Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၇ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

ထိုင်းကနေ ပြန်ပို့ခံရတဲ့ အလုပ်သမားနှစ်ရာကျော်ကို စစ်ကောင်စီတပ်စစ်ဆေး အမျိုးသမီးသုံးဦးပါဝင်

ထိုင်းနိုင်ငံထဲတရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားနှစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက ရနောင်းဆိပ်ကမ်းကနေတစ်ဆင့် ကော့သောင်းဘက်ကို ပြန်ပို့ ခဲ့ပြီးစစ်ကောင်စီတပ်က နေရပ်ပြန်မလွှတ်ဘဲ စစ် ဆေးနေတယ်လို့ ရွေ့ပြောင်းအလုပ်သမားအရေးကူညီနေသူတွေကပြောပါတယ်။

အဲဒီအလုပ်သမား နှစ်ရာကျော်အထဲမှာ အမျိုးသား ၁၉၈ ဦးနဲ့ အမျိုးသမီး သုံးဦး ပါဝင်ပြီး ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်နေတာကြောင့် ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေကို စစ်ကောင်စီတပ်က ကော့သောင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၄၃၁) တပ် ထဲကို ခေါ်ဆောင်သွားပြီး   စစ်ဆေးခံနေရသူတွေကို စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းကျောင်းတွေပို့မှာ လား ဒါမှမဟုတ် နေရပ်ပြန်လွှတ်မှာလားဆိုတာမသိရသေးဘူးလို့ ဆိုပါတယ်။

Source – RFA Burmese

မွန်ပြည်နယ်မှာ အမျိုးသမီးစစ်မှုထမ်း စုဆောင်းခံရသူ ၃၀ ဦး ထက်မနည်းရှိ

မွန်ပြည်နယ်ရှိ မြို့နယ်တွေမှာ    စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံရသူ အမျိုးသမီး ၃၀ ဦးထက်မနည်း ရှိတယ် လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်နဲ့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်၊ ပေါင်နဲ့ သထုံမြို့နယ်တို့က အမျိုးသမီးတွေ စုဆောင်းခံနေရတာဖြစ်ပါတယ်။ တရားဝင် ဆင့်ခေါ်ခံရတာတွေရှိသလို   လမ်းမှာဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံရသူတွေလည်းရှိသလို ပျောက်ဆုံးနေတဲ့ အမျိုးသမီးတွေလည်း ရှိတယ်လို့သိရပါတယ်။

ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပြီး မြေပြင်မှာပိုများနိုင်တယ်လို့ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်း ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

Source – Mizzima

ကချင်ဒုက္ခသည်စခန်းမှ ၁၀ နှစ် သမီး ၃ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံရ

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းက အသက် (၁၀) နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး ဖေဖော်ဝါရီ (၂၂) ရက်နေ့ ကတည်းက ပြန်ပေးဆွဲခံခဲ့ရပြီး ဖေဖော်ဝါရီ (၂၆) ရက်နေ့မှာ ပြန်ပေးသမားက သတ်ဖြတ် ခဲ့ပါတယ်။

ဒုက္ခသည်စခန်းတွင်နေထိုင်တဲ့ အမျိုးသားတစ်ဦးကို သံသယမှုဖြင့်ဖမ်းဆီးထားပြီး နောက်ထပ် ပူးပေါင်း ပါဝင် သူများ ရှိ၊မရှိ  ကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပါ တယ်။

လူသတ်မှု၊ ပြန်ပေးဆွဲမှုသံသယများဖြင့် ဖမ်းဆီးခံထားရသူသည် အသက် ၂၅နှစ်အရွယ် အုန်းဆောင်းဒွဲအောင် (Ung Sau Doi Awng) ဆိုသူဖြစ်ပြီး သူ့ရဲ့ဇနီးဖြစ်သူဟာ သေဆုံးသွားတဲ့ မိန်းကလေးငယ်တွေရဲ့ ဆရာမဖြစ် ပါတယ်။

အဆိုပါအမျိုးသားဟာ ကလေးငယ်များကို ဖမ်းဆီးသွားပြီးနောက် မိဘတွေထံသို့ တရုတ်ငွေယွမ် ၃ သိန်းဖြင့် ပြန်ရွေးရန် ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

Source – Myanmar Now

လိင်အကြမ်းဖက်မှုတရားခံဦးမဲခေါင်ကိုဖမ်းမိပြီ

ကန့်ဘလူအချုပ်စခန်းအတွင်း လိင်အကြမ်းဖက်မှုဖြစ်စဉ်မှာ အသက် ၂၅ နှစ်အရွယ် Non CDM ကျန်းမာရေးဝန် ထမ်းကို လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တဲ့ ကန့်ဘလူမြို့နယ်နဲ့ ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ခေါင်းဆောင် ဦးမဲခေါင်ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပြီလို့ တန့်ဆည် (ပလဖ) တာဝန်ခံတစ်ဦးဆီကသိရပါတယ်။

NUG ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ကန့်ဘလူအချုပ်ခန်းတွင်း လိင်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့က မြေပြင်မှာ စုံစမ်းစစ်ဆေးနေစဉ် ကာလတွင် တိုင်ကြားခံထားရသူ သုံးဦးကို တာဝန်မှယာယီ ရပ်ဆိုင်းပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကပြော ကြားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဗဟိုတိုင်ကြားစာ ကော်မတီ ကနေ အွန်လိုင်းကတဆင့် စစ်ဆေးခဲ့သလို မြေပြင်မှာလည်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ရဲချုပ်ကိုယ်တိုင်စစ် ဆေးဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်း စကားပြောကြားခြင်း” အစီအစဉ်မှာ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောခဲ့တာပါ။

ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးမဲခေါင်နဲ့ အဖွဲ့ဝင် ၃ ဦးကို တာဝန်က ယာယီရပ်ဆိုင်း ထားသလို နစ်နာသူအမျိုးသမီးတွေကိုလည်း လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းပေးထားတယ်လို့ အဲဒီနေ့မှာ ထည့် သွင်းပြောဆိုခဲ့ပါတယ်။

Source – HI

ဂွမြို့နယ်အတွင်း အရေပြားရောဂါ အမျိုးသားထက် အမျိုးသမီး ပိုအဖြစ်များနေ

ရခိုင်ပြည်၊ ဂွမြို့နယ် စစ်ဘေးရှောင်နေရာတွေက အရေပြားရောဂါဖြစ်နေသူ လူဦးရေ ၃၈၀၀ လောက်မှာ အမျိုး သားတွေထက် ရေပိုကိုင်နေရတဲ့ အမျိုးသမီးတွေက ပိုပြီးအဖြစ်များနေတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီ ရေးပူးပေါင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရေပြားရောဂါ ဖြစ်ပွါးနေသူတွေကို  ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့က ကျန်းမာရေးဆေး ဝန်ထမ်းတွေနဲ့ ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး အရေပြားရောဂါဖြစ်ပွားနေသူ ၃၈၀၀ ခန့်မှာ ၂၀၀၀ ကျော်ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂွမြို့နယ်အတွင်း အရေပြားရောဂါဖြစ်ပွါးရတဲ့ အဓိကအကြောင်းအရင်းက ရေမသန့်ရှင်းတဲ့အတွက်ကြောင့်ဖြစ် တယ်လို့ သုံးသပ်ထားကြပြီး ကုသဖို့အတွက် ဆေးဝါးနှင့် တခြားအကူညီတွေ လိုအပ်နေတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ကလည်း ဆော်ဩထားပါတယ်။

Source – HI

၂ လတာအတွင်း နိုင်ကျဉ်း အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦး ထောင်တွင်းမှာ အသက်ဆုံးပါး

၂၀၂၅ ခုနှစ် ၂ လတာ ကာလအတွင်း အကျဉ်းထောင်ထဲမှာ သေဆုံးတဲ့ နိုင်ငံရေးကျဉ်းသား ၄ ဦး အထိရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

ထောင်တွင်းဆုံးပါးခဲ့ရသူ နိုင်ကျဉ်းတွေ မှာ အမျိုးသမီး ၁ ဦး ၊အမျိုးသား ၃ ဦးတို့ ဖြစ်ပြီး မန္တလေးအိုးဘိုထောင်က ၂ ဦး ၊ ပဲခူးတိုင်း သာယာဝတီထောင်က ၁ ဦး ၊ ဒိုက်ဦးထောင်က ၁ ဦးတို့ ဖြစ်ကြပါတယ်။

အမျိုးသမီး က အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ ဖြစ်ပြီး သူ့ကို စစ်တပ်အာဏာသိမ်းစ ဧပြီလ တတိယပတ် အတွင်း  မန္တလေး ၊ချမ်းမြသာစည် မြို့နယ် ၊ အမှတ် (၁၀) ရဲစခန်း ဗုံးခွဲတဲ့ လူငယ်တွေကို လက်ခံထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့  ထောင် ၂၂ နှစ် ချထားတာပါ။

ဒေါ်စန်းရီ ဟာ ဖေဖော်ဝါရီ  ၁၀ ရက်မှာ သွေးတိုး၊ ဆီးချို၊ နှလုံး၊အသည်းရောဂါ ဝေဒနာတွေနဲ့ ဆုံးပါးခဲ့တယ်လို့ PPNM က ဆိုပါတယ်။

Source – People’s Spring

မြန်မာအမျိုးသမီးဘောလုံးအသင်း ချန်ပီယံဆု ဆွတ်ခူး

နီပေါမြို့၊ ခတ္တမန္ဒုမှာကျင်းပခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်ာအသင်းက နီပေါအသင်းကို ၂ ဂိုး သုညနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

ဒီပွဲမှာ မြန်မာဘက်က ၆၂ မိနစ်မှာ သွင်းယူတဲ့ ရူပါခိုင်ရဲ့ ဂိုးနဲ့ ၆၄ မိနစ်မှာ သွင်းယူတဲ့ ဝင်းသိင်္ဂီထွန်းရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ မြန်မာ၊နီပေါ၊ လက်ဘနွန်နဲ့ ကာဂစ်စတန်တို့ ပါဝင်ပြီး မြန်မာနဲ့ နီပေါတို့ဟာ အုပ်စုပွဲစဥ်တွေမှာ ရှုံးပွဲမရှိ ကစားပြီး ဗိုလ်လုပွဲတက်ခဲ့တာ ဖြစ်ပါတယ်။

 Source – BBC

ကူညီမှုများရပ်တန့်ခြင်းနဲ့ ကချင်ဒေသ ကျန်းမာရေး နဲ့ အမျိုးသမီးများအပေါ် သက်ရောက်မှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၄၇ ကြိမ်မြောက် သမ္မတ ပြန်ဖြစ်လာပြီးနောက် ပြည်ပနိုင်ငံတွေကို ထောက်ပံ့ ပေးနေတဲ့ အကူအညီတွေကို ပြန်လည် သုံးသပ်ဖို့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရပ်ဆိုင်းလိုက်ပြီးနောက် နောက် ဆက်တွဲကချင်ဒေသရှိ ကူညီထောက်ပံ့မှုများ လျော့နည်းလာမယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ် (San Htoi) ကပြောပါတယ်။

အမေရိကန် ကူညီထောက်ပံ့မှု ပေးတဲ့အထဲ မြန်မာနိုင်ငံမှာလည်း လူငယ်တွေအတွက် ပညာသင်ဆု၊ စစ်ရှောင်တွေ အတွက် ဆေးဝါးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း ရရှိနေတာ ဖြစ်ပါတယ်။

ကချင်အမျိုးသမီးအဖွဲ့ KWAT က USAID အကူညီ တိုက်ရိုက်မရှိသော်လည်း ရရှိတဲ့အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ပြီး အဓိကအားဖြင့် အမျိုးသမီးအခွင့်အရေး မြင့်တင်တဲ့ လုပ်ငန်းတွေမှာ အသုံးပြုနေတာပါ။

အဲဒီထဲမှာ အိမ်နီးချင်းတရုတ်နိုင်ငံကို လူကုန်ကူးခံရသူများနဲ့ တရုတ်ဇနီးမယားအဖြစ် လိမ်လည်ခံရတဲ့ မြန်မာ အသက် ၁၅ နှစ်ကနေ ၅၅ နှစ်အရွယ် အမျိုးသမီးတွေကို ကာကွယ်တဲ့ လုပ်ငန်းစဉ်တွေလည်း ပါဝင်ပါတယ်။

KWAT က သူတို့ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေပေးတဲ့အပြင် နယ်စပ် လက်နက် ကိုင် အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လူကုန်ကူးမှု ပပျောက်ရေးအတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

အမေရိကန် အစိုးရ ကူညီမှု ထပ်မရတော့ဘူးဆိုရင် ကချင်အမျိုးသမီးအဖွဲ့ KWAT လုပ်ဆောင်နေတဲ့ လူအခွင့် အရေးချိုးဖောက်ခံရသူများကို ကာကွယ်မှု၊  စစ်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီပေးမှုနဲ့ လူကုန်ကူးခံရသူ တွေကို ပေးတဲ့အကူအညီတွေလျော့နည်းလာတော့မယ်လို့  KWAT က ပြောပါတယ်။

Source – ကေအဲန်ဂျီ

Author:

Related Articles