စစ်ကောင်စီက လက်နက်အဖြစ်သုံးလာတဲ့ အုပ်စုဖွဲ့မုဒိန်းကျင့်မှု

ရှင်ငြိမ်း 

ဆယ်ကျော်သက် မိန်းကလေးသုံးယောက်ရဲ့ ခန္ဓာကိုယ်မှာ အညိုအမည်းစွဲ သွေးခြေဥပြီး ဒဏ်ရာတွေလည်း အပြည့်နဲ့ ပါ။ အဝတ်အစားတွေကလည်း ဖရိုဖရဲစုတ်ပြဲနေပြီး အနီးတဝိုက်မှာလည်း အမျိုးသမီးအတွင်းခံတွေက ဟိုတထည် ဒီတထည် ပြန့်ကြဲလို့နေပါတယ်။

စစ်ကောင်စီ စစ်သားတွေ ထွက်သွားတာမြင်တာနဲ့ ရွာသားတချို့ဟာ တောထဲစစ်ရှောင်ဖို့ ပြန်ဝင်လာချိန်မှာ ငိုယို နေတဲ့ မိန်းကလေသုံးဦးကို စတွေ့တာလည်းဖြစ်ပါတယ်။

ဒီမြင်ကွင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၆ ရက်မှာ တိုက်ပွဲကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၆ ဦးက တောထဲမှာ စစ်ရှောင်နေတဲ့ အမျိုးသမီးငယ်သုံးဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီးနောက် တွေ့ရတဲ့မြင်ကွင်းပါ။

မျက်မြင်တွေ့ခဲ့ရတဲ့ ဓနုအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်နုပိုက “စတွေ့တွေ့ချင်း စကားလည်း မပြောနိုင်ရှာဘူး။ တကိုယ်လုံးလည်း တုန်နေတယ်။ ငိုလည်းငိုနေတယ်။ လူအုပ်ထဲယောကျာ်းသားတွေမြင်တော့ ပိုငိုကြတယ်” လို့ ပြောပါတယ်။

ဒီမတိုင်မီ မေလ ၃ ရက်က ရွာငံမြို့နယ်ဘက်မှ ရွာငံ-သာစည်နယ်စပ်၊ တောထဲကို စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့စစ်သား ၆ ယောက်ဟာ တောထဲမှာစစ်ရှောင်နေတဲ့ ရွာခံအမျိုးသမီးငယ်တွေကို အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့တာလို့ဆိုပါတယ်။

မုဒိန်းကျင့်ခံခဲ့ရတဲ့ အမျိုးသမီးသုံးဦးဟာ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်အရွယ် ဆယ်ကျော်သက်ကလေးတွေသာ ဖြစ်ကြပါတယ်။ သူတို့ဟာ အကြမ်းဖက်ခံရမှုတွေကြောင့် ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခဲ့ရတယ်လို့ ဒေါ်နုပိုက ပြောပါတယ်။

ဒီမုဒိန်းမှုကို ကျူးလွန်တဲ့စစ်သားတွေက ခြေမြန်တပ်မ(၅၅) တပ်သားတွေဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့မှ ထုတ်ပြန်တဲ့ “ဓနုတို့၏အချက်အချာနယ်မြေတွင် စစ်ကောင်စီက ပြင်းထန်စွာ ပိုမိုပြုလုပ်လာသည့် အစု လိုက် အပြုံလိုက် ညှဉ်းပန်းနှိပ်စက်မှုများ”အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “အဓိကကတော့ စစ်သားတွေက အရပ် သားပြည်သူတွေကို အနိုင်ကျင့်လို့ရတယ်လို့ ရိုက်သွင်းခံရလို့ပေါ့။ နောက်တစ်ခုက မူးယစ်ဆေးဝါးသုံးတာတွေရှိ တော့ အဲဒီလိုတွေကြောင့် အခုလို လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်တယ်လို့တော့ ကျမမြင်တယ်”လို့ ပြောပါတယ်။ စစ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နဲ့ ၂၀၂၃ အောက်တိုဘာလအကြား ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ လိင်အကြမ်းဖက်အမှုပေါင်း ၅၉ ခုရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အစီရင်ခံစာမှာ လည်း ဖော်ပြထားပါတယ်။

မြန်မာစစ်အုပ်စုဟာ လိင်ပိုင်းအကြမ်းဖက်မှုတွေကို လက်နက်သဖွယ်အသုံးပြုပြီး ပြစ်ဒဏ်ကင်းလွှတ်နေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကလည်း ပြောပါတယ်။

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေကတော့ စစ်ရေးအရဖြစ်ဖြစ်၊ စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာဖြစ်ဖြစ်  စစ်ပွဲအတွင်း အမျိုးသမီးတွေကို ဘယ်လိုအကြောင်းနဲ့မှ အကြမ်းဖက်လို့မရဘူးလို့ သတိပေးနေပါတယ်။

နစ်နာသူအမျိုးသမီးတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် ဇာတိရွာမှာ မနေရဲတော့ တနယ်တ ကျေးကို ရွှေ့ပြောင်းသွားခဲ့ရတာဖြစ်ပါတယ်။

အခုလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဒေါ်နုပိုက “ကျမတို့ရွာငံဒေသက အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာအရ လုံခြုံမှုကင်းမဲ့နေပြီ”လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ရွာငံမြို့နယ်ဟာ အလွန်အေးချမ်းတဲ့ဒေသဖြစ်ပြီး နှစ်ရှည်ပင်ဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်၊ ကိုင်းခြံလုပ်ငန်းဖြစ်တဲ့ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ သံပရာသီးနဲ့ ကုန်စိမ်းသီးနှံတွေကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြ ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ ရွာငံဒေသမှာလည်း ခုခံစစ်ပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ ယခုဆိုရင် တိုက်ပွဲတွေ ကြောင့် ကျေးရွာပေါင်း ၂၈ ရွာမှ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေပါဝင်တဲ့ အရပ်သား တစ်ထောင်နီးပါးဟာ တောတောင်တွေထဲမှာ ပုန်းခိုရှောင်တိမ်းနေရတာဖြစ်ပါတယ်။

အရင်က အေးချမ်းခဲ့တဲ့ရွာငံဒေသဟာ တခြားမြို့ရွာတွေလို အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့နေရာ မဟုတ်ပေမယ့် စစ်တပ်က လွှမ်းမိုးထားတဲ့ဒေသပါ။ ဒီဒေသဟာ လက်နက်အားကိုးနဲ့ ဒေသခံအမျိုးသမီးတွေကို စိတ်တိုင်းကျ လိင်အကြမ်းဖက်ခွင့်ရနေတဲ့ဒေသတခုအဖြစ် ပြောင်းလဲလာနေပါတယ်။

ဒါကြောင့် ဒေသခံအမျိုးသမီးတွေဟာ တိုက်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ လုံခြုံမှုကင်းမဲ့နေပြီး စစ် ကောင်စီတပ်တွေရဲ့အန္တရာယ်၊ ဒေသကာကွယ်ရေးတပ်တွေရဲ့ စစ်ရေးအခြေအနေတွေကိုပါ စိုးရိမ်နေရတယ်လို့ ဒေါ်နုပိုက ပြောပါတယ်။ 

“တော်လှန်ရေးအားကောင်းလာမှာစိုးတော့ ဒေသခံတွေကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်တယ်။ ကြောက်လာအောင် မိန်းကလေးတွေကို အုပ်စုဖွဲ့မုဒိန်းကျင့်ပြတယ်။ ကြောက်အောင်လည်း သတ်ပြတယ်။ သူတို့က သေနတ်နဲ့ဆို တော့ ပြည်သူတွေက ဘာပြန်လုပ်နိုင်မှာလဲ” လို့ ဆိုပါတယ်။

အခုလို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဟာ ရွာငံဒေသမှာ ပထမဆုံးဖြစ်တာဆိုပေမယ့် စစ်အာဏာသိမ်းပြီးစဉ်ကာလမှာ အကြမ်းဖက်စစ်သားတွေရဲ့ အုပ်စုဖွဲ့ကျူးလွန်မှုကတော့ ပထမဆုံးမဟုတ်ဘဲ ရှမ်းပြည်နယ်နေရာဒေသ အနှံ့အပြား မှာ အလားတူအုပ်စုဖွဲ့မုဒိန်းမှုတွေကို ကျူးလွန်နေတာဖြစ်ပါတယ်။

ဥပမာ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသမှာလည်း စစ်သား ၅ ယောက်က ဒေသခံအမျိုးသမီးနှစ်ဦးကို ခင်ပွန်း သည်ရဲ့ရှေ့မှာ မုဒိန်းပြုကျင့်ခဲ့ပါတယ်။ အလားတူ မိုးမိတ်မှာလည်း အခုလိုစစ်သားတွေရဲ့အုပ်စုဖွဲ့ ကျူးလွန်မှုဟာ ၅ ခု၊  ၆ ခုလောက်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ထံမှ သိရပါတယ်။

HI သတင်းဌာနမှ လေ့လာချက်အရ အမျိုးသမီးတွေအပေါ် အကြမ်းဖက်စစ်သားတွေရဲ့ အုပ်စုဖွဲ့မုဒိန်းကျင့်မှု၊ သတ် ဖြတ်မှုတွေဟာ ခုခံစစ်အားကောင်းတဲ့ဒေသတွေမှာ အများဆုံးဖြစ်ပေါ်နေတာတွေ့ရပါတယ်။ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်ခုခံမှုကို မုဒိန်းကျင့်နည်းလမ်းမျိုးနဲ့ အကြောက်တရားသွင်း ဖိအားပေးနေတဲ့သဘောလည်း ဖြစ်ပါ တယ်။ အထူးသဖြင့် မုဒိန်းကျင့်တာဟာ စစ်တပ်ရဲ့ မူဝါဒတခုမဟုတ်ဘူးဆိုပေမယ့် နဝတ၊ နအဖ လက်ထက် ကတည်းက အမျိုးသမီးတွေကို တဆင့်နိမ့်သဘောထားဆက်ဆံလေ့ရှိတဲ့ စစ်တပ်မှာ အမြစ်တွယ်နေတဲ့ လုပ်နည်း လုပ်ဟန်တခုဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်တွင်းစစ်သမိုင်းမှာ စစ်တပ်ရဲ့ မုဒိန်းကျင့်တာတွေအများကြီးရှိပေမယ့် သတင်းမီဒီယာတွေ မဖွံဖြိုးလို့ အများပြည်သူမသိရှိခဲ့ရတာပါ။

 အခု စစ်ကောင်စီခေတ်မှာ စစ်တပ်လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ မုဒိန်းမှုတွေဟာ ဆက်သွယ်ရေး နည်းပညာတွေနဲ့ သတင်းမီဒီယာတွေ အရပ်ဘက်အဖွဲ့အစည်းနဲ့ အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေကြောင့် ဖုံးဖိမရတော့ဘဲ ကျယ်ကျယ်ပြန့်ပြန့်သိလာခဲ့တာလည်းဖြစ်ပါတယ်။

ဥပမာဆိုရင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာက အမျိုးသမီးသုံးဦးကိုလည်း စစ်သားတွေက အုပ် စုဖွဲ့မုဒိမ်းကျင့်ရုံသာမက အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ထဲကို ကြက်သွန်နီနဲ့ အချိုရည်ဗူးတွေထည့်ပြီး  သတ်ဖြတ်ခဲ့ တဲ့လုပ်ရပ်တွေဟာ လူသိရှင်ကြားဖြစ်လာပါတယ်။

တော်လှန်ရေးအင်အားကောင်းတဲ့ ကလေးမြို့မှာလည်း စစ်သားတွေက သားအမိသုံးဦးကို မုဒိမ်းကျင့် မီးရှို့သတ် ဖြတ်ခဲ့ပါသေးတယ်။ နောက်မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။

ဒါတွေသာမက ရွာငံဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ၊ သတင်းပေးတွေကို ရှင်းလင်းတာရှိသလို စစ်ကောင်စီကလည်း တန်ပြန်အနေနဲ့ ကာကွယ်ရေးတပ်တွေနဲ့ ဆက် နွယ်မှုရှိသူတွေကို စွပ်စွဲဖမ်းဆီးတာတွေလည်း ရှိနေပါသေးတယ်။

အဲဒီလိုစွပ်စွဲဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကိုလည်း စစ်ကြောရေးလုပ်တဲ့ စစ်သားနဲ့ ရဲတွေက နှိပ်စက်ညှင်းပမ်း တာအပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပါ ကျူးလွန်နေတာဖြစ်ပါတယ်။

ရွာငံဒေသမှာ စစ်ရှောင်တွေကို ကူညီနေလို့ဆိုပြီး အသက် ၂၃ နှစ်အရွယ် မမိုးမိုးကို  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တပ်မ (၅၅)မှ စစ်သားတွေ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ မမိုးမိုးဟာ ရွာငံရဲစခန်းရဲ့စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့ အပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာနဲ့ပါ ကြုံခဲ့ရတယ်လိုဆိုပါတယ်။

 မမိုးမိုးနဲ့အချုပ်ထဲမှာ အတူနေခဲ့တဲ့ နိုင်ကျဉ်းသူတစ်ဦးက နှိပ်စက်ညှင်းပန်းမှုနဲ့ လိင်အကြမ်းဖက်ခံရမှုအကြောင်း ကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ကို ပြောပြခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောပါတယ်။

“ကျမတို့က နိုင်ငံရေးမှုဆိုတော့ သူများတွေနဲ့ ခွဲထားတယ်။ သူ့(မမိုးမိုး)ကို ဖမ်းခေါ်လာတဲ့နေ့ကဆို စုတ်ပြတ်နေ တာပဲ။ လမ်းမှာ ဖမ်းရင်းနဲ့ ရိုက်လာတာတဲ့။ သူ့အပေါ်ထပ်အင်္ကျီဆိုပြဲပါပြဲတယ်။ နောက်ရက်တွေကျတော့ ညနေ တိုင်း စစ်ကြောရေးဆိုပြီးတော့ သူ့ကိုလာခေါ်ထုတ်သွားတယ် ”လို့ မမိုးမိုးနဲ့အတူရှိခဲ့သူက ဆိုပါတယ်။

ဖမ်းဆီးနှိပ်စက် လိင်အကြမ်းဖက်သူတွေဟာ ရဲတွေချည့်မဟုတ်ဘဲ စစ်သားတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ အချုပ်ရောက်စ ၃ ရက်ကတော့ စစ်ကြောရေးက ပြန်လာရင် မမိုးမိုးဟာ ပုံမှန်အနေအထားရှိနေပါတယ်။

“လေးရက်မြောက်နေ့ကျတော့ ညတော်တော်နက်မှ သူ့ကိုပြန်လာပို့တာ။ သူငိုပြီးပြန်လာတယ်။ ကျမက မေးတော့မှ သူ့ရင်ဘတ်ကို ပြတယ်။ ရင်သားတွေက နီရဲပြီး အစင်းကြောင်းတွေနဲ့။ သူတို့မေးတာ မဖြေလို့ အင်္ကျီချွတ်ပြီး ခါးပတ်နဲ့ ရင်သားတွေကို ရိုက်တာတဲ့။ ပါးတွေလည်း ရိုက်တယ်။ နောက်ရက်တွေ မဖြေရင် မမိုးမိုးကို တပ်ထဲက စစ်ကြောရေးပို့မယ်ပြောလာတယ်”လို့ သူက ရှင်းပြပါတယ်။

၅ ရက်မြောက်နေ့မှာတော့ နေ့လယ်လောက်မှာ မမိုးမိုးကို ထပ်မံလာခေါ်သွားပြီး ညမှပြန်လာပို့ပါတယ်။ ပြန်လာပို့ တော့ မမိုးမိုးဟာ ပျော့ခွေပြီး ရောက်လာခဲ့ပါတယ်။ အဲဒီနေ့ညမှာ မမိုးမိုးဟာ သူလိင်အကြမ်းဖက်ခံခဲ့ရတဲ့ အကြောင်းကို အတူနေနိုင်ကျဉ်းသူတဦးကို ပြောပြခဲ့တာဖြစ်ပါတယ်။

“သူ့(မမိုးမိုး)ကို လက်သီးနဲ့ ထိုးကြတယ်။ ပြီးတော့ ချုပ်ပြီး မိန်းမကိုယ်ထဲကို နံပါတ်တုတ်နဲ့ ထိုးတယ်။ သူတို့မေး တာတွေ ထပ်မဖြေရင် နောက်ရက်တွေကျ မုဒိမ်းကျင့်မယ်လို့လည်း ပြောတယ်တဲ့။ အဲဒီညက သူ့မိန်းမကိုယ်ကနေ သွေးထွက်လို့ လုံချည်မှာသွေးစွန်းနေတာတွေ့တယ်။ နောက်ရက် မနက်ကျ မမိုးမိုးကို တခြားနေရာခေါ်ထုတ် သွားကြလို့  ဘာဆက်ဖြစ်သလဲ ကျမသေချာမသိတော့ဘူး” လို့ သူက ပြောပါတယ်။

ရွာငံရဲစခန်းက အကျဉ်းသူတချို့ဟာ သူတို့နဲ့ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ရင် အမျိုးသမီးလစဉ်သုံးပစ္စည်း တွေ ဝယ်ယူခွင့်ပိတ်တတ်ကြောင်းလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အမြဲတမ်းတခြားဒေသတွေမှာ ကျူးလွန်တဲ့ပုံစံမျိုး ရွာငံဓနုဒေသမှာလည်း ထပ်မံကျူး လွန်နေတာဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသူ အမျိုးသမီးတွေကို ဦးတည်ပြီးတော့ အုပ်စုလိုက်မုဒိမ်းကျင့် တယ်။ မသတ်ဖြတ်ခင် မုဒိမ်းကျင့်တယ်စတဲ့ပုံစံမျိုးစုံနဲ့ ကျူးလွန်နေတာဖြစ်ပါတယ်။

အခုလည်း ဓနုနယ်မြေမှာ ဒေသခံအမျိုးသမီးတွေကို ဦးတည်ပြီး ကျူးလွန်နေတယ်။ နှစ်ပေါင်းများစွာ ဒီလိုမျိုး ဆင်တူတဲ့ ကျူးလွန်မှုတွေကို နေရာတကာမှာ အကြိမ်ကြိမ်ကျူးလွန်နေတာပါ။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ ဘယ်နေရာမှာပဲနေနေ လုံခြုံမှုရမနေဘူးဆိုတာ အထင်အရှားပြသနေတာဖြစ်ပါတယ်။  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့ကလည်း “ကျမတို့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေက စစ်ပွဲဖြစ်တဲ့နေရာဒေသတွေမဟုတ်ဘဲနဲ့ စစ်ပွဲဖြစ်ပွားတာ မရှိတဲ့နေရာတွေမှာကအစ အချိန်မရွေး လူ့အခွင့်အရေး ချိုးဖောက်မှုခံရတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေက အချိန်မရွေး၊ နေရာမရွေး အကြမ်းဖက် ခံနေရတယ်ဆိုတာ ပိုပြီးထင်ပေါ်သိသာစေတဲ့သက်သေတစ်ခုဖြစ်တယ်” လို့  ဆိုပါတယ်။

နစကစစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အမျိုးသမီးများအပေါ် တဖက် သတ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးစာချုပ်ဖြစ်တဲ့ စီဒေါစာချုပ်ပါ အချက်တွေထက်ကျော်လွန်ပြီး လုပ်ဆောင်နေ တယ်လို့လည်း သူက ထောက်ပြပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂရဲ့အဖွဲ့ဝင်နိုင်ငံတွေက လိုက်နာပါ့မယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ၁၃၂၅ ၊ ၁၈၂၀ ပါတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို စစ်ပွဲအတွင်းမှာ ဓါးစာခံအနေနဲ့ အသုံးပြုတာ အသုံးချတာတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ သတ်ဖြတ်တာတွေက လုံးဝလုပ်ဆောင်လို့ မရဘူးဆိုတာ အတိအ လင်းဖော်ပြထားတာဖြစ်ပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေကို ဦးတည်ပြီးတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာတို့ လုပ်ဆောင်တယ်ဆိုရင် ဒါက စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့နာင်းမို့မို့က ဆိုပါတယ်။

““အခုစစ်တပ်က စည်းမရှိ ဘောင်မရှိ ဥပဒေအထိန်းအကွပ်မရှိတဲ့စစ်တပ်ဖြစ်နေတယ်။ နိုင်ငံတကာဥပဒေတွေ သာမက ပြည်တွင်းဥပဒေတွေပါ ချိုးဖောက်တယ်။ တစ်ဖက်မှာက လူ့ကျင့်ဝတ်နဲ့ပတ်သက်ပြီး ပျက်ပြားနေတဲ့ လူ့ကျင့်ဝတ်ပျက်ပြားအောင် သွန်သင်တဲ့ တကယ့်အကြမ်းဖက်စနစ်အောက်ထဲကို သွတ်သွင်းနေတဲ့စစ်တပ်ဖြစ် တယ်။ ဒီတော့ အကုန်လုံးကို ချိုးဖောက်တယ်။ ဥပဒေတွေတင်မကပဲနဲ့ လူ့ကျင့်ဝတ် လူမှုပတ်ဝန်းကျင် ကျင့်ဝတ် တွေပါ စနစ်တကျကို ဖောက်ဖျက်တဲ့ ကျူးလွန်တဲ့စစ်တပ်လို့တော့ ကျမတို့က မြင်တယ်”လို့ သူက ပြောပါ တယ်။

ဘာပဲဖြစ်ဖြစ် အမျိုးသမီးတွေကို စစ်ပွဲရဲ့ဓါးစာခံလို သတ်မှတ်ပြီး အုပ်စုဖွဲ့မုဒိမ်းကျင့်တာတွေအပြင် အကြမ်းဖက်မှုအားလုံး အမြန်ဆုံးရပ်တန့်ဖို့  ရွာငံဒေသခံတွေက အလိုရှိနေကြပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်ကတော့ “ကျမတို့ကတော့ အခုလိုအမျိုး သမီးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်တာ ဘယ်သူပဲဖြစ်ဖြစ် ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ အထူးသဖြင့် ပါဝင်ပတ်သက်နေတဲ့ သူအကုန်လုံးကို အရေးယူရမယ်။ အရေးယူဖို့ အကုန်ဝိုင်းကြိုးစားရမယ်”လို့ ဆိုပါတယ်။

Author: