တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇွန်လ၁၄ ရက်ကနေ ၂၀ ရက်နေ့အထိတပတ် အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ ပြည်တွင်းနဲ့ပြည်ပမှာ ပုံစံအမျိုးမျိုးနဲ့ပြုလုပ်ခဲ့
ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ကို ပြည်တွင်းနဲ့ပြည်ပမှာ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့သလို၊သူ့မွေးနေ့အမှီပြုလုပ်တဲ့ မွေးနေ့ဆုတောင်းရုပ်သံ ၈သောင်း နဲ့ ဂင်းနစ်း စံချိန်တင်ရေး ကြိုးပမ်းမှုမှာလည်း မွေးနေ့မတိုင်မီ တစ်ရက်အလိုကတည်းက အရေအတွက် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။
မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်၊မန္တလေး မြို့ကြီးတွေမှာလုံခြုံရေးတင်းကြပ်မှုတွေကြားက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းတာ၊ လွတ်မြောက်ရေးအတွက် လျှပ်တပြတ်တောင်းဆို ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ပြီးး၊ ကျေးရွာတွေ မှာလည်းသပိတ်အင်အားစုတွေက ဆန္ဒဖော်ထုတ်တာ၊ အလှုအတန်းနဲ့ ဆုတောင်းမှုတွေပြုလုပ်တာ၊ အသက်၈၀ ပြည့် အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတခုခုတိုင်း အကြိမ်၈၀ ပြည့်အောင်လုပ်ကြတဲ့လှုပ်ရှားမှု ကိုပြည်တွင်းနဲ့ ပြည်ပက ပြည်သူအသီးသီးက ပြုလုပ်သလို သူ့သားငယ်ဖြစ်သူ ကင်မ်အဲရစ်က လည်း ၈၀ကီလိုမီတာပြေးတာ တွေပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကလည်းဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်တပ်ကိုထပ်လောင်းတောင်း ဆိုသလို ဉရောပ သမဂ္ဂနဲ့ ဒိန်းမတ်သံရုံးတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကိုရည်ညွှန်းတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက် စာမျက်နှာမှာဖော်ပြကြပြီး၊ အိန္ဒိယသံရုံးက ရန်ကုန်၊ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ မွေးနေ့ဆုတောင်စာနဲ့ ဂုဏ်ပြုပန်းခြင်းပေးပို့ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ်ဦးဆောင်လှုပ်ရှားခဲ့တဲ့ မွေးနေ့ဆုတောင်းရုပ်သံ ၈၀,၀၀၀ နဲ့ ဂင်းနစ်စံချိန်တင်ရေး ကြိုးပမ်းမှုမှာလည်း မွေးနေ့မတိုင်ခင်တစ်ရက်အလိုကတည်းက ပြည့်မှီသွားတဲ့အပြင် ဇွန်၁၉ရက်မှာ အရေအတွက်တစ်သိန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတာက ဇွန်လ၁၉ရက်မှာ ရက်ပေါင်း ၁၆၀၀ရှိပြီဖြစ်ပြီး မွေးနေ့မတိုင်ခင်တစ်ရက်အလိုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တို့ရဲ့ ပထမဆုံးရုံးထုတ်စစ်ဆေးခဲ့တဲ့ ၂၀၂၁မေလက တရားခွင်ရုပ်သံမှတ်တမ်းတခုလည်း ထွက်ပေါ်လာ ပါတယ်။ Source- BBC
၉ နှစ်အရွယ်မိန်းကလေးကို သတ်ခဲ့တဲ့တရွာတည်းနေလင်မယား ၂ ဦးကို ဖမ်းမိ
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဒဟတ္တန်းကျေးရွာမှာ အသက် ၉ နှစ်အရွယ်မိန်းကလေးရဲ့ ရွှေနားကပ်ကိုလိုချင်တဲ့အတွက် သတ်ဖြတ်ခဲ့တဲ့ တရွာတည်းနေ လင်မယား ၂ ဦးကိုဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယင်းဇနီးမောင်နှံက ဇွန် ၇ ရက်ညနေမှာ နေအိမ်ကနေထွက်လာတဲ့ မနှင်းရတီကို နေအိမ်ကိုခေါ်သွားပြီးနောက် နားကပ်ကိုဖြုတ်ယူချိန် ကလေးငယ်ကအော်ဟစ်တာကြောင့် တိုင်နဲ့ခေါင်းကိုဆောင့်ပြီး တိုက်ရာမှာ သေဆုံးသွားခဲ့တာဖြစ်ပြီး အလောင်းကို နေအိမ်ထဲကသံသေတ္တာထဲမှာထည့်ပိတ်ထားကာ ဇွန် ၉ ရက်ညပိုင်းမှာ ကျေးရွာသုသာန်အနီး မြွေရေခွံအိတ်ထဲ ထည့်ပြီး စွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်။
ရွှေနားကပ်ကိုတော့ မိတ္ထီလာမြို့ကရွှေဆိုင်မှာ သွားရောက်ရောင်းချထားခဲ့တာလို့ သိရတာကြောင့် ရဲက သက်သေခံအဖြစ် နားကပ်ကိုပြန်သိမ်းလာပြီး ပြစ်မှုကျူးလွန်သူလင်မယားကိုတော့ မိတ္ထီလာမြို့မရဲစခန်းက လူသတ်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ လုယက်မှုကျူးလွန်ရာမှာ အလိုအလျောက် နာကျင်စေမှုအတွက် ပုဒ်မ ၃၉၄ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ Source- မြေလတ်အသံ
ညအချိန်အင်တာနက်မပိတ်တာကြောင့်ဆိုင်ရှင်အမျိုးသမီးအပါအဝင် ပြည်သူ ၃ ယောက်ကို လက်နက်ကိုင် လူတစုကရိုက်နှက်ခဲ့
ထိုင်းနယ်စပ်၊ ကရင်နီပြည်ထဲက ရွာတရွာမှာ အင်တာနက်ဆိုင်ကို ညအချိန် အင်တာနက် မပိတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ရှင်အမျိုးသမီးအပါအဝင် ပြည်သူ ၃ ယောက်ကို လက်နက်ကိုင် လူတစုက ပါးရိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ ဆိုင်ထဲကို လက်နက်ကိုင်ဆောင်ထားသူ လူတစုက ဝင်လာပြီး အင်တာနက် Wifi မပိတ်တဲ့ဆိုင်ရှင်အမျိုးသမီးနဲ့အခြားတယောက်ကိုပါးရိုက်ခဲ့သလို အခြားတယောက်ကို တုတ်နဲ့ရိုက်ခဲ့ တာလို့ဆိုတယ်။
အရိုက်ခံရသူတွေက Kpay ငွေသွင်းငွေထုတ် လုပ်ကိုင်တာ၊ စက်ပစ္စည်းရောင်းဝယ်တာ၊ Star link အင်တာနက်ဆိုင်ဖွင့်ကာ ကောင်းရောင်းကောင်းဝယ် လုပ်စားသူတယောက် ဖြစ်ပြီး ည ၁၀ နာရီအချိန်မှာ အင်တာနက်ကို ပိတ်ရမယ်လို့ သတ်မှတ်ထားပေမယ့် အချိန်ကျော်တဲ့အထိ မပိတ်တာကြောင့် အခုလို ရိုက်နှက်ခဲ့တာလို့ လက်နက်ကိုင်လူစုက ပြောကြောင်းလည်း ယင်းဒေသခံကပြောပါတယ်။
ယင်းဖြစ်ရပ်နဲ့ပတ်သတ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တို့ကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့ မသိသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။ Source- DVB
ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ဇနီး၊KWOခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ပဒို နော်လာဖိုးကွယ်လွန်
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ဇနီးဖြစ်ပြီး၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)ရဲ့ ခေါင်းဆောင်တယောက်လည်းဖြစ်တဲ့ပဒို နော်လားဖိုက ဇွန် ၁၄ ရက် မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။
ပဒို နော်လာဖိုးက KWO စတင်တည်ထောင်တဲ့ ၁၉၈၅ ခုနှစ်ကစလို့ လုပ်ငန်းတွေစတင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ဥက္ကဋ္ဌရာထူးကို ၆ ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဒါ့အပြင်သူဟာ KWO ရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ခဲ့ပြီး KWO ဥက္ကဋ္ဌဖြစ်နေချိန်မှာ KNU ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်လည်း ဖြစ်ခဲ့ပါတယ်။
ပဒိုနော်လားဖိုးက KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြနဲ့ ၁၉၆၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီး (၇) ဦးထွန်းကားခဲ့ပါတယ်၊ ကွယ်လွန်ချိန်မှာ သားဖြစ်သူ ကော်သူးလေအာမီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောနယ်ဒါးဘိုမြနဲ့ သမီး ၃ ဦး၊ မြေး ၂၁ ဦးတို့ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ Source- DVB
အမေရိကန်ရောက် မြန်မာဆယ်လီလုပ်ငန်းရှင် လီဗီဆပ်နိုင်သန်း လိမ်လည်မှုဖြင့် ကန်ဒေါ်လာ ၃သန်းကျော် ဒဏ်ရိုက်ခံရ
အမေရိကန်ရောက် မြန်မာဒုက္ခသည်များအပါအဝင် ရွှေ့ပြောင်းများထံမှ ငွေကြေးလိမ်လည်မှုဖြင့် အမေရိကန်နေ မြန်မာဆယ်လီလုပ်ငန်းရှင်အမျိုးသမီးဖြစ်တဲ့ လီဗီဆပ်နိုင်သန်းကို အမေရိကန်ခရိုင်တရားသူကြီးက အမေရိကန် ဒေါ်လာ ၃ ဒသမ၂ သန်းကျော်ပေးဆောင်ရန် ဒဏ်ငွေချမှတ်လိုက်တယ်လို့ သိရပါတယ်။
လီဗီဆပ်နိုင်သန်းက ရေနံတူးဖော်ရန်မြေငှားရမ်းခွင့်စာချုပ်ကို အကျိုးအမြတ်မက်လုံးပေး၍ ရင်းနှီးမြုပ်နှံမှုအတွက် ဒေါ်လာ သိန်းချီလိမ်လည်ခဲ့ခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်းနေထိုင်သူ တဒါဇင်ခန့်အား စီးပွားရေး နစ်နာကြေး ဒေါ်လာ ၄၅၇,၀၀၀၊ ဒဏ်ခတ် နစ်နာကြေး ဒေါ်လာ ၁ ဒသမ၄ သန်းနဲ့ လီဗီဆပ်နိုင်သန်းအား ဒဏ်ခတ်တဲ့ နစ်နာကြေး ဒေါ်လာ ၁ ဒသမ၄ သန်း ပေးဆောင်ရန် ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။
လီဗီဆပ်နိုင်သန်းက အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ်ကတည်းက ရွှေ့ပြောင်းအခြေချရောက်ရှိနေသည့် ချင်းတိုင်းရင်းသူတဦးဖြစ်ပြီး ၎င်းသည် ၂၀၁၈ ခုနှစ်တွင်ရေနံမြေတူးဖော်ရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမည်ဟုဆိုကာ လိမ်လည်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ Source- Irrawaddy
အိန္ဒိယထောင်မှ လွတ်မြောက်လာတဲ့ အမျိုးသမီးနဲ့ကလေးများ မြန်မာဘက်တွင် ဆက်လက် ထိန်းသိမ်းခံနေရ
အိန္ဒိယနိုင်ငံ အကျဥ်းထောင်မှ လွတ်မြောက်လာတဲ့ အမျိုးသမီး ၂၀ ဦးနဲ့ ကလေး ခုနစ်ဦးမှာ စစ်ကိုင်းတိုင်း ၊ တမူးမြို့ ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းခံနေရမှုကယနေ့ (ဇွန်လ ၁၅ ရက်) အထိ သုံးလနီးပါး (၈၆ ရက် ) ကြာရှိပြီဖြစ်တယ်လို့ တမူးမြို့ဒေသခံတွေထံက သိရပါတယ်။
ယင်းတို့မှာတရားဝင်နေထိုင်ခွင့် အထောက်အထား မရှိဟုဆိုကာ မဏိပူရပြည်နယ် ၊ လန်မ်ကားမြို့မှာ ၂၀၂၁ခုနှစ်တုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊ အင်ဖာမြို့ ဆာဂျီဝါးအကျဥ်းထောင်မှ ယခုနှစ် မတ်လ ၂၁ ရက်က အိန္ဒိယ – မြန်မာ ချစ်ကြည်ရေးတံတားမှတဆင့် စစ်ကောင်စီထံသို့ လွှဲပြောင်းပေးအပ်ခဲ့သလိုယင်းနေ့မှာပင် တမူးရဲစခန်းမှာ ထိန်းသိမ်းခံရတာပဲဖြစ်ပါတယ်။
ယခုထိန်းသိမ်းခံရသူတွေက မုံရွာမြို့နယ်ဘက်မှဖြစ်ပြီး တမူးမှ ကလေးမြို့ – မုံရွာလမ်းပိုင်းတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားတာကြောင့် မြေပြင်မှ ပို့ဆောင်ရန် အခက်အခဲရှိပြီး လေကြောင်းကနေ ဘယ်အချိန်ပြန်ပို့ မလဲ ဆိုတာ မသိနိုင်ဘူးလို့တမူးဒေသခံ ကပြောပါတယ်။
အမျိုးသမီးနဲ့ ကလေးတွေကို ဆက်လက်ထိန်းသိမ်းထားခြင်းနဲ့ ပတ်သက်လို့ လွှဲပြောင်းပေးအပ်ခဲ့တဲ့ အိန္ဒိယအစိုးရအနေနဲ့ အပြည့်အဝတာဝန်ရှိပြီး အမြန်ဆုံးလွှတ်မြောက်ရေးအတွက် ကြိုးပမ်းပေးရန် India For Myanmar ဦးဆောင်သူက တိုက်တွန်းထားပါတယ်၊
ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် ၂၀၂၁ခုနှစ် တွင် အမျိုးသမီးနှစ်ဦး၊ ၂၀၂၃ခုနှစ်တွင် အသက် ၃၂နှစ်အရွယ် မျိုးသားတဦးနဲ့ ၂၀၂၅ခုနှစ်တွင် လူကြီးတဦး ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မိသား စုဝင်တွေထံကသိရပါတယ်။
Source- Mizzima
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ငွေကြေးအလွဲသုံးစားမှု ကျူးလွန်ခဲ့တဲ့ မောက်ခမ်းဝါကို IEC မှ အရေးယူပေးရန် ဂျဲန်ဒါရေးရာအဖွဲ့အစည်းများတောင်းဆို
အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကျူးလွန်ခဲ့တဲ့ ဓာတ်ပုံဆရာ နဲ့ဒါရိုက်တာဖြစ်သူ လူငယ် မောက်ခမ်းဝါ(ခ)မင်းသူကျော်ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) အနေဖြင့် အရေးယူပေးရန် ဇွန် ၁၄ ရက်နေ့တွင် ဂျဲန်ဒါတရားမျှတရေးဆိုင်ရာအဖွဲ့အစည်း ၁၀ ဖွဲ့က တောင်းဆိုခဲ့ပါတယ်။
မောက်ခမ်းဝါမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ မဖွယ်မရာပြုမှုတို့အပြင် ကရင်နီပြည်တော်လှန်ရေးအတွက် ငွေကြေးအလွဲသုံးစားပြုမှုတို့ကို ကျူးလွန်ခဲ့ပြီး ၎င်းလုပ်ရပ်တွေကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးတဲ့ ဖြစ်စဉ်များ ကိုလည်း စောင့်ကြည့်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးကိုအကြောင်းပြ၍ရာထူး၊ အာဏာနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အကြမ်းဖက်မှု ကျူးလွန်သူတွေ ကို ခြွင်းချက်မရှိအရေးယူရမည်ဖြစ်ကာ IEC အနေဖြင့် ကရင်နီပြည်ကြားကာလ တရားစီရင်ရေးဥပဒေများအရ နစ်နာသူအား ကာကွယ်ပေးပြီး မင်းသူကျော်(ခ)မောက်ခမ်းဝါ ကို အရေး ယူပေးရန်လည်း အဆိုပါအဖွဲ့အစည်း ၁၀ ဖွဲ့က တောင်းဆိုခဲ့ပါတယ်။ Source- Ayeyarwaddy Times
KSCC ရဲ့ ဂျဲန်ဒါမူဘောင်က LGBTQIA+ တွေကို သီးသန့်ဖယ်ထုတ်ဖို့ ရည်ရွယ်မထားဘူးလို့ဆို
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကနေ ဇွန်လ ၁၅ ရက်က ပြဋ္ဌာန်းလိုက်တဲ့ ဂျဲန်ဒါမူဘောင်ဟာ ကရင်နီပြည်တွင်းက အမျိုးသမီးတွေရဲ့ ဖိနှိပ်ခံရမှုတွေကို အခြေခံထားကာ အာဏာပါဝါရှိတဲ့လူတွေရဲ့ ဖိုဝါဒကြီးစိုးမှုကို တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQIA+) တွေကို သီးသန့်ဖယ်ထုတ်ဖို့ ရည်ရွယ်ထားတာ မရှိဘဲ ဂျဲန်ဒါတန်းတူညီမျှမှုမှာ LGBTQIA+ အပါအဝင် အမျိုးသမီးတွေနဲ့ လူသားအားလုံးရဲ့ အခြေခံလူအခွင့်အရေးဖြစ်တယ်ဆိုတာကို လက်ခံထားတယ်လို့ KSCC အထွေထွေအတွင်းရေးမှူး မော်ဒေးမြာက ဖက်ဒရယ် FM ကို ပြောပါတယ်။
KSCC ပြဋ္ဌာန်းလိုက်တဲ့ ဂျဲန်ဒါမူဘောင်ဟာ LGBTQ+ တွေကို တမင်ချန်လှပ်ထားတယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ရှိ လာခဲ့ပြီး မူဘောင်မှာ အမျိုးသမီးတွေအတွက် ပြဋ္ဌာန်းချက်တွေ သိသိသာသာတွေ့ရပေမဲ့ LGBTQIA+ တွေအတွ က်တော့ မူဘောင်ရဲ့ နောက်ဆက်တွဲ (စ) မှာပဲ ဝေါဟာရဖွင့်ဆိုထားပါတယ်။
ဒီမူဘောင်က ကရင်နီမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အတွေ့အကြုံကို ဂျဲန်ဒါရှု့ထောင်က အခြေခံပြီး ရေးဆွဲထားတဲ့အတွက် ဒီ့ထက်ကျယ်ပြန့်တဲ့ Gender Identity (ဂျဲန်ဒါဝိသေသလက္ခဏာ) တွေကို မလွှမ်းခြုံနိုင်သေးဘူးလို့လည်း မော်ဒေးမြာက ရှင်းပြပါတယ်။
မူဘောင်ရဲ့ နောက်ခြေလှမ်းအနေနဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဦးဆောင်ပြီး ဂျဲန်ဒါမူဝါဒတစ်ခု ဆက်လက်ရေးဆွဲသွားမှာဖြစ်ပြီး ရှေ့ဆက်လုပ်ငန်းစဥ်တွေမှာ အမျိုးသမီးတွေအပါအဝင် LGBTQIA+ အရေးလှုပ်ရှားသူတွေဆီက အသံတွေ စုဆောင်းပြီး လိုအပ်တဲ့အစီအမံတွေ ရေးဆွဲနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
Source – Federal FM
အင်အားပြင်းငလျင်ဒဏ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတယ်လို့ Suu Foundation က သတင်းထုတ်ပြန်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အကျဉ်းချထားစဉ် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင် ဒဏ်ကြောင့် ဘယ်ဘက်လက်မောင်း ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ Suu Foundation က က သတင်းထုတ်ပြန်ပါတယ်။
ငလျင်ဒဏ်ကြောင့် ၎င်းကို အကျဉ်းချထားတဲ့ ထောင်အဆောက်အအုံ ပျက်စီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိခဲ့ကြောင်း ၊ လျှို့ဝှက်ထားရှိခံနေရတဲ့ အခြေအနေက ထောင်တွင်းသေဆုံးနိုင်မှာကို စိုးရိမ်မိကြောင်း ထုတ်ပြန်ပါတယ်။
Suu Foundation က ယနေ့ အသက် ၈၀ ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထားရှိတယ်ဆိုတာ ဆက်လက် ဖုံးကွယ်ထားတဲ့အတွက် စိုးရိမ်စရာအခြေအနေဖြစ်ပြီး သူမရဲ့ အခြေအနေကို မည်သူမှ သိခွင့်မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Source – Khit Thit
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025