စစ်ဗျူရိုကရေစီယန္တယားထဲက ရုန်းထွက်ပုန်ကန်သူ
ခင်ဘုန်းမို့
“ CDM တျားသူကြီး ဒေါ်နဒီဝင့်နိုင်ထိုင်းမှာ ချဲပေါက်တဲ့သူတွေ ခေါ်တီးနေကြဘီ” လို့စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်တွေက ဝါဒဖြန့်ရေးသားဖြန့်ဝေခဲ့ပါတယ်။
“တောင်ငူခရိုင်တရားရုံးက ဒုဦးစီးလက်သုံးချောင်းထောင် ယောင်ဝါးလုပ် CDM ဆိုတဲ့ နာမည်ကြီးတဲ့လမ်းကို လျှောက်ခဲ့တဲ့အမိုက်မ အခုတော့ KTV တွေမှာ ဟိုင်းမယ်အဖြစ်နဲ့ဘဝကို ဖြတ်သန်းနေရတယ်လို သိရှိရပါ တယ်” ဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက် ရေးသားဖြန့်ဝေခဲ့ပါတယ်။
သူတို့ဖြန့်ဝေတဲ့ဓာတ်ပုံတွေဟာ CDM တရားသူကြီး မနဒီဝင်းလဲ့ရဲ့ လုပ်ငန်းအတွက် ကြော်ငြာရိုက်ကူးထားတဲ့ပုံတွေဖြစ်ပါတယ်။ သတင်းမှားဖြန့်ဝေပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်သူတွေဟာ နာမည်ကိုလည်း မှားယွင်းရေးသားထားပါသေးတယ်။
မနဒီဝင်းလဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ Royal Traditional Musical Store နဲ့ RTM Gallery 3 Studio လုပ်ငန်းတွေကို ခင်ပွန်းဖြစ်သူနဲ့အတူ လုပ်ကိုင်နေတာလို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့နေရာမှာ အမျိုးသမီးတွေဟာ ရှေ့တန်းကပါဝင် ခဲ့ရုံတင်မက ကျရာနေရာ ဘက်ပေါင်းစုံက ပါဝင်ခဲ့ကြတာဟာ နွေဦးတော်လှန်ရေးရဲ့ ထူးခြားမှုတခုလည်း ဖြစ်တာကိုတွေ့ရပါတယ်။
မနဒီဝင်းလဲ့အပါအဝင် အမျိုးသမီးတွေဟာ စစ်ကောင်စီကိုဆန့်ကျင်တဲ့အတွက် မတရားဖမ်းဆီး၊ ထောင် ချ၊ သတ်ဖြတ်ခံရတဲ့အပြင် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကိုလည်း ခံနေကြရတာကို မကြာခဏတွေ့ ရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အမျိုးသမီးတွေကို မုဒိန်းကျင့်၊ သတ်ဖြတ်တာအပြင် စစ်ကောင်စီလက် အောက်ခံ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကလည်း တော်လှန်ရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေ ကို လိင်ပိုင်းဆိုင်ရာထိပါး စော်ကားတဲ့အသုံးအနှုန်းတွေနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက် ရေးသားဝါဒဖြန့်ဖော်ပြမှု တွေကို ရည်ရွယ်ချက်ရှိရှိလုပ်နေပါတယ်။ အထူးဖြင့် နိုင်ငံရေးတက်ကြွတဲ့ဦးဆောင်နိုင်တဲ့ အရည်အချင်း ရှိတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားလုပ်ဆောင်နေကြတာတွေ့ရပါတယ်။
အရင်နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကလည်း အမျိုးသမီးတယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တံဆိပ်အမျိုးမျိုးကပ် နှစ်ပေါင်း ၂၀ကျော် သတင်းစာတွေကနေ ကလောင်အမျိုးမျိုးနဲ့ အပတ်စဥ်၊ နေ့ စဥ် ပုဂ္ဂိုလ်ရေးတိုက်ခိုက် ဝါဒဖြန့်ခဲ့ပါတယ်။
အခုဒစ်ဂျစ်တယ်ဆိုရှယ်မီဒီယာတွေ ဖွံ့ဖြိုးလာချိန်မှာလည်း နစကစစ်ကောင်စီလက်အောက်ခံ တယ်လီ ဂရမ်ချန်နယ်တွေမှာ CDM ဝန်ထမ်းအမျိုးသမီးတွေကို လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေ တယ်ဆိုတဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားဖြန့်ဝေမှုတွေကို တွေ့ရပါတယ်။
ဒီလိုဂုဏ်သိက္ခာကျဆင်းအောင် လိင်ပိုင်းဆိုင်ရာထိခိုက်တဲ့ အသုံးအနှုန်းတွေနဲ့ တိုက်ခိုက်ခံရသူတွေထဲမှာ CDM တရားသူကြီးတစ်ဦးဖြစ်တဲ့ မနဒီဝင်းလဲ့လည်း ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံ တယ်လီ ဂရမ်ချန်နယ်တွေက CDM တရားသူကြီးကို လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်နေ ရပြီလို့ ဆိုကာ ရေးသားဖြန့်ဝေခဲ့ပါတယ်။
“ဒီစကစဘက်ကလူတွေက စိတ်ဓာတ်ဘယ်လောက်အထိအောက်တန်းကျလဲဆိုတာ ဒီ comment တွေမှာ မြင်သာတယ်”လို့ မနဒီဝင်းလဲ့ကဆိုပါတယ်။
တချို့ကော်မန့်တွေဆိုရင် တညကို ဘယ်လောက်ပေးရကြောင်း၊ ဖုန်းနံပတ်က ဘယ်လောက်ပါ၊ သူကိုယ် တိုင် တညအိပ်ဖူးပါတယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ရေးသားပြောဆိုကြတယ်လို့ မနဒီဝင်းလဲ့က ပြောပါတယ်။
အစပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်ပေမယ့် ဒါကစကစရဲ့လုပ်နေကျနည်းလမ်းဖြစ်တာကို သိနားလည်တဲ့အတွက် နောက်ပိုင်းမှာတော့ ဂရုမစိုက်တော့ဘူးလို့ မနဒီဝင်းလဲ့က ဆိုပါတယ်။
အမျိုးသမီးတွေကို တဆင့်နိမ့်ခွဲခြားဆက်ဆံတတ်တဲ့ စစ်ကောင်စီဘက်တော်သားတွေဟာ ဒီမိုကရေစီ တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်သိက္ခာပိုင်းဆိုင်ရာထိခိုက်အောင် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ထိပါးရေးသားလေ့ရှိပါတယ်။ အထူးသဖြင့် တော်လှန်ရေး၊ နိုင်ငံရေးထဲမှာ အမျိုးသမီးတွေ မပါဝင်လာအောင် တဆင့်နိမ့်ခွဲခြားဆက်ဆံ ပြုလုပ်တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ နည်းဗျူဟာတခု ဖြစ် တယ်လို့ မနဒီဝင်းလဲ့က မှတ်ချက်ပြုပါတယ်။
“အမျိုးသားတွေထက် အမျိုးသမီးတွေက အရှက်တရားရှိတဲ့အတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အရှက် တရားဆိုင်ရာ ထိခိုက်လာပြီဆိုရင် ဒီလိုမျိုးတိုက်ခိုက်ခံရပြီဆိုရင်တော့ ရှေ့လျှောက် တော်လှန်ရေး အလုပ်တွေကို ရပ်လိုက်သင့်ပြီဆိုတဲ့ အတွေးမျိုးဝင်အောင်လုပ်တာ အမှန်ပဲ”လို့ သူကဆိုပါတယ်။
မနဒီဝင်းလဲ့ကိုယ်တိုင်ကတော့ ဒီလိုမျိုးရေးသားခံရပေမယ့်လည်း တော်လှန်ရေးနဲ့ပတ်သက်လို့ နောက် ဆုတ်သွားစရာအကြောင်းမရှိဘဲ တော်လှန်ရေးအလုပ်တွေကို ပိုပြီးအားစိုက်လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
မနဒီဝင်းလဲ့ဟာ တောင်ငူခရိုင်တရားရုံးမှာ ဒုတိယဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ စစ်အာဏာ သိမ်းမှုကြောင့် CDM ပြုလုပ်ဖြစ်ခဲ့တယ်။ ဒီမိုကရေစီကျင့်စဉ်ရဲ့ ထောက်တိုင်တွေထဲကတခုဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်က တရားသူကြီးတွေအနေနဲ့ CDM မှာပါဝင်မယ်ဆို စစ်ကောင်စီအမြန်ဆုံး ကျရှုံး စေမယ်ဆိုတဲ့ စိတ်နဲ့ CDM မှာပါဝင်ခဲ့တာလို့ဆိုပါတယ်။

ဘာအာဏာမှမရှိဘဲ ကိုယ့်ရဲ့စီရင်ပိုင်ခွင့်၊ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား၊ ဘာမှအသုံးချပိုင်ခွင့်မရှိဘဲနဲ့ စစ် ကောင်စီအလိုကျ အပြစ်မရှိတဲ့သူတွေအကုန်လုံးကို ဥပဒေနဲ့မညီတဲ့ မတရားပြစ်ဒဏ်တွေချဖို့အတွက် အမိန့်ပေးတာကို ရုပ်သေးရုပ်တွေအဖြစ်နဲ့ စစ်ဗျူရိုကရေစီယန္တယားထဲမှာပါဝင်နေရတာမျိုးကို လုံးဝ သဘောမကျဘူးလို့ သူကဆိုပါတယ်။
“ကိုယ်ဟာ တရားသူကြီးဖြစ်တဲ့အတွက် တရားတဲ့သူပဲဖြစ်ချင်တယ်။ မတရားတဲ့ စစ်ကောင်စီရဲ့အလိုကျ လက်ပါးစေအဖြစ်နဲ့ ဆောင်ရွက်ရမယ့် မတရားသူကြီးမဖြစ်ချင်တဲ့အတွက် CDM လုပ်ဖြစ်ခဲ့တာ”လို့ မနဒီ ဝင်းလဲ့က CDMမှာ ပါဝင်ခဲ့တဲ့ သူ့ခံယူချက်ကို ပြောပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေကိုလည်း CDM မှာ ပါဝင်ဖို့ စည်းရုံးနှိုးဆော်ခဲ့ပေမယ့် အနည်းအကျဉ်းသာ CDM ခရီး လမ်းကို အတူတူလျှောက်လှမ်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ CDM အဖြစ် ပုန်းရှောင်နေရင်းနဲ့လည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။ သပိတ်တွေမှာ ပါဝင်ရင်းနဲ့ သေနတ်ပစ်ဖြိုခွင်းခံရတာ၊ သပိတ်ကနေ ထွက် ပြေးရတာတွေလည်း ကြုံတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
“သူမှန်တဲ့လမ်းကိုလျှောက်တယ်၊တရားမျှတတဲ့လမ်းကိုလျှောက်တယ်၊ လူပီသတဲ့စိတ်ဓာတ်ရှိကြောင်း ဒါသူသက်သေပြတာပဲလေ၊ ဒီအတွက်က သဘောကျတယ်။အရမ်းလည်းလေးစားတယ်၊ဂုဏ်ယူတယ်”လို့ ဇနီးဖြစ်သူ CDM ပြုလုပ်တာနဲ့ပတ်သက်ပြီး ခင်ပွန်းဖြစ်သူကိုစန္ဒရားမင်းသန့်က မှတ်ချက်ပြုပါတယ်။
မနဒီဝင်းလဲ့တစ်ယောက် CDM ပြုလုပ်ခဲ့တဲ့အချိန်မှာလည်း အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရတယ်။ ငွေကြေး ဆိုင်ရာတွေ ခက်ခဲခဲ့တယ်။ ကိုယ်တိုင်လည်း ရပ်တည်ဖို့ခက်ခဲလာသလို ဘဝတူ CDM တွေကိုလည်း ထောက်ပံ့ချင်တဲ့အတွက် အွန်လိုင်းကတစ်ဆင့် English စာသင်ကြားပေးရင်း ဝင်ငွေရှာဖွေခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒအတူတူပြသူတွေ ဖမ်းဆီးခံရတာကို ကြုံခဲ့ရဖူးတာ၊ ကိုယ့်ကိုလာရှာရင်း တခြားသူတစ်ဦး ဖမ်းဆီးခံခဲ့ ရတာ၊ လုံခြုံရေးအရ နေရာခဏခဏ ရွေ့ပြောင်းနေထိုင်ရတာ၊ မိသားစု၊ မိတ်ဆွေမရှိတဲ့နေရာမှာ တစ်ယောက်ထဲ နေထိုင်ရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါ တယ်။ တယောက်ထဲ အော်ငိုနေမိတာမျိုးတွေ၊ အော်ဟစ်နေမိတာမျိုးတွေ ပြုလုပ်မိလာခဲ့တယ်။ အဲဒါ ကြောင့် ချစ်သူဖြစ်သူနဲ့ လက်ထပ်ခဲ့ပြီး အခက်အခဲတွေကို နှစ်ဦးအတူတူရင်ဆိုင်ခဲ့ကြတယ်။
“အဲ့အချိန်တုန်းက ကိုယ့်ခံစားချက်နဲ့လည်းထပ်တူကြတယ်၊ ကိုယ့်ခံယူချက် နဲ့လည်းထပ်တူကြတဲ့အတွက် ကိုယ်လက်တွဲဖော်ကောင်းလို့ဆုံးဖြတ်တယ်၊ ဘဝလက်တွဲဖော်လို့ဆုံးဖြတ်လိုက်တဲ့အတွက် အတူတူလက်တွဲခဲ့တယ်၊ မှန်တဲ့လမ်းကိုလျှောက်တဲ့ အတွက် ဒီလမ်းပေါ်မှာဖြစ်လာတဲ့ အခက်အခဲတွေက သူတယောက်ထဲရင်ဆိုင်နေတာထက်စာရင် နှစ်ယောက်ဆို ရင်ဆိုင်ရဖြတ်ကျော်ရဖြေရှင်းရလွယ်ကူမယ်လို့ ယုံကြတယ်”လို့ ခင်ပွန်းဖြစ်သူ ကိုစန္ဒရားမင်းသန့်ကပြောပါတယ်။
ပြည်တွင်းမှာနေထိုင်းရင်းနဲ့ နေထိုင်တဲ့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးဆီကို CDM တွေဖြစ်ကြောင်း လှမ်းတိုင်တဲ့အတွက် ကိုယ်ဝန်နဲ့ ကလေး မွေးဖွားခါနီးအချိန် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။ ကိုယ်တိုင်လည်း English စာသင် သလို၊ ခင်ပွန်းဖြစ်သူကလည်း အွန်လိုင်းက စန္ဒယားတီးသင်တဲ့ဝင်ငွေနဲ့နှစ်ဦးသားရပ်တည်ခဲ့ကြတယ်။
ပြည်တွင်းထဲမှာနေထိုင်ရင်းနဲ့ NUG ရဲ့တရားရေးဝန်ကြီးဌာနမှာ ဥပဒေပိုင်းနဲ့ပတ်သက်ပြီး freelance အနေနဲ့လိုအပ်တာတွေ ဝင်ရောက်ဆောင်ရွက်ခဲ့တယ်။ ဒီလိုနဲ့ပြည်တွင်းမှာ ရှောင်တိမ်းနေထိုင်ရင်းနဲ့ ဖုန်းဆင်းကတ်ပြောင်းထားတာတောင်မှ ပြောင်းထားတဲ့နံပါတ်ကို စကစဘက်က လူတစ်ဦးက ဖုန်းဆက် ခြိမ်းခြောက်တာနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
“ နင်ဘယ်မှာရှိလဲဆိုတာ ငါသိတယ်။ နင်ရဲ့ဖုန်းကိုဆက်တယ်ဆိုကတည်းက နင်နဲ့အနီးဆုံးတာဝါတိုင်ကို သိလို့ ငါဆက်တာ နင်လွတ်အောင်ပြေးပေါ့။ မဟုတ်ရင် နင့်ကိုဘယ်နှစ်ယောက်ဝိုင်းပြီး မုဒိန်းကျင့်မယ် ဆိုတာမျိုး ခြိမ်းခြောက်လာတယ်” လို့ မနဒီဝင်းလဲ့က သူ့တိမ်းရှောင်ရတဲ့အကြောင်းအရင်းကို ပြန်ပြော ပြပါတယ်။
အဲဒီနောက် နေရာထပ်မံရွေ့ပြောင်းနေထိုင်ရပြီး ပြည်တွင်းမှာနေထိုင်ရတာ မလုံခြုံတော့တဲ့အတွက် ထိုင်း နိုင်ငံ၊ မဲဆောက်မြို့ကို ရွေ့ပြောင်းအခြေချဖို့ ဆုံးဖြတ်ခဲ့တယ်။ မဲဆောက်မှာရှိတဲ့ အဖွဲ့အစည်းတခုမှာ ဥပဒေအကြံပေးအဖြစ် လုပ်ကိုင်ဖို့ကမ်းလှမ်းခဲ့တဲ့အတွက် ရွေ့ပြောင်းဖြစ်ခဲ့တယ်။ အဲဒီအဖွဲ့အစည်းမှာ နှစ်နှစ်ကြာလုပ်ကိုင်ခဲ့ပြီး တော်လှန်ရေးအတွက် အားစိုက်လုပ်ကိုင်ခဲ့တယ်။
လက်ရှိမှာတော့ တော်လှန်ရေးအတွက် ငွေကြေးအဓိက ထောက်ပံ့နိုင်အောင် စီးပွားရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေတယ်လို့ မနဒီဝင်းလဲ့က ဆိုပါတယ်။
တဖက်မှာလည်း ဥပဒေနဲ့ပတ်သက်တာတွေကို freelance အကြံပေးတာတွေဆောင်ရွက်နေပါတယ်။ တခါတလေတော့ မြတ်နိုးတန်ဖိုးထားရတဲ့ တရားသူကြီးအလုပ်ကို စွန့်လွှတ်ခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်ရတဲ့အချိန်တွေတော့ ရှိတယ်လို့ မနဒီဝင်းလဲ့က ပြောပါတယ်။ ပြည်တွင်းကနေ ပြောင်းရွေ့လာ ခါစမှာတော့ ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး counselling ယူခဲ့ရပါတယ်။ လက်ရှိမှာတော့ စိတ်ဓာတ်ကျစရာအချိန်မရှိအောင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ အသိပညာလေ့လာမှုတွေ၊ ဉာဏ်ပညာပိုင်ဆိုင်ရာမျှဝေမှုတွေကို လုပ်ဆောင်နေပါတယ်။
မနဒီဝင်းလဲ့ဟာ ကိုယ်တိုင်လည်း အရာရာမှာဦးဆောင်သူတစ်ဦးဖြစ်သလို အမျိုးသမီးတွေအပေါ်တဆင့် နိမ့်ခွဲခြားဆက်ဆံမှုတွေကိုလည်း လုံးဝဆန့်ကျင်သူတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝမှာ တုန်းကလည်း ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာထိပါးတဲ့ ကျောင်းသားတွေအကြောင်းကို ကျောင်း တာဝန်ရှိသူတွေထံ ထုတ်ဖော်တိုင်ကြားခဲ့သူဖြစ်တယ်။ ဒီလိုမျိုးထုတ်ဖော်တိုင်ကြားခဲ့တဲ့အတွက် နောက် ပိုင်းကျောင်းသူတွေကို မလုပ်ရဲဘူးဆိုတဲ့အထိ စံပြဖြစ်ခဲ့တယ်လို့ မနဒီဝင်းလဲ့က ပြောပါတယ်။
အသားခပ်လတ်လတ်၊အရပ် ငါးပေလောက်နဲ့ ခန္ဓာကိုယ် သေးသေးသွယ်သွယ်ရှိတဲ့ မနဒီဝင်းလဲ့ဟာ အရာရာကို သွက်သွက်လက်လက် ထက်ထက်မြက်မြက်လုပ်ကိုင်သူဖြစ်တာတွေ့ရပါတယ်။
တရား သူကြီးအဖြစ် တာဝန်ယူစဉ်တုန်းက အမျိုးသမီးဖြစ်တဲ့အတွက် တရားခွင်မှာအမျိုးသားတချို့ရဲ့ မထီမဲ့မြင် ပြုတာတွေ၊ မခန့်လေးစားပြုမူတာတွေ ကြုံတွေ့ခဲ့ရတယ်။
အဲဒီအခါ တရားဥပဒေဘောင်ထဲကနေ အရေးယူမှုတွေပြုလုပ်တာ၊ စည်းစနစ်တကျ ကိုင်တွယ်တာတွေကြောင့် နောက်ပိုင်းမှာ မထိလေးစားမပြုလုပ်ရဲကြတော့ဘူးလို့ မနဒီဝင်းလဲ့က သူ့အတွေ့အကြုံကို ပြော ပြပါတယ်။
ငယ်ငယ်ကတည်းက ဥပဒေပိုင်းကိုဝါသနာပါခဲ့ပြီး တရားသူကြီးတစ်ဦးဖြစ်ချင်ခဲ့တဲ့အတွက် တက္ကသိုလ်ဝင် တန်းအောင်မြင်ပြီးတဲ့နောက် ဥပဒေမေဂျာကိုတက်ရောက်ခဲ့တယ်။
ဖခင်ကိုယ်တိုင်ကလည်း တရားသူကြီးတစ်ဦးဖြစ်ခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာပင်ပန်းရတဲ့ အလုပ်ဖြစ်တဲ့ အတွက် မနဒီဝင်းလဲ့ကိုတော့ တရားသူကြီးတစ်ဦး မဖြစ်စေချင်ခဲ့ပါဘူး။
ရန်ကုန်တက္ကသိုလ်မှာ Master တက်ရင်းနဲ့ တရားသူကြီးစာပေးပွဲဝင်ဖြေတဲ့အခါ စာမေးပွဲအောင်ပြီး တရားသူကြီးဖြစ်ခဲ့တယ်။ ယူကေနိုင်ငံရဲ့ Chevening ပညာသင်ဆု လျှောက်ထားရာမှာ အရွေးခံခဲ့ရပေမယ့် လုပ်သက်မပြည့်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဌာနက ခွင့်မပြုတဲ့အတွက် ပညာသင်ဆုကို လက်လွှတ်ခဲ့ရပါတယ်။ စစ်အာဏာသိမ်းတဲ့အခါမှာတော့ တရားသူကြီးအလုပ်ကို စွန့်လွှတ်ပြီး CDM အဖြစ် ရပ်တည်ခဲ့တယ်။ အိပ်မက်တွေကို ခဏစွန့်လွှတ်ထားရပေမယ့် ဥပဒေအကြံပေးတစ်ဦးအနေနဲ့ အတွေ့အကြုံအသစ်တွေ၊ သင်ယူစရာတွေ ရခဲ့တယ်။ ပြီးခဲ့နှစ်ကလည်း အမေရိကန်နိုင်ငံက ပညာသင်ဆု တခုကို ဝင်ရောက်လျှောက်ထားခဲ့ပေမယ့် အမေရိကန်အစိုးရအပြောင်းအလဲကြောင့် တက်ရောက်ခွင့် မရခဲ့ပါဘူး။
ဒါကြောင့်လက်ရှိမှာတော့ စီးပွားရေးလုပ်ကာ တော်လှန်ရေးကိုထောက်ပံ့နိုင်ဖို့ပဲ အာရုံစိုက်ထားဖြစ်တယ် လို့ ဆိုပါတယ်။ ကိုယ်တိုင်လည်း အားမလျော့သလို တော်လှန်ရေးမှာပါဝင်နေသူတွေကိုလည်း အား မလျော့ဖို့၊ လဲကျရင်ပြန်ထဖို့ အားပေးစကားဆိုပါတယ်။
အာဏာမသိမ်းခင်က တရားမျှတတဲ့ တရားသူကြီးတစ်ဦးဖြစ်ချင်ပြီး မြန်မာနိုင်ငံရဲ့တရားရေးလောကကို တရားမျှတပြီး၊ တရားဥပဒေစိုးမိုးမှုရှိတဲ့ အကျင့်ပျက်ခြစားမှုကင်းတဲ့ လောကတခုဖြစ်စေချင်ခဲ့တာက မနဒီဝင်းလဲ့ရဲ့ဆန္ဒပါ။ မနဒီဝင်းလဲ့အနေနဲ့ တော်လှန်ရေးအောင်တဲ့အခါ မြန်မာပြည်ရဲ့တရားရေးလောက ကို အထောက်အကူပြုမယ့် တရားသူကြီးအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ဖို့ စိတ်ကူးထားပါတယ်။ ဒါ့အပြင် တရားသူကြီးအိပ်မက်ကို နိုင်ငံတကာမှာ အကောင်အထည်ဖော်နိုင်တဲ့အထိ ကြိုးစားသွားမယ် လို့ မနဒီဝင်းလဲ့ကဆုံးဖြတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဦးနေဝင်းကစတဲ့ စစ်အစိုးရအဆက်ဆက်က အမျိုးသမီးတွေကို အရည်အချင်းရှိရင်တောင် ဦးဆောင်မှုနေရာမပေးချင်လို့ တဆင့်နိမ့်ခွဲခြားဆက်ဆံကာ၊ ပညာရေးအရလည်း ကန့်သတ်ခဲ့တယ်။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက်ရဲ့ ဝါဒဖြန့် ယန္တယားတွေ ဟာ အမျိုးသမီးတွေဖိနှိပ်ပ်တဲ့ ခွဲခြားဆက်ဆံပုံစံ ယဥ်ကျေးမှုဓလေ့ထုံးတွေဖြစ်အောင် လုပ်ထားရုံမက ဥပဒေလုပ်ထုံးလုပ်နည်းတွေအရလည်း ခွဲခြားဆက်ဆံတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ခွဲခြား ဆက်ဆံခဲ့တာတွေ့နိုင်ပါတယ်။
အခုနွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာမက စစ်အစိုးရအဆက်ဆက်က မျိုးစေ့ချပျိုးထောင်ခဲ့တဲ့ အတွေးအခေါ်ဆိုးတွေ နှောင်ကြိုးတွေကိုပါ တိုက်ဖျက်နေတယ်ဆို တာ အောက်ဖော်ပြပါ မနဒီဝင်းလဲ့စကားကသက်သေပြလို့နေပါတယ်။
“အမျိုးသမီးတွေက အမျိုးသားတွေနဲ့ မယှဉ်နိုင်စရာအကြောင်းကို မရှိဘူးလို့ တွေးထားတယ်။ အကုန်လုံး ကလူတွေပဲ အားလုံးကတန်းတူပဲ အဲဒီအတွက်ကြောင့် စိတ်ဓာတ်လည်းမာရမယ်၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လည်း စိတ်ကိုထည့်လိုက်ရင် ကျွန်မတို့မလုပ်နိုင်တဲ့အရာ ဘာမှမရှိတော့ဘူးပေါ့” မနဒီဝင်းလဲကဆိုပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025