နိုင်ငံခြားပညာသင်ဆုရပ်ဆိုင်းခံရပေမယ့် ဇွဲမလျော့ကြဖို့ အမြင်အာရုံဆုံးရှုံးနေသူ ယမင်းဥမ္မာ အားပေး

ဒေဝီ

         အမေရိကန်သမ္မတသစ်ရဲ့ မူဝါဒအပြောင်းအလဲကြောင့် အမေရိကန်နိုင်ငံကနေ ပေးအပ်တဲ့ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုး ရေးနဲ့ လုံခြုံရေးအကူအညီတွေ ရပ်ဆိုင်းလိုက်တာက ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်း စာနာမှု အစီအစဉ်တွေမှာ ဂယက်ရိုက်ခဲ့ရတယ်။

     ဒီလုပ်ငန်းစဉ်တွေထဲ ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအစဉ်ဖြစ်တဲ့ USAID ကပေးအပ်တဲ့ နိုင်ငံခြား ပညာသင်ဆုတွေလည်း အပါအဝင်ပါ၊ ဒီလိုရပ်ဆိုင်းတဲ့အတွက် ပညာသင်ဆုနဲ့ ပညာသင်ကြား‌နေသူ လူငယ်တွေဟာ အခက်အခဲတွေဖြစ်ခဲ့ရပါတယ်။

       ဒီလိုလူငယ်တွေထဲမှာ အမြင်အာရုံဆုံးရှုံးနေသူတစ်ဦးဖြစ်တဲ့ ယမင်းဥမ္မာတစ်ယောက်လည်း အပါအဝင်ပါ။ သူက လင် ကွန်းပညာသင်ဆုနဲ့ အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်၊ Brandeis တက္ကသိုလ်မှာ Sustainable  International Development Program – အပြည်ပြည်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဘာသာရပ်နဲ့ မဟာတန်းတက်ရောက်နေသူတစ်ဦး ဖြစ်ပါတယ်။

      ရုတ်တရက် ပညာသင်ဆုတွေ ရပ်ဆိုင်းခံရပြီးနောက် ပညာသင်ဆုနဲ့ကျောင်းတက်ရောက်နေတဲ့ အခြားသူတွေအတွက်  ဗီဇာ (ဆက်လက်နေထိုင်ခွင့်) အခြေအနေပေါ် မူတည်ပြီး ပညာဆက်သင်ဖို့ နည်းလမ်းကြံဆလို့ရပေမယ့် အမြင်အာရုံ ဆုံးရှုံး နေတဲ့ ယမင်းဥမ္မာအတွက်တော့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

      ယမင်းဥမ္မာက လင်ကွန်းပညာသင်ဆုကို ၂၀၂၄ ဧပြီလမှာ ၂ နှစ်ပရိုဂရမ်နဲ့တက်ရောက်ခွင့်ရပါတယ်။ စာတွေ့တစ်နှစ်နဲ့ လုပ်ငန်းအတွေ့အကြုံတစ်နှစ် စုစုပေါင်း  ၂ နှစ်ပရိုဂရမ်ဖြစ်ပေမယ့် ပညာသင်ဆုရပ်တန့်လိုက်တာကြောင့် စာတွေ့တစ်နှစ် ပရိုဂရမ်ကို ပြောင်းယူခဲ့ရပါတယ်။

     “ပညာသင်ဆုကတော့ ၂ နှစ်ကနေ တစ်နှစ်ပြောင်းလိုက်ရတယ်။ ဘွဲ့အတွက်တော့ ထိခိုက်မှုမရှိပေမယ့် ဘာနစ်နာသလဲဆို တော့ ၂ နှစ်ဆိုရင် networking ပိုကောင်းသွားမယ်၊ မျက်မမြင်အဖွဲ့တွေနဲ့ ပိုပြီးချိတ်ဆက်နိုင်ပြီး ထဲထဲဝင်ဝင်ဝင်ဝင်ပို လုပ် နိုင်မယ်။ တစ်နှစ်ဆိုတော့ ချိတ်ဆက်မှုအပိုင်းတွေမှာ အားနည်းသွားတာရှိတယ်”လို့ မယမင်းဥမ္မာက ပြောပါတယ်။

        မယမင်းဥမ္မာဟာ အသက်ခြောက်နှစ်ခွဲအရွယ်မှာ  အပြင်းဖျားပြီး ဆေးသောက်မှားတဲ့ နောက်ဆက်တွဲအနေနဲ့ မျက်ကြည်လွှာပျက်စီးခဲ့ရတာပါ။

    အမြင်အာရုံဆုံးရှုံးခဲ့ပြီးနောက် သာမန်ကျောင်းတွေမှာ တက်ဖို့အဆင်မပြေတာနဲ့ အိမ်မှာပဲစာသင်ပေးရာကနေ မျက်စိဆရာဝန်က မျက်မမြင်စာသင်ကျောင်းမှာထားဖို့ အကြံပေးတာကြောင့် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှာတက်ဖို့ မိဘတွေက စီစဉ်ပေးခဲ့ပါတယ်။

        အမြင်အာရုံချို့တဲ့သူတွေအတွက်က သာမန်ကျောင်းတွေမှာ တက်ရောက်ဖို့ အဆင်မပြေဘဲ၊  မျက်မမြင်သင်တန်း ကျောင်းတွေမှာသာ တက်ရောက်ရပြီး မျက်မမြင်ကျောင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ ဆက်လက် ပညာသင်ကြားရတာဖြစ်ပါတယ်။

    “မြန်မာနိုင်ငံမှာတော့ မျက်မမြင်ကျောင်းက နေရာတိုင်းမှာ မရှိဘူး၊ မျက်မမြင်ကလေးတွေကလည်း ကျောင်းတက်မယ်ဆို  နေရာတိုင်းမှာ တက်လို့မရဘူး၊ မျက်မမြင်ကျောင်းတွေနဲ့ချိတ်ဆက်ထားတဲ့ Inclusive education  လို့သတ်မှတ်တဲ့ ကျောင်းတွေမှာပဲတက်ခွင့်ရှိတယ်”လို့ သူကပြောတယ်။

        မျက်မမြင်သင်တန်းကျောင်းတွေမှာနေထိုင်ပြီးပညာသင်ကြားရတဲ့အတွက် ဒီကျောင်းတွေနဲ့အလှမ်းဝေးတဲ့ ဒေသတွေ က မိဘတွေမှာလည်း အမြင်အာရုံဆုံးရှုံးနေတဲ့ကိုယ့်သားသမီးကို တယောက်ထဲမလွတ်လိုတာကြောင့် မျက်မမြင်သင် ကျောင်းတွေကို မပို့ကြတော့တဲ့အခါ အမြင်အာရုံဆုံးရှုံးနေတဲ့ကလေးတွေမှာ ပညာသင်ခွင့်တွေ ပါဆုံးရှုံးနေရတာဖြစ်တယ် လို့သူကဆိုတယ်။

   မယမင်းဥမ္မာကိုယ်တိုင်လည်း မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်ရာကနေ သူကျောင်းတက်ဖို့အဆင်ပြေတဲ့ ကြည့်မြင့်တိုင် မျက်မ မြင်ကျောင်းတက်ဖို့ မိသားစုတွေပါ တပါတည်း ကျောင်းနဲ့နီးရာကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

     ကြည့်မြင့်တိုင်မျက်မမြင်ကျောင်းမှာတက်ရောက်တဲ့အတွက်  ကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ ကြည့်မြင့်တိုင် အ.မ.က ၄ နဲ့ အ.ထ.က ၅မှာသာ တက်ရောက်တက်ရောက်သင်ကြားခဲ့ရပါတယ်။ အခြေခံပညာကျောင်းတွေမှာ တက်ရောက်တဲ့အခါ အမြင်အာရုံဆုံးရှုံးသူတွေဖြစ်ပေမယ့်လည်း အခွင့်အရေးတွေမရခဲ့၊ သာမန်ကျောင်းသားကျောင်းသူတွေလိုပဲ တက်ရောက် ပညာသင်ကြားရတယ်လို့ သူကပြောပါတယ်။

      သူကတော့ မိဘတွေရဲ့ပံ့ပိုးမှုတွေကြောင့် ပညာသင်ကြားခွင့်ရခဲ့ပြီး တက္ကသိုလ်ဝင်တန်းကိုလည်း သမိုင်းနဲ့ဘောဂဗေဒ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့သလို တက္ကသိုလ်ကိုလည်း အင်္ဂလိပ်စာမေဂျာအထူးပြုနဲ့ ‌နေ့တက္ကသိုလ်တက်ရောက်ခဲ့တယ်။

    တက္ကသိုလ်တက်တဲ့အချိန်မှာ မဟာဘွဲ့ရဖို့ မျှော်မှန်းပြီး စာကိုကြိုးစားလေ့လာခဲ့တယ်။ မဟာတန်းတက်ဖို့အတွက် အမှတ် မှီပေမယ့်လည်း စာလေ့လာဖို့အတွက် စာအုပ်တွေဖတ်ပေးမယ့်သူ မရှိတာကြောင့်  မဟာတန်းတက်ဖို့အခွင့်အရေးကို လက် လွှတ်ခဲ့ရတယ်။

“အဲဒီခေတ်တုန်းကတော့ကိုယ်တိုင်လည်း ကွန်ပြူတာမတတ်ဘူး။ မျက်မမြင်တွေ ကွန်ပြူတာသုံးပြီး စာဖတ်လို့ရ တယ်ဆိုတာ မသိခဲ့ဘူး၊ ယမင်းပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာအုပ်တွေ ဖတ်ပေးမယ့်သူမရှိတာကြောင့် စာဖတ်ဖို့ ခက်ခဲတယ်၊  မဟာဝိဇ္ဇာတန်းကို ဆက်တက်ခွင့်မရတဲ့အနေအထားရှိခဲ့တယ်” လို့ ယမင်းဥမ္မာကပြောပါတယ်။

      ကျောင်းပြီးတဲ့နောက်မှာတော့ မျက်မမြင်နဲ့ မသန်စွမ်းတွေအတွက် ဗော်လန်တီယာ လုပ်ဆောင်ခဲ့သလို ပြည်ပနိုင်ငံအချို့ မှာလည်း ပညာသင်ကြားခွင့်ရလာခဲ့ပါတယ်။

    မြန်မာနိုင်ငံမျက်မမြင်များအသင်းမှာ ၂၀၁၇ ကစပြီး အထွေထွေအတွင်းရေးမှူးအနေနဲ့ ၂၀၂၄ အထိတာဝန်ထမ်းဆောင်ခဲ့ပြီး မျက်မမြင်တွေ အလုပ်အကိုင်အခွင့်အလမ်းရစေဖို့ သက်မွေးသင်တန်းပြုလုပ်တာ၊ အနှိပ်ပညာသင်တန်းများစီစဉ်တာအပြင် မျက်မမြင် အခွင့်အရေးရဖို့ လုပ်ဆောင်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။

     ဒါ့အပြင် မြန်မာနိုင်ငံ၊ မျက်မမြင်အသင်း၊ အမျိုးသမီးကော်မတီမှာဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပညာသင် ကြားပြီးလို့ မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ ကျန်းမာရေးချို့တဲ့နေတဲ့  မျက်မမြင်အမျိုးသမီးတွေကို ကျန်းမာရေးစောင့် ရှောက်တာ၊ ဆေးဝါးရိက္ခာပံ့ပိုးတာ၊ မှတ်ပုံတင်မရှိသေးတဲ့မျက်မမြင်အမျိုးသမီးတွေကို မှတ်ပုံတင်ရအောင် စီစဉ်ပေးတာ တွေကို ဒီနှစ်ထဲမှာလုပ်ဆောင်ဖို့ရှိတယ်လို့ဆိုပါတယ်။

       ဒါ့အပြင် မျက်မမြင်အမျိုးသမီးတွေအတွက် အရေးပေါ်ပံ့ပိုးမှုတွေ ကျန်းမာရေးနဲ့ အဟာရနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနဲ့ သက်မွေးပညာသင်ကြားပေးတဲ့အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့လည်း သူကဆိုတယ်။

    လက်ရှိမှာတော့ ပညာသင်ဆု လုံးဝရပ်ဆိုင်းခဲ့ပေမယ့် တက္ကသိုလ်က စားစရိတ်နေစရိတ်အချို့ ပံပိုးပေးတာကြောင့် ကျန်ရှိ နေတဲ့ စာသင်နှစ်မှာ မာစတာစာတမ်းအပြီးသတ်ရေးသားမှုတွေ လုပ်ဆောင်ပြီး မေလတတိယပတ်ထဲမှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီဖြစ်ပါတယ်။

      သူ့လို လင်ကွန်းပညာသင်ဆုရတဲ့ကျောင်းသားတချို့လည်း သက်ဆိုင်ရာ တက္ကသိုလ်အလိုက် စရိတ်ထောက်ပံ့တာ၊ အချိန် ပိုင်းအလုပ်ရဖို့ စီစဉ်ပေးတာတွေ လုပ်ဆောင်တဲ့အတွက် ဗီဇာသက်တမ်းအခြေအနေပေါ်မူတည်ပြီး ဆက်လက်ပညာသင် ကြားလျက်ရှိတယ်လို့ ဆိုပါတယ်။

        သူ့အနေနဲ့ နိုင်ငံတနိုင်ငံရဲ့အစိုးရမူဝါဒကြောင့် ကဏ္ဍတချို့မှာ အပြောင်းအလဲဖြစ်တာ လက်ခံနိုင်ပေမယ့် ဒီလိုအပြောင်း အလဲတွေရဲ့သက်ရောက်မှု အကျိုးဆက်ကို သုံးသပ်သင့်သလို၊ ကမ္ဘာနဲ့အဝှမ်းမှာလူ့အခွင့်အရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး တွေလုပ်ဆောင်ရဖို့ပြောရနေချိန်မှာ ဒီလိုမျိုး ပညာသင်ခွင့်အရေးတွေကို ရပ်တန့်ပစ်လိုက်တာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ သူက ဆိုတယ်။

     “သမ္မတတစ်ယောက် တက်လာတိုင်း စိတ်တိုင်းကျပြင်ဆင်ခွင့်ရှိနေတာက ဒီနိုင်ငံရဲ့ ရှေ့အစိုးရနဲ့ နောက်အစိုးရတို့ရဲ့ Hangover Processes (အလွဲအပြောင်းအစီအစဉ်) မကောင်းဘူးလို့မြင်တယ်။ ဘာပဲဖြစ်ဖြစ်လုပ်ခွင့်ရှိပေမယ့် ချက်ချင်း လက်ငင်းကြီး ထလုပ်တာမဟုတ်ဘဲ အချိန်တခုတော့ရှိသင့်တယ်ပေါ့”လို့ သူကပြောပါတယ်။

     နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာသင်အခွင့်အလမ်းကလည်းအရေးပါပြီး ငွေကြေးအခက်အခဲကြောင့် နိုင်ငံတကာ ပညာရေးလက်လှမ်းမမှီနိုင်သူတွေအတွက် ပညာသင်ဆုကလည်း အခွင့်အလမ်းတခုဖြစ်ပါတယ်။ ဒီအတွက်လည်း ပညာသင် ဆုရပ်ဆိုင်းတာက ပညာသင်ကြားနေသူတွေအတွက် အနည်းနဲ့အများအခက်အခဲဖြစ်စေတယ်လို့ သူကဆက်ပြောပါတယ်။

   “အခုတော့လည်း မပေးတော့ဘူးဆိုတော့ ရလက်စလူတွေက အခက်အခဲဖြစ်တာပေါ့၊ ပညာသင်ဆုရပြီး ကမောက်ကမ ဖြစ်သွားရတဲ့လူတွေအတွက် ကိုယ်တိုင်လည်းကြုံရသူတယောက်ဖြစ်လို့ ကိုယ်ချင်းစာတယ်လို့“ယမင်းဥမ္မာကပြောပါတယ်။

       လက်တလောမှာ အမေရိကန်အစိုးရဲ့ပညာသင်ဆုအချို့ ရပ်နားခဲ့ပေမယ့် အခြားသောနိုင်ငံတွေက တက္ကသိုလ်တွေက ပေးအပ်တဲ့ပညာသင်ဆုအခွင့်အလမ်းတွေရှိနေသေးတဲ့အတွက် အားမလျှော့ဘဲ ရတဲ့အခွင့်အရေးကို ဆက်ကြိုးစားလို့ရတယ် လို့ သူကပြောပါတယ်။

        “အခက်အခဲတွေရှိပေမယ့် ယမင်းတို့ကြိုးစားရအောင်။ တစ်လမ်းမရ တစ်လမ်းသွားမယ်ပေါ့” လို့ ယမင်းဥမ္မာ ကပြော ပါတယ်။

Author: