တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန်လ ၈ ရက်နေ့ကနေ ၁၃ ရက်အတွင်းတပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

လှည်းကူးတွင် အသက် ၅ နှစ်သမီးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ ဖမ်းဆီးအမှုဖွင့်ခံရ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကြာအင်းအရှေ့ကျေးရွာက အသက်၅နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို ပုဒ်မ ၃၀၂၊ပုဒ်မ ၃၇၆ နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူက သားအကြီးဖြစ်သူကိုကျောင်းသွားပို့ချိန် သမီးငယ်ဖြစ်သူကို ဘေးအိမ်မှာခဏအပ်ခဲ့ချိန်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ ကလေးငယ်ရဲ့ ရုပ်အလောင်းကို စစ်ဆေးရာမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေအပြင် မိန်းမကိုယ်မှာပါ ဒဏ်ရာတွေရရှိထားတာ တွေ့ရပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသားကို ဇွန် ၁၁ ရက်မှာ အမှုဖွင့်ခဲ့ပါတယ်။

Source – DVB

ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကောလင်းနယ်ခံ အမျိုးသမီးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ဖလဲ နဲ့ ကံကုန်းကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖလဲရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာနေအိမ်ခြောက်လုံးပျက်စီးခဲ့ပြီး အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့သလို ကံကုန်းကျေးရွာတိုက်ခိုက်ခံရမှုမှာလည်း နေအိမ်ပေါ်ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက်အမျိုးသမီးတစ်ဦးသေဆုံးပြီး ဖခင်ဖြစ်သူလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင် နေအိမ် သုံးလုံး ထက် မနည်း ဗုံးထိမှန် ပျက်စီးခဲ့ပါတယ်။

Source – Mizzima

သံတွဲမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲ၊ အမျိုးသမီး ၃ ဦးသေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့ညက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင် နေတဲ့ အမျိုးသမီး ၃ ဦးနဲ့အမျိုးသား  ၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးတွေဟာ အသက် ၄၈ နှစ်၊ အသက် ၄၃ နှစ်နှင့် အသက် ၁၂ နှစ်အရွယ်တွေ ဖြစ်ကြပြီး သေဆုံးခဲ့တဲ့ အမျိုးသားကတော့ အသက် ၄၂ နှစ်ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာခံ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီအထဲက ၆ ဦးဟာ စိုးရိမ်ရ တယ်လို့ ဆိုပါတယ်။

Source – HI

တအာင်းပြည်ကောင်စီ TLC ဖွဲ့စည်း၊ထိပ်ပိုင်းဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးခေါင်းဆောင်လေးဦးပါဝင်

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC ကနေ တအာင်းပြည်ရဲ့ အမြင့်ဆုံးနိုင်ငံရေး အာဏာပိုင် အဖွဲ့အဖြစ် တအာင်းပြည်ကောင်စီ- TLC ကို ပြောင်းလဲဖွဲ့စည်းရာမှာ အမျိုးသမီးလေးဦးပါဝင်ကြောင်း TPCC ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တော်လှန်ရေးကာလ အစိုးရအစီအမံရဲ့အခြေခံမူမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့အခန်းကဏ္ဍတိုင်းမှာ အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးမူကို လက်ခံအကောင်အထည်ဖော်ဖို့ သဘောတူထား ကြတဲ့အတွက်မဖြစ်မနေလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းလုပ်ဆောင်ခဲ့မှုကြောင့် အခုလိုအမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်လာတာဖြစ်တယ် လို့ TLC ရဲ့ ဒုဥက္ကဌ(၁) လွေးမိုးခမ်းက ပြောပါတယ်။

ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ တအာင်း ပြည်ကောင်စီ -TLC မှာ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဌ၊ လွေးမိုးခမ်းက ဒုဥက္ကဌ (၁)၊ တား အေးမောင်က ဒုဥက္ကဌ (၂)၊ လွေးပိုးကမေဲ့ခြိူးဝ်းက အတွင်းရေးမှူး၊ ဗိုလ်ကြီးလွေးယေက တွဲဖက်အတွင်း ရေးမှူးအဖြစ် တာဝန်ယူပြီး ဗိုလ်ချုပ်တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်းနဲ့ လွေးမိုးလှိုင်တို့ကို အဖွဲ့ဝင်တွေအဖြစ်ပါဝင်ပါတယ်။

Source – HI

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးများသေဆုံးမှုမြှင့်တက်လာ

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ယခင်လတွေထက် ပိုမိုအသုံးပြုကာ အကြမ်းဖက်လုပ်ရပ်တွေကို တွင်ကျယ်စွာ ပြုလုပ်နေတဲ့အတွက် မေလအတွင်း အမျိုးသမီး ၉၂ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုး သမီးသမဂ္ဂ  BWU ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် မေလ ၁ ရက်နေ့မှ ၃၁ ရက်အတွင်း အမျိုးသမီး ၉၂ ဦး ‌သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၈၁ ဦးရှိခဲ့ပါတယ်၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၄ ဦး၊ သတ်ဖြတ်ခံရမှု ကြောင့် ၄ ဦး၊ အကျဉ်းထောင်တွင်း ဆေးဝါးကုသခံယူခွင့် မရရှိမှုကြောင့် ၁ ဦး နဲ့ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၂ ဦး သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီး ၉၂ ဦးအနက် ၂၉ ဦးမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးများဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးမှ ၄၁ ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့ကာ၊ ရခိုင်ပြည်နယ်မှ ၁၆ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၄ ဦးတို့ ပါဝင်ကြ ပါတယ်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၇၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ ဦး၊ မြေမြုပ်မိုင်းကြောင့် ၃ ဦးနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၁ ဦး၊ စုစုပေါင်း အမျိုးသမီး ၈၁ ဦးတို့မှာ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

Source – HI

စစ်ကောင်စီမှ ၆ နှစ်ကလေးငယ်ကို တရားခံအဖြစ် ဖမ်းဆီးထား

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင် အသတ်ခံရမှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၆ နှစ်အရွယ်ကလေးငယ်အပါအဝင် ၁၆ ယောက်ကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇွန် ၅ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ၁၆ ဦးထဲမှာ ၆ နှစ်အရွယ်ကလေးငယ်က ပစ်ခတ်လုပ်ကြံသူရဲ့သမီးလို့ဆိုကာ ဓါတ်ပုံကို ဝါးထားတာ၊မျက်လုံးအုပ်ထားတာမရှိသလို တရားခံအဖြစ် ထင်ရှားစွာဖော်ပြထားတာဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံရဲ့ဥပဒေမှာ အသက် ၇ နှစ်အောက်ကလေးက အမှန်တကယ်ပြစ်မှုကျူးလွန်ရင်တောင် ပြစ်မှု မမြောက်ဘူးဆိုတာ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးမှာ အတိအလင်းဖော်ပြထားတာပါ။ တည်ဆဲ ဥပဒေကိုလည်း ချိုးဖောက်ရာရောက်သလို ကလေးကို မိဘနဲ့အတူတကွ ဖမ်းဆီးတာက တကယ်တော့ ကလေး သူငယ်နဲ့ပတ်သက်တဲ့ နောက်ထပ်အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

Source – HI

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင်  မွေးနေ့ရှင်အပါအဝင်နိုင်ကျဉ်းများအားလုံးလွတ်မြောက်ရေး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆန္ဒပြု ဆုတောင်း မေတ္တာပို့ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ က တိုက်တွန်းချက် ထုတ်ပြန်ကြေညာပါတယ်။

ဇွန်လ ၁၉  ရက်နေ့မနက် ၈ နာရီမှာ မိမိတိုနေအိမ်တွင်း ဒါမဟုတ်  ရောက်ရှိရာအဆောက်အဦးအတွင်း၌ မိမိတို့ကိုးကွယ်ယုံကြည်ရာ ဓလေ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုဆန္ဒပြုလျက် ဆုတောင်းမေတ္တာပို့ခြင်းကို ၈ မိနစ်ကြာဆောင်ရွက်ပေးဖို့ NLD မွေးနေ့ ကျင်းပရေးကော်မတီက ပန်ကြားထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Mr. Kim (ခ) ဦးထိန်လင်း ဦးဆောင်တဲ့မွေးနေ့ဆုတောင်း စကားပြောခြင်းအစီအစဉ် Happy Birthday SUU Video Challenge မှာ ပါတီဝင်လူထု တရပ်လုံးနဲ့ ပြည်တွင်းပြည်ပရှိ နိုင်ငံသားအပေါင်းတို့ အပြည့်အဝပူးပေါင်းပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

Source – People’s Spring

ဝန်းသိုနဲ့ကောလင်းမှာ ဗုံးကြဲခံရလို့ အမျိုးသမီးငယ် ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုနဲ့ ကောလင်းမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၀ ရက်ည မှာ ဝန်းသိုမြို့နယ်၊ ကံကုန်းကျေးရွာကို တိုက်ခိုက်ရေးလေယာဉ် ၁ စီးနဲ့ ရော့ကတ် ၁၀ လုံးပစ်ခတ်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် မကြယ်ဇင်လင်း သေဆုံးပြီး ၁၀ နှစ်အရွယ်ယောက်ျားလေးနဲ့ ၄၀ အရွယ်အမျိုးသားတို့ ဒဏ်ရာရရှိခဲ့တာလို့ဆိုပါတယ်။

ကံကုန်းကျေးရွာဟာ အိမ်ခြေ ၅၀ ခန့်ရှိတဲ့ ကျေးရွာ ၁ ရွာဖြစ်ပြီး ဝန်းသို၊ ကောလင်း၊ ထီးချိုင့် စတဲ့မြို့နယ် ၃ မြို့နယ်ရဲ့နယ်စပ်မှာတည်ရှိပါတယ်။

Source – မြေလတ်အသံ

၄ ရက်ကြာပျောက်နေတဲ့ ၉ နှစ်အရွယ်မိန်းကလေးကို သေဆုံးလျက်ပြန်တွေ့

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ဒဟတ္တန်းကျေးရွာမှာ နေအိမ်ကနေ ၄ ရက်ကြာပျောက်နေတဲ့ အသက် ၉ နှစ်အရွယ် Grade 3 ကျောင်းသူ မနှင်းရတီကို သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မနှင်းရတီ ဟာ ဇွန် ၁၁ ရက် မနက် ၉ နာရီခန့်မှာ ကျေးရွာသုသာန်အနီး မြေရေခွံအိတ်အတွင်းမှာထုပ်လျက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ကလေးငယ်ရဲ့အလောင်းကို ပြန်တွေ့ရချိန်မှာ ပုပ်ပွနေပြီးဖြစ်တာကြောင့် အသတ်ခံထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုနည်းလမ်းနဲ့သတ်ထားတယ်ဆိုတာ အဖြေရှာလို့မရသေးဘူးလို့ ဆိုပါတယ်။အဆိုပါ မိန်းကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းဆီးရမိဖို့ရဲဘက်က စုံစမ်းစစ်ဆေးနေကာ အလောင်းကိုလည်း မိတ္ထီလာဆေးရုံကို သယ်ယူစစ်ဆေးမှုလုပ်နေပြီး ဆေးစစ်ချက် အဖြေကတော့ မရသေးဘူးလို့ဆိုပါတယ်။

Source – မြေလတ်အသံ

လိုင်စင်မဲ့ယာဥ် ဖမ်းဆီးရာတွင် အတွင်းခံမဝတ်ထားသည့် အမျိုးသမီးများကိုပါ ဒဏ်ငွေ ရိုက်နေ

မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ယာဥ်ထိန်းရဲအဖွဲ့တွေက လိုင်စင်မဲ့ မော်တော်ယာဥ်တွေနဲ့ ယာယီလိုင်စင်ဆိုင်ကယ်တွေကို ဖမ်းဆီး အရေးယူရာမှာ အမျိုးသမီး အတွင်းခံ ဘရာစီယာ မဝတ်ဆင်ဘဲ ဆိုင်ကယ်စီးနင်းလာသူတွေကိုပါ အရေးယူ ဒဏ်ရိုက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လိုင်စင်မဲ့ယာဥ်တွေ ဖမ်းဆီးအရေးယူနေတာကြောင့် လိုင်စင်ပါဆိုင်ကယ်ကို အပြည့်အစုံ ယူဆောင်ပြီး အရေးကြီးကိစ္စနဲ့ အပြင်သွားခဲ့ရာမှာ အတွင်းခံဘရာစီယာ မဝတ်ဆင်နိုင်ဘဲ မောင်းနှင်ခဲ့တာကြောင့် စစ်ကောင်စီ လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးဒဏ်ရိုက်တာ ခံခဲ့ရကြောင်း ပေါင်မြို့ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ဖိနပ်မပါဘဲ ဆိုင်ကယ်မောင်းနှင်တာနဲ့ ဘော်လီမဝတ်ဘဲ ဆိုင်ကယ်မောင်းနှင်တာတွေကိုပါ ဖမ်းဆီးအရေးယူနေကြောင်း လူမှုကွန်ရက်မှာ Live လွှင့် ပြောဆိုခဲ့တဲ့ ပေါင်မြို့၊ ကဒါမြို့သစ်နေသူ ကျော်အာကာဝင်း (ခ) ဖိုးဝ ဆိုသူကို အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်နဲ့ အစိုးရကို အကြည်ညိုပျက်စေရန် ရည်ရွယ်မှုနဲ့ ပေါင်မြို့မရဲစခန်းက (ပ)၁၀၉/၂၀၂၅ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူထားကြောင်း ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Source – DVB

Author: