မရလို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
CDM ကျောင်းဆရာမ ကျဆုံးတာနဲ့ပတ်သက်ပြီး နောက်ထပ်မလိုအပ်ဘဲသေဆုံးမှုတွေ မဖြစ်အောင် မိတ်ဖက်အဖွဲ့အစည်း တွေ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းနေတဲ့ အဖွဲ့တွေအနေနဲ့ ကျူးလွန်နေသူတွေ အဖွဲ့အစည်းတွေအတွက် အရေး ယူပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့လည်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ကောက်ယူစာရင်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားအရေ အတွက် ၁၀ ဦးခန့်ရှိနေတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းဖို့ကြိုးပမ်းစဉ်ကာလ မန္တလေးအိုးဘိုထောင်မှာ နိုင်ငံရေးကြောင့်အကျဉ်းကျနေသူ အမျိုးသား ၃၆၂၅ ဦး၊ အမျိုးသမီး ၇၈၈ ဦးနဲ့ တခြား ၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ထုတ်ပြန် ချက်အရ သိရပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025