သန့်ရှင်းထွန်း
ညကြီးမိုးချုပ် ခြံစည်းရိုးသံပန်းတံခါးခေါက်သံကြောင့် သားဖွားဆရာမ ဒေါ်ခင်ခင်မော်မှာ အိပ်ရာမှလန့်နိုးခဲ့ရပြီး ‘ဆရာမ..ဆရာမ’ဆိုတဲ့ အမျိုးသားတစ်ဦးရဲ့ ခေါ်သံကို မိုးသည်းထန်နေတဲ့ကြားက မကြားတချက် ကြားတချက် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီခေါ်သံကို ငါးမိနစ်လောက် အာရုံစိုက်နားထောင်ပြီးမှ အခန်းတံခါးကိုဖွင့်၊ လက်မှာကိုင်ထားတဲ့ ဓာတ်မီးကို ခြံစည်းရိုးဖက်ကိုထိုးကြည့်လိုက်တော့ မုတ်ဆိတ်မွှေးထူထူ၊ အသားမဲမဲနဲ့ ငိုမအားဖြစ်နေတဲ့ အမျိုးသားတစ်ဦးကိုတွေ့ခဲ့ ရတယ်လို့ ပြောပါတယ်။
“ဆရာမ ကျနော့်မိန်းမကို ကယ်ပါဆိုပြီး လက်အုပ်ချီပြောတယ်။ အချိန်ကလည်း ည ၁၁ နာရီလောက်ဖြစ်နေပြီ။ မိုးကလည်း မနားတမ်းရွာနေတာ။ ဘာဖြစ်ဖြစ် ကျမသွားရမယ်ဆိုတဲ့ အသိစိတ်ကြောင့် ကလေးမွေးဖို့ လိုအပ်တဲ့ ဆေးကိရိယာတချို့ကို ယူပြီးလိုက်သွားခဲ့တယ်”လို့ ဒေါ်ခင်ခင်မော် ကပြောပါတယ်။
သားဖွားဆရာမ ဒေါ်ခင်ခင်မော်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ကျေးရွာက ဆေးခန်းမှာ တာဝန်ကျနေသူတစ်ဦးဖြစ်ပြီး သရက်အုပ်ကျေးရွာအုပ်စုတခုလုံး ရွာလေးတွေက ဒေသခံတွေရဲ့ ကလေးမွေး၊ ကျန်းမာရေး ကိစ္စတွေကို ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။
သူနေတဲ့သရက်အုပ်ကျေးရွာမှာ ရခိုင်အိမ်ခြေ ၁၃ ဆောင်သာရှိပြီး ကျန်တဲ့အိမ်ခြေ ၇၀၀ လောက်က ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။ ဆေးခန်းတည်ရှိတဲ့နေရာနဲ့ ရိုဟင်ဂျာတွေနေထိုင်တဲ့ရွာက ဘောလုံးကွင်းတစ်ကွင်းစာလောက်သာ ဝေးပါတယ်။
အရင်တုန်းက အဲဒီကျေးရွာက ဒေသခံတွေဟာ ကျန်းမာရေးကိစ္စကို ရွာဆေးခန်းအပြင် မြို့ပေါ်တက်ပြီး ဆေးခန်းပြတာတွေ လုပ်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ရိုဟင်ဂျာ ရွာခံအားလုံးဟာ တစ်ဦးတည်းသော သားဖွားဆရာမ ဒေါ်ခင်ခင်မော်ကို အားကိုးလာခဲ့ရပါတယ်။
“ကိုယ်ဝန်လာပြတာ၊ ကလေးမွေးပေးတာတွေက အမျိုးသမီးတိုင်းအတွက် အရေးကြီးပါတယ်။ တခြား နာမကျန်း ဖြစ်တာထက် ပိုပြီးအလေးထားပါတယ်။ မနက်မိုးလင်းရင် ဆေးခန်းကိုလာပြတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေရှိသလို နေအိမ်တွေထိ လိုက်ပေးရတာလည်း ရှိပါတယ်”လို့ ပြောပြပါတယ်။
ကျောက်ဖြူမြို့နယ် စနဲမြို့ထဲက ကျေးရွာတရွာဇာတိဖြစ်တဲ့ သားဖွားဆရာမ ဒေါ်ခင်ခင်မော်ဟာ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာမှာ တာဝန်ကျနေတာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိပြီလို့ ဆိုပါတယ်။ တာဝန်ကျစတုန်းက ရိုဟင်ဂျာတွေကို ဆေးကုသပေးရတာ ဘာသာစကား အခက်ခဲကြောင့် အတော်ဒုက္ခရောက်ခဲ့တယ်လို့ ပြောပြပါတယ်။
“သူပြောတာ ကိုယ်နားမလည်၊ ကိုယ်ပြောတာသူနားမလည်နဲ့ ဆေးကုရတာ အတော်အခက်တွေ့ခဲ့တယ်။ စကားမှားလို့ ဆေးမှားရင် အသက်အန္တရာယ်ရှိနိုင်တယ်လေ။ အဲတုန်းက ဘာသာပြန်နဲ့ ပြောရတယ်”လို့ ရယ်ရယ် မူးမူးပြောပါတယ်။
အခုလို ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံမှုများလာတာနဲ့အမျှ ဒေါ်ခင်ခင်မော်မှာ ရိုဟင်ဂျာစကားကို တဖြည်းဖြည်းပြောတတ်လာခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒေါ်ခင်ခင်မော်မှာ ရိုဟင်ဂျာစကားကို သေသေချာချာ ပြောတတ်နေပြီလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့ဟာ မြန်မာနိုင်ငံထဲမှာ အစိုးရအဆက်ဆက် ပဋိပက္ခပေါင်းစုံ၊ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးခံနေရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးလှည့်ကွက်တွေနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် အသုံးချခံနေရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီလို နိုင်ငံရေးအမြတ်ထုတ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ရခိုင်နှင့် ရိုဟင်ဂျာတွေအကြား လူမျိုးရေး ပဋိပက္ခဖြစ်ပြီး နှစ်ဖက်လူ့အသိုင်းဝိုင်းက အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုတွေ ခံခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တဲ့အထိ စစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။
လက်ရှိမှာလည်း ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မောင်တောမှာရှိတဲ့ ရခိုင်မျိုးနွယ်စုနှင့် ရိုဟင်ဂျာ မျိုးနွယ်စုတွေအကြား အမုန်းတရားဖြစ်အောင်၊ ပဋိပက္ခတွေဖြစ်အောင် စစ်ကောင်စီဘက်က ဖန်တီးခဲ့ပေမယ့် ပဋိပက္ခရဲ့ ဆိုးကျိုးကို နားလည်သဘောပေါက်နေကြပြီဖြစ်တဲ့ မောင်တောဒေသခံတွေကတော့ စစ်ကောင်စီရဲ့ လှည့်ကွက်ထဲကို မရောက်ခဲ့ဘူးလို့ သရက်အုပ်ကျေးရွာလူကြီးတစ်ဦးက ပြောပါတယ်။
“ရခိုင်တွေအကုန်လုံးက ရိုဟင်ဂျာရွာထဲက ဈေးဝယ်ကြတယ်။ ရိုင်ဟင်ဂျာတွေကလည်း ရခိုင်အိမ်တွေကိုလာပြီး ငါးရောင်းကြတယ်။ အသီးအရွက်ရောင်းကြတယ်။ ဒါက နှစ်ဖက်လူမှုအသိုင်းဝိုင်းမှာ အလွန်ချစ်ဖို့ကောင်းတဲ့ အလေ့ အကျင့်ပါ”လို့ သူကပြောပါတယ်။
အခုလို နှစ်ဖက်လူ့အဖွဲ့အစည်းကြား ငြိမ်းငြိမ်းချမ်းချမ်းနှင့် သဟဇာတဖြစ်ဖြစ်နေထိုင်နေသူထဲက သားဖွားဆရာမ ဒေါ်ခင်ခင်မော်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
ဒါပေမယ့် ရခိုင်မှာ တိုက်ပွဲတွေဖြစ်ပြီးနောက် ကုန်လမ်းရေလမ်းတွေ အကုန်ပိတ်ထားတာကြောင့် ဒေါ်ခင်ခင်မော်အတွက် စိန်ခေါ်မှုတွေက ပိုပြီးများလာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစိန်ခေါ်မှုက လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ယူလို့မရတာ၊ တချို့လက်ကျန်ဆေးဝါးတွေ ဈေးအဆမတန်ကြီးသွားတာလို့ ပြောပါတယ်။
“အကုန်လုံး အခက်ခဲကျနေချိန်မှာ သက်သက်သာသာနဲ့ ဆေးကုသပေးချင်ပေမယ့် ဆေးဈေးတွေက အဆမတန် မြင့်သွားတယ်။ တချို့ဆေးတွေက လုံးဝရှာမရဘူး။ ကလေးမွေးရင် လင်ယောကျ်ားတွေက ဘုရားစာ ရွတ်လား၊ မရွတ်လားမသိဘူး ကျမကတော့ ဘုရားစာ ရွတ်နေရတယ်။ အကုန်လုံး ချောချောချူချူ ဖြစ်ဖို့ကို”လို့ ပြောပြပါ တယ်။
တခုခုလွှဲချော်မှုဖြစ်ရင် နောက်ထပ် ညွှန်းပို့ရမယ့် ဆေးရုံဆေးခန်းဆိုတာ မရှိတဲ့အတွက် အကောင်းဆုံးဖြစ်အောင် အမြဲသတိထားနေရတယ်လို့ ဆက်ပြောပါတယ်။
မောင်တောမြို့နယ်ထဲမှာ ရှိနေတဲ့ ဒေါ်ခင်ခင်မော်အတွက် ကံကောင်းတာတခုက လိုအပ်တဲ့ ဆေးဝါးတချို့ကို ဘင်္ဂလားဒေ့ရှ်ဘက်ကမ်းက မှာလို့အဆင်ပြေတာဖြစ်တယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် တခြားဒေသကို တိမ်းရှောင်မသွားဘဲ ကိုယ့်ရပ်ကိုယ့်ရွာလိုဖြစ်နေပြီဖြစ်တဲ့ သရက်အုပ်ကျေးရွာ မှာပဲ နေထိုင်ရင်း ရွာခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ သားဖွားဆရာမကို ရိုဟင်ဂျာရွာသားတွေ အကုန်လုံးကလည်း ကျေးဇူးအထူးတင်ကြတယ်လို့ ရိုဟင်ဂျာရွာလူကြီး ဦးနူရ်အာလီ ကပြောပါတယ်။
“ဆရာမက ကျနော်တို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မကျန်းမမာဖြစ်တာထက် အမျိုးသမီးတွေရဲ့ ကိုယ်ဝန် ဆောင်ချိန်၊ ကလေးမွေးဖွားချိန်မှာ ဆရာမမရှိလို့ မဖြစ်ပါဘူး။ ကျနော်တို့လည်း တောင်းပန်ထားပါတယ်။ တခြား ဒေသကို မပြောင်းဘဲ ဒီမှာပဲဆက်နေပေးဖို့အတွက်”လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ သားဖွားဆရာမ ဒေါ်ခင်ခင်မော်ဟာ ဆေးပစ္စည်းတချို့ထည့်ထားတဲ့ ကြိုးလွယ်အိတ်တစ်လုံးကို လွယ်ပြီး နေ့စဉ်နဲ့အမျှ သူ့ရဲ့ မိသားစုလိုဖြစ်နေတဲ့ သရက်အုပ်ကျေးရွာအုပ်စုထဲက ရိုဟင်ဂျာအိမ်တွေကိုသွားပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေဆဲဖြစ်ပါတယ်။
သားဖွားဆရာမ ဒေါ်ခင်ခင်မော်ရဲ့ လုပ်ဆောင်ချက်တွေကို ရိုဟင်ဂျာရွာလူကြီးက အခုလို ချီးကျူးပါတယ်။
“ဆရာမက သားဖွားဆရာမတောင်မက နှစ်ဖက်လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတအတွက် လမ်းပြနေသူတစ်ဦးပါ”