မြေငလျင်နှင့် မြွေအန္တရာယ် ဆောင်ရန်၊ ရှောင်ရန်များ
အင်တာဗျူး
ခင်ဘုန်းမို့
အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ဒဏ်ခံစားခဲ့ရတဲ့ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု၊ အဆောက်အဦးတွေပျက်စီးခြင်းကြောင့် မြွေအန္တရာယ်ကြုံတွေ့မှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့အတွက် သတိပြုသင့်တဲ့ အချက်တွေကို Snake of Myanmar အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစိုးသန္တာအောင်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။ Snake of Myanmar ဟာ မြန်မာနိုင်ငံက ပြည်သူပြည်သားတွေမေးနေကြတဲ့ မြွေ ID(အမျိူးအစား)တွေ၊ မြွေ အန္တရာယ်ကိုဘယ်လိုမျိုးကာကွယ်ရမလဲ၊ မြွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးရှောင်ရှားရမလဲ၊ မြွေနဲ့လူနဲ့ ပဋိပက္ခတွေမဖြစ်အောင် ဘယ်လိုမျိုးကြိုတင်ကာကွယ်ရမလဲစတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးအသိ ပညာတွေဝေမျှပေးနေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

မေး။ ။ ငလျင်အန္တရာယ်ကြုံတွေ့ပြီးတဲ့နောက်မှာ မြွေအန္တရာယ်ကိုဘာကြောင့်သတိပြုသင့်တာလဲ။
ဖြေ။ ။ ငလျင်လှုပ်ရှားပြီးတဲ့နောက်မှာ မြေကြီးတွေကလှုပ်ရှားသွားတယ်။မြေကြီးတွေတုန်ခါသွားတယ်။ အဲဒါတွေကြောင့်မို့ တွင်းအောင်းသတ္တဝါတွေ ပိုပိုပြီးတော့ထွက်လာတက်ကြပါတယ်။ မြွေတွေရဲ့ သဘောသဘာဝက လူတွေနဲ့ မြင်နေရတဲ့နေရာမျိုးမှာ သူတို့မနေတတ်ကြပါဘူး။ လူတွေနဲ့ ကွယ်ရာမှာပုန်းကွယ်ပြီးနေတတ်တဲ့အမျိုး အစားတွေဖြစ်ကြပါတယ်။ အဲဒါကြောင့် သူတို့ကလန့်ပြီးထွက်လာပြီးတော့နောက်ထပ်ခိုအောင်းနိုင်တဲ့ နေရာ တစ်ခုကိုရှာမှာဖြစ်ပါတယ်။ အဲဒီတော့ခိုအောင်းနိုင်တဲ့နေရာက ငလျင်ဒဏ်သင့်ထားတဲ့နေအိမ်တွေ ငလျင်ဒဏ် ကြောင့်ပြိုကျထားတဲ့နေအိမ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်ငလျင်အန္တရာယ်နဲ့ ကြုံတွေ့ပြီးတဲ့နောက် မြွေအန္တရာယ် ကိုအထူးဂရုစိုက်သင့်ပါတယ်။
မေး။ ။မြွေအန္တရာယ် ကြိုတင်ကာကွယ်ဖို့ ဘာတွေဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ ။ မြွေအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ အတွက်ဆိုရင် ပြိုကျနေတဲ့ အဆောက်အအုံတွေရှင်းတဲ့အခါမှာ အဓိကဂရုစိုက်ရပါမယ်။ ဘာလို့လဲဆိုရင် အဲဒီလိုအဆောက်အအုံတွေမှာ မြွေတွေကခိုအောင်းနေနိုင်ပါတယ်။ ည ဘက်တွေမှာဆိုရင် မြွေတွေကအစာရှာထွက်တက်ကြတယ်။ ညဘက်တွေမှာဆိုရင် ဓာတ်မီးလေးတွေ သုံးပြီး နောက်ဖေးသွားတာတို့ ၊ ကိုယ်ကလမ်းလျှောက်ရတာတို့၊ အလုပ်လုပ်ရတာတို့ဘာတို့ဆိုရင်တော့ ဓာတ်မီးလေး တွေသုံးပြီးသွားပေးကြပါရှင့်။ ကယ်ဆယ်ရေးသွားတဲ့ သူတွေအနေနဲ့ဆိုရင် မြွေအဆွယ်မဖောက်နိုင်တဲ့ ဖိနိပ်ထူထူ တွေဝတ်ကြဖို့နဲ့ လက်အိတ်တွေဝတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

မေး။ ။လက်ရှိငလျင်ဘေးကျရောက်တဲ့ဒေသတွေမှာ ဘယ်လိုမြွေအမျိုးအစားတွေကျက်စားရာဒေသ ဖြစ်ပါသလဲ။ ဘယ်လိုမြွေအမျိုးအစားတွေက အဆိပ်ရှိပြီးတော့ ဘယ်လိုအမျိုးအစားတွေက အန္တရာယ်ကင်းပါ သလဲရှင့်။
ဖြေ။ ။အခုလက်ရှိ မြေငလျင်ဒဏ်ခံနေရတဲ့ စစ်ကိုင်းတိုင်းတို့ မန္တလေးတိုင်းတို့မှာဆိုရင် အဆိပ်မှုတ်နိုင်တဲ့ မြွေ ဟောက်တွေ ပေါပေါများများတွေ့ရတဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် မြွေတွေနဲ့တွေ့ပြီဆိုရင်ဖယ်ရတော့မယ်၊ မြွေ တွေကိုနေရာရွေ့ပြောင်းပေးရတော့မယ်ဆိုရင် မြွေဟောက်တွေက ပထမဆုံးသူတို့အန္တရာယ်ရှိတယ်လို့ ထင်ရင် အဆိပ်မှုတ်ပြီးခုခံတတ်ကြပါတယ်။ အဲဒါကြောင့်မို့ မန္တလေးမြွေဟောက်တွေကို ကိုင်တွယ်ရတော့မယ်ဆိုရင်မြွေ ဆိပ်မှုတ်ရင်တောင်မဝင်နိုင်တဲ့ မျက်မှန်မျိုးတွေတပ်ပြီးတော့ မြွေတွေကိုကိုင်တွယ်သင့်ပါတယ်။
မြေငလျင်ဒဏ်ခံစားနေရတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာဆိုရင် အဓိကအားဖြင့် မြွေပွေးအန္တရာယ်ရှိပါ တယ်။ ဒုတိယအားဖြင့်ဆိုရင်တော့ အဆိပ်မှုတ်မြွေဟောက်ဖြစ်နိုင်ပါတယ်။ တတိယအားဖြင့်ဆိုရင် ဗမာငန်းတော် ကျားဖြစ်ပါတယ်။ စတုတ္တအားဖြင့်ကတော့ မြို့ပေါ်တွေမှာ ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် မြို့ပေါ်တွေမှာတော့ တောကြီးမြွေဟောက်တွေ တွေ့လေ့တွေ့ထတော့မရှိပါဘူး။ ဒါပေမယ့် သူကတော့ ရွာနားနီးတဲ့ တောဘက်တွေမှာ တောကြီး မြွေဟောက်တွေရံဖန်ရံခါတွေ့ရတက်ပါတယ်။ အဲဒီအမျိုးအစားတွေက အရမ်းအဆိပ်ပြင်းတဲ့မြွေ အမျိုးအစားတွေဖြစ်ပါတယ်။ အဓိကသတိထားရမှာတော့ မြွေပွေးကိုသတိထားရမှာဖြစ်ပါတယ်။ ဘာလို့လဲ ဆိုရင် မြွေပွေးက ၃၅၀ ဒီဂရီလှည့်ပတ်ပြီးတော့ ကိုက်နိုင်တဲ့အတွက်ကြောင့်ပါ။ မြွေဟောက်တွေနဲ့ တွေ့ရင် သူတို့ကလူတွေ သူတို့နားကိုမကပ်အောင် ခြောက်တတ်တယ်။ မြွေပွေးကတော့ အဲဒီလိုမျိုးမခြောက်ပဲ ကိုယ်က မြွေပွေးရဲ့ ဘေးကအမှတ်တမဲ့ဖြတ်သွားမယ်ဆိုရင်တောင်သူတို့က အသင့်အနေအထားနဲ့ ချက်ခြင်းကိုယ့်ကိုကိုက် လိုက်နိုင်ပါတယ်။ အဲဒါကြောင့် မြွေပွေးကိုခြုံခိုတိုက်ခိုက်တဲ့အမြွေအမျိုးအစားလို့သတ်မှတ်ပါတယ်။ မြွေပွေး တွေကအဓိကအားဖြင့် စစ်ကိုင်းတိုင်းတို့မန္တလေးတိုင်းတို့မှာ အန္တရာယ်အများဆုံးမြွေအဖြစ်ရှိနေတာဖြစ်ပါတယ်။
မေး။ ။ အမျိုးသမီးနဲ့ ကလေးငယ်တွေအနေနဲ့ မြွေအန္တရာယ်နဲ့ပတ်သက်ပြီး ဘယ်လိုသတိထားသင့်တယ်လို့ အကြံပြုချင်ပါသလဲရှင့်။
ဖြေ။ ။မြွေအန္တရာယ်နဲ့ပတ်သက်ပြီးတော့အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကြံပေးချင်တာကတော့ အကယ်၍ကိုယ့်ရဲ့အဆောက်အအုံ၊ ကိုယ့်ရဲ့အိမ်ထဲမှာဝင်အိပ်လို့မရပဲနဲ့ လမ်းပေါ်မှာ ထွက်အိပ်နေရတယ်ဆိုရင် ခြင်ထောင်လေးသုံးပြီးတော့ အိပ်ပေးပါ။ ခြင်ထောင်ပတ်ပတ်လည်မှာဆိုရင် အတားအဆီးလေးတစ်ခုခုပေါ့ အပြင်ကအကောင်တွေမဝင်နိုင်အောင် အတားအဆီးလေးထားပြီးတော့ အိပ်ပေးပါ။ အဲဒါက အခုလက်ရှိလုံးဝ လုပ်ကိုလုပ်ရမယ့် အရာလေးဖြစ်ပါတယ်။ ညဘက်တွေမှာအပြင်မှာအိပ်ရတာ မြေကြီးပေါ် ဟင်းလင်းပြင်တွေမှာ အိပ်ရတာဖြစ်တဲ့အတွက် အကယ်၍ခြင်ထောင်သာထောင်မအိပ်ခဲ့ဘူးဆိုရင် မြွေတွေ အစာရှာထွက်တဲ့ အချိန်နဲ့ တိုးပြီးတော့ ကိုယ်ကအိပ်နေတဲ့အချိန် မြွေကလာတဲ့အချိန် ကိုယ်ကလက်တွေဘာတွေ လှုပ်မိတာဆိုရင် မြွေက သူ့ကိုရန်ပြုတယ်အထင်နဲ့ ကိုက်သွားနိုင်တယ်။ အဲ့ဒါကြောင့် အဓိကအကြံပေးချင်တာက အမျိုးသမီးနဲ့ ကလေး ငယ်တွေ ညဘက်တွေအိပ်ရင်ခြင်ထောင်ထောင်ပြီးအိပ်ကြပါရှင်၊ ညဘက်ကိုအပေါ့အလေးသွားတော့မယ်ဆိုရင် မီးလေးတွေသုံးပြီးမှသွားပေးပါ။ နောက်တခုအကြံပေးချင်တာက အိမ်တွေဘာတွေရှင်းတဲ့အခါမှာလည်းပစ္စည်း တစ်ခုခုကိုမရွေ့ခင်မှာအောက်မှာ မြွေတွေဘာတွေရှိလားဆိုတာသေချာလေးစစ်ဆေးပြီးမှ မကြ ရွေ့ကြပါရှင်။
မေး။ ။ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ကော ဘယ်လိုသတိပြုဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ ။ကယ်ဆယ်ရေးအဖွဲ့တွေကိုအဓိကအကြံပေးချင်တာကမြွေအဆွယ်တွေမဖောက်နိုင်တဲ့ ဖိနိပ်တွေ စီးကြဖို့ပါ။ မန္တလေးအဆိပ်မှုတ်မြွေဟောက်တွေကိုကိုင်တွယ်တဲ့အခါမှာဆိုရင် မျက်မှန်တွေ ၊အဆိပ်တွေမျက်လုံး ထဲကို ဖောက်ပြီးမသွားနိုင်တဲ့ မျက်မှန်လေးတွေတပ်ပေးကြဖို့၊ ပစ္စည်းတွေသယ်တဲ့အခါမှာ အိမ်တွေရှင်းပေးတဲ့ အခါမျိုးမှာဆိုရင်ပစ္စည်းတစ်ခုကို မမခင်ကြိုတင်ပြီးမှစစ်ဆေးကြပါ။ ခြေဗလာနဲ့သွားတာမျိုး၊ လက်ဗလာနဲ့ အုတ်ခဲတွေကိုသယ်လိုက်တာမျိုးတွေ၊ လက်ဗလာတွေနဲ့ မမြင်ရတဲ့နေရာတွေကိုနှိုက်တာမျိုးတွေမလုပ်ကြပါနဲ့၊ မြွေတွေကအဲဒီလို အဆောက်အအုံအပျက်တွေမှာခိုအောင်းနေနိုင်ပါတယ်။
မေး။ ။မြွေအန္တရာယ် ကြုံတွေ့ရပါကဘယ်လိုဆောင်ရွက်သင့်ပါသလဲရှင့်။
ဖြေ။ ။မြွေကိုက်ခံရတဲ့အခါမှာ ရှေးဦးသူနာပြုနည်းအတိုင်း မြွေဆိပ်မပျံ့အောင်လုပ်ပြီးတော့ စစ်ကိုင်းတိုင်း ဆိုရင်စစ်ကိုင်းဆေးရုံကြီးကိုရောက်အောင်သွားပေးပါ။ မန္တလေးတိုင်းဆိုရင် မန္တလေးဆေးရုံးကြီးကိုရောက် အောင်သွားပေးပါ။ ဆေးရုံးကြီးတွေမှာ မြွေဆိပ်ဖြေဆေးတွေရှိပါတယ်ရှင့်။ မြွေအန္တရာယ်ကြုံတွေ့ရပါက နီးစပ် ရာကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းပြီးဖယ်ခိုင်းတာဖြစ်ဖြစ် ဒါမှမဟုတ်ရင် တုတ်ရှည်ရှည်တ ချောင်းနဲ့ တုတ်ကတော်တော်ကြီးကိုရှည်တဲ့ တုတ်တချောင်းနဲ့ ခြောက်ထုတ်တာပဲ ဖြစ်ဖြစ်လုပ်လို့ရပါတယ်။ အင်တာနက်တွေရတဲ့အချိန်ကျရင် မြွေပုံရိုက်ထားပြီး Facebook က Snake of Myanmar ဂရုမှာ အဆိပ်ရှိမရှိ လာတင်ပေးလို့ရပါတယ်။ အဆိပ်ရှိတယ်ဆိုရင်ဘယ်လိုမျိုးလုပ်ရမယ်၊ အဆိပ်မရှိဘူးဆို ဘယ်လိုမျိုးလုပ်ရမယ် ဆိုပြီး ညွှန်ကြားပေးနိုင်ပါတယ်ရှင့်။