မတရားမှုကို တော်လှန်ပါ၊ မလုံခြုံမှုတွေကိုလည်း ကာကွယ်ပေးပါ။
သန့်ရှင်းထွန်း
မြို့သိမ်းတိုက်ပွဲတွေ တမြို့ပြီးတမြို့ ဆင်နွဲနေတဲ့ ရခိုင်ပြည်မှာ တိုက်ပွဲတွေကြောင့် တရားဥပဒေစိုးမိုးမှု အားနည်း လျော့ကျနေသလို အဲဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီး ပြစ်မှုကျူးလွန်လိုသူတွေဟာ နေရာဒေသအသီးသီးမှာ ပြစ်မှုပေါင်းစုံကို နည်းမျိုးစုံနဲ့ ကျူးလွန်နေကြတယ်လို့ ကျူးလွန်ခံရတဲ့ မိသားစုတွေက ပြောပါတယ်။
တိုက်ပွဲကိုပဲ အဓိကအာရုံစိုက်နေရတဲ့အနေအထား၊ တရားဥပဒေစိုးမိုးမှု လျော့ကျနေတဲ့အချိန်၊ ကာလကြာရှည်ဖုန်း လိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးတွေ ခက်ခဲနေတဲ့အခြေအနေ တွေဟာ ပြစ်မှုကျူးလွန်လိုသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးထားသလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
အခုလို ပြစ်မှုမျိုးစုံတွေကျူးလွန်လာကြတဲ့အထဲမှာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်တာ၊ နှိပ်စက်တာ၊ အသက် မပြည့်သေးတဲ့မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်တာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာတွေ မကြာခဏဖြစ်လာတယ်လို့ ရခိုင်အခြေစိုက်အမျိုးသမီးသမီးအဖွဲ့အစည်းတွေက ပြောဆိုလာကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက မောင်တောမြို့နယ်၊ ခရေမြိုင်(ချရားတန်း)ကျေးရွာက အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မိခင်ရဲ့နောက်အိမ်ထောင် ပထွေးဖြစ်သူက အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်ရပ်ကို ခြောက်လခန့် အကြာ ၂၀၂၅ ခုနှစ် ဧပြီလမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အခုလိုပြစ်မှုမျိုးမှာ အရေးယူဖမ်းဆီးထိမ်းသိမ်းမှုနဲ့ စစ်ဆေးတရားစီရင်မှုတွေ အချိန်နဲ့တပြေးညီမပြုလုပ်နိုင်ခြင်း ဟာ တရားဥပဒေစိုးမိုးမှုအားနည်းနေခြင်းကြောင့်ဖြစ်သလို အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်နဲ့ မိခင်ကို ပထွေး ဖြစ်သူက အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ခြိမ်းခြောက်ထားလို့ဖြစ်ကြောင်း အဖြစ်အပျက်ကို သိကြတဲ့ ပတ်ဝန်း ကျင်က လူတွေက ပြောပါတယ်။
“သမီးအရင်းတယောက်ကို အဓမ္မပြုကျင့်ထားတာကို သိရဲ့သားနဲ့ ရေငုံနှုတ်ပိတ်နေရတဲ့ မိခင်တယောက်ရဲ့အဖြစ် ကို တွေးကြည့်ရင် သူဘယ်လောက်အတိုင်းအတာထိ ခြိမ်းခြောက်ခံထားရတယ်ဆိုတာကို သိသာပါတယ်”လို့ မောင်တောလူငယ်အဖွဲ့က အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။
ဒါဟာ မတရားမှုက အိမ်တံခါးကို လာခေါက်လို့ အဲဒီမတရားမှုကို တော်လှန်နေတုန်း မလုံခြုံမှုက အိမ်တံခါးကို သော့အတုနဲ့ ဖွင့်ပြီး ဝင်လာတာပဲဖြစ်တယ်လို့ အဲဒီအမျိုးသမီးငယ်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်၊ ပလက်ဝမြို့နယ်၊ စိမ်း စင်းကျေးရွာက ကလေးတစ်ဦးမိခင်ဟာ နေအိမ်ကနေ ယာခင်းထဲကိုအသွားမှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင် နှစ်ဦးက အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။
ကံကောင်းထောက်မစွာပဲ အမျိုးသမီးရဲ့ဖခင်ဖြစ်သူ အချိန်မှီရောက်ရှိလာတဲ့အတွက် အသက်ဘေးက လွတ်မြောက် ခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကလည်း ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုရွာက အသက် ၉ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးကို သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေက တိုက်ပွဲကာလတွေမှာ ပြည်သူနှင့် အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ မလုံခြုံမှုကို ပြသနေပြီး ခုခံနိုင်စွမ်းနည်းတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လုပ်လာတာ တွေ့ရတယ်လို့ ရခိုင်အခြေစိုက် အမျိုးသမီးရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုက တာဝန်ရှိသူတစ်ဦးက ပြော ပါတယ်။
“စစ်ပွဲတစ်ခုရဲ့ အခက်အခဲက ပြည်သူ့မလုံခြုံမှုကို ပိုပြီးသက်ရောက်စေတာပေါ့နော်။ အဲဒီမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိလုပ်တာရှိတယ်။ ဒီလိုစစ်ပွဲနဲ့မလုံခြုံမှုတွေရဲ့ အကျိုးသက်ရောက်မှုက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် ပိုပြီးသက်ရောက်တယ်” လို့ သူက ပြောပါတယ်။
နောက်ထပ်အရေးကြီးတာတခုက တိုက်ပွဲကာလအတွင်းမှာ အမျိုးသမီးအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း တွေရဲ့ လှုပ်ရှားမှု၊ အသံထွက်နိုင်မှု အားနည်းသွားတာကလည်း အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် နိုင် ထက်စီးနင်း ပြုလုပ်လိုသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ရရှိနေတာဖြစ်တယ်လို့ အမျိုးသမီးငယ်တချို့က သုံးသပ်ပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ အမျိုးသမီးများကူညီရေးအဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေရဲ့ လှုပ် ရှားမှုတွေဟာ လျော့ကျသွားခဲ့ရပြီး အဖွဲ့အစည်းတာဝန်ရှိသူတွေဟာလည်း စစ်ဘေးက လွတ်မြောက်ဖို့အတွက် ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
“အမှုတခုဖြစ်ရင် ဘယ်အဖွဲ့အစည်းကို သွားတိုင်ရမှန်း မသိတဲ့အနေအထား ဖြစ်သွားတယ်။ အရင်က အမျိုးသမီး တွေအတွက် အကူအညီပေးခဲ့တဲ့ အဖွဲ့အစည်းတွေကိုလည်း ဆက်သွယ်လို့ မရဖြစ်သွားတယ်။ အဲဒီအနေအထားမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် အကာအကွယ်တွေက မရတော့ဘူး” လို့ မင်းပြားမြို့နယ်က အမျိုး သမီးငယ်တစ်ဦးက ပြောပါတယ်။
အခုလိုတိုက်ပွဲကာလအတွင်းမှာ အမျိုးသမီးတွေနှင့် မိန်းကလေးငယ်တွေအပေါ် ပြစ်မှုကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ လက်ရှိမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က တာဝန်ယူပေးတာရှိသလို တချို့ရွာတွေမှာ အမျိုးသမီးအဖွဲ့ အစည်းတွေကို တိုင်တန်းတာ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို တိုင်တန်းတာတွေရှိတယ်လို့ အမျိုးသမီးအဖွဲ့အ စည်းတစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါပေမယ့် တချို့အမှုတွေကို အရေးမယူဘဲ လွှတ်နေတာတွေ၊ တရားခံကို လွှတ်ပေးလိုက်တာတွေ၊ အမှုကို သေသေ ချာချာ မရှင်းလင်းပေးတာတွေ၊ သေချာမစစ်ဆေးတာတွေက ရှိနေသေးတာကြောင့် အိမ်တွင်းအကြမ်းဖက်မှုလို အမှုမျိုးတွေလည်း ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။
“နောက်ပြီး လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေပေါ့နော်။ အဲဒီဟာတွေကို သူတို့ကတော့ တိုင်တန်းတယ်။ ဒါ ပေမယ့် ဥပဒေယန္တရားက သိပ်ပြီး မခိုင်မာနေတဲ့အခါမှာ ဒီဟာတွေကလည်း အများကြီး မထိရောက်ဘူး။ အဲဒီလို ပုံစံမျိုးတော့ ဖြစ်နေတယ်”လို့ ဆက်ပြောပါတယ်။
ရခိုင်ပြည်ထဲမှာ ၁၅ မြို့နယ်အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တဲ့ အာရက္ခတပ်တော်(AA)ဟာ ပြစ်မှုကျူးလွန်မှု တွေနဲ့ ပတ်သက်လို့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကို ကျင့်သုံးနေပြီး အမျိုးသမီးတွေနှင့် ကလေးငယ်တွေအတွက် သီးခြား အထူးဥပဒေပြဌာန်းထားတာတွေမရှိသေးဘူးလို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မီဒီယာတွေကို ပြောထားပါတယ်။
လက်ရှိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ တရားရုံးတွေ ဖွင့်လှစ်ပြီး အမှုစီရင်မှုတွေပြုလုပ်နေပေမယ့် တရားဥပဒေစိုးမိုးမှုက တော်တော်လေး အားနည်းနေသေးတယ်လို့ ပြောကြပါ တယ်။
“တရားဥပဒေအခန်းကဏ္ဍ၊ ရဲဌာနတွေ အဲဒီဟာတွေတော့ ULA/AA မှာ ရှိနေပြီလို့ကြားတယ်။ ဒါပေမယ့် တချို့အမှု တွေမှာဆိုရင် တရားခံကို လွှတ်ပေးတာတွေရှိတယ်။ တချို့အမှုတွေဆိုရင် အရေးမယူဘူးပေါ့နော်။ နောက်ပြီး တချို့ ကိစ္စတွေဆိုရင် တိုက်ပွဲကာလဖြစ်တဲ့အတွက် ဒီဟာက အရေးတကြီးလုပ်နေဖို့ အချိန်မရှိဘူးပေါ့။ ဒီလိုတွေလည်း ရှိနေတော့ တရားဥပဒေစိုးမိုးရေးက တော်တော်အားနည်းနေသေးတဲ့ အနေအထားရှိပါတယ်” လို့ မြောက်ဦးမြို့က နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
တိုက်ပွဲကာလအကြောင်းပြချက်နဲ့ တရားဥပဒေစိုးမိုးမှုအားနည်းနေချိန်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အပေါ် ကျူးလွန်တဲ့ပြစ်မှုတွေနဲ့ ပတ်သက်လို့ အသံတိတ်သွားတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအဖွဲ့ တွေရဲ့ အသံတွေ အခုပြန်ထွက်လာတာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အဓမ္မပြုကျင့်၊ သတ်ဖြတ်မှုဖြစ်စဉ်တွေအပေါ် ချက်ချင်းဆိုသလို တရားမျှတမှုရရှိဖို့၊ ပြစ်မှု ကျူးလွန်ခံရတဲ့အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို အကာအကွယ်ပေးဖို့ ကြေညာချက်ထုတ်ပြန်တောင်းဆို တာတွေ မကြာခင်က ပြန်တွေ့လာရပါတယ်။
မင်းပြားမြို့နယ်၊ ဖားပြိုရွာမှာ ဖြစ်ပွားခဲ့တဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ် ဖြတ်ခဲ့တဲ့ဖြစ်စဉ်အပေါ် အကြီးမားဆုံးပြစ်ဒဏ်ချမှတ်ပေးဖို့ မေလ ၁၁ ရက်က အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ လူမှု ကူညီရေးအဖွဲ့တွေက ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။
မတရားမှုတွေအတွက် အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေရဲ့အသံတွေ များများထွက်ဖို့လိုပြီး အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း ဘက်လိုက်မှုမရှိဘဲ ဥပဒေလမ်းကြောင်းအရ မှန်မှန်ကန်ကန် ဆုံးဖြတ် ချက်တွေ ချမှတ်ပေးဖို့ အချိန်ရောက်နေပြီလို့ အမျိုးသမီးငယ်တွေက ပြောပါတယ်။
တကယ်လို့ အခုလိုပြစ်မှုတွေကို သေသေချာချာ မကိုင်တွယ်၊ ထိထိရောက်ရောက် ပြစ်ဒဏ်မပေးရင်တော့ ကိုယ့် အိမ်ရဲ့တံခါးကို သော့အတုတဲ့ လာဖွင့်မယ့်သူ တနေ့မဟုတ်တနေ့ ရောက်လာမှာလို့ ရခိုင်ပြည်သူတွေက ဆိုကြပါ တယ်။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025