Home ဆောင်းပါး တော်လှန်ရေးကဏ္ဍအတွင်းက အမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ

တော်လှန်ရေးကဏ္ဍအတွင်းက အမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ

 

ထနောင်းမေ

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့နေရာမှာ အမျိုးသမီးတွေဟာ ရှေ့တန်းကပါဝင်ခဲ့ရုံတင် မက ကျရာနေရာ ဘက်ပေါင်းစုံကပါဝင်ခဲ့ကြပါတယ်။ ဒီလိုစစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ခဲ့တဲ့အတွက် စစ် ကောင်စီရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေနဲ့ သတ်ဖြတ်တာကိုလည်း အမျိုးသမီးတွေဟာခါးစည်းခံခဲ့ကြရတယ်။

စစ်တပ်ကအာဏာသိမ်းရန်ကြိုးပမ်းမှုကာလ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ၂၀၂၄ခုနှစ်ဖေဖော်ဝါရီလ(၂၈) ရက်နေ့အထိ လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ နည်းမျိုးစုံနဲ့ပစ်မှတ်ထားတိုက်ခိုက်တာ တွေကြောင့် အမျိုးသမီး (၈၀၀)ကျော်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီကိုတော်လှန်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူအမျိုးသမီး(၃၀၀၀)ကျော်ရှိခဲ့ပြီး (၇၀၀)ကျော်ဟာပြစ် ဒဏ်ချမှတ်ခံထားရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ပြန်ထားတဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေဟာ စစ်ကောင်စီကိုဆန့်ကျင်တဲ့အတွက် မတရားဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ခံရတဲ့အပြင် လိင် ပိုင်းဆိုင်ရာစော်ကားမှုတွေကိုလည်း ခံနေကြရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အမျိုးသမီးတွေကိုမုဒိန်းကျင့်၊ သတ်ဖြတ်တာအပြင် စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေကလည်း တော်လှန်ရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာထိပါး စော်ကားတဲ့အသုံးအနှုန်းတွေနဲ့ ရေးသားဖော်ပြမှုတွေကို စစ်အာဏာသိမ်းမှုစတင်ခဲ့တဲ့ကာလကနေ ယခုအချိန်ထိ အမျိုးသမီးတွေကို ပစ်မှတ်ထားလုပ်ဆောင်နေကြပါတယ်။

အဆိုပါလုပ်ဆောင်ချက်တွေထဲက အကြောင်းအရာအချို့ကို HI ကဖော်ပြပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက  အမျိုးသမီးတစ်ဦးဟာ  အသံတိတ်သပိတ်မှာပါဝင်ထားတဲ့ ဆန္ဒပြတဲ့ဓာတ်ပုံကို မျက်နှာ ဖျက်ထားပြီး လူမှုကွန်ရက်မှာတင်ခဲ့ပါတယ်။ အဲ့ဒီနောက် အမျိုးသမီးဟာစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။ ဒီလိုဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေက “ မျက်နှာဖျက် ထားပေ မယ့် -ျင်ကြည့်ဖမ်းတာ”လို့ လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ရေးသားခဲ့ကြပါတယ်။

ဒါ့အပြင် ခင်ပွန်း(သို့မဟုတ်) ချစ်သူအမျိုးသားရဲဘော်ကျဆုံးတဲ့အတွက် အလောင်းဘေးမှာငိုနေတဲ့ရဲမေတစ်ဦးရဲ့ ဓာတ်ပုံကိုလည်း “လင်အသစ်ရတော့မှာဖြစ်တဲ့အတွက် လင်ဟောင်းအသေကောင် မသာကြီးအား နောက်ဆုံး နှုတ် ဆက်စကားပြောနေတဲ့ PDF မ၊ မဲဖောက်တာလား၊ ဘုံပိုင်လား” ဆိုပြီးရေးသားကြပါတယ်။

“သူပုန်နယ်မြေများတွင် PDFအမျိုးသမီးများ လိင်အမြတ်ထုတ်ခံရမှုများပြားနေတဲ့အတွက်  ကိုယ်ဝန်များဖြတ်ချရန် ပြည်ပအတွင်းရှိ ဆရာဝန်များလာရောက်ကူညီပေးဖို့ NUG အကြမ်းအဖွဲ့မှစာထုတ်”စတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အကြောင်းအရာတွေရေးသားဖော်ပြကြပါတယ်။

“တောထဲတွင် အခက်အခဲများကြောင့် နေထိုင်လိုစိတ်မရှိပဲထွက်ပြေးနေတဲ့ PDF အမျိုးသမီးတွေကို အကြမ်းဖက် PDF တွေက ပြန်လည်ဖမ်းဆီးခြင်းတွေပြုလုပ်လျက်ရှိပြီး စစ်မတိုက်ချင်ရင် အစထဲက မလာနဲ့ တောထဲရောက်ရင် စစ်တိုက်ရမယ်။ စစ်မတိုက်ချင်ရင် “နို့”လိုက်တိုက်ရမယ်လို့ ခြိမ်းခြောက်လျက်ရှိ” ဆိုတဲ့စာတွေ ရေးသားကြပါတယ်

ဒီလိုရေးသားဖော်ပြမှုတွေဟာ မဟုတ်မမှန်တဲ့အကြောင်းအရာတွေဖြစ်ပေမယ့် တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အသုံးအနှုန်းတွေနဲ့ တမင်ပစ်မှတ်ထားရေးသားနေတာကို အထက်ပါ ဖြစ်စဉ်တွေကိုကြည့်ရင်သိနိုင်ပါတယ်။

တော်လှန်ရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတွေပြောပြတဲ့ လိင်ပိုင်းဆိုင်ရာထိပါးမှုများ

တော်လှန်ရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတွေဟာ အမျိုးသားတွေထက် လိင်ပိုင်းဆိုင်ရာထိပါးမှုတွေကြုံတွေ့ နေကြရတယ်လို့ တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်တဲ့နေရာမှာ အမျိုးသမီးတွေက ဘက်ပေါင်းစုံ ကပါဝင်လာကြပြီး စစ်တပ်က သူတို့ကိုဆန့်ကျင်တော်လှန်တဲ့သူမှန်သမျှကို ဖိနှိပ်ချုပ်ချယ်မှုပြုလုပ်နေရာမှာ အမျိုး သားတွေထက်စာရင် အမျိုးသမီးတွေကပိုပြီး ဖိနှိပ်မှုတွေခံရတယ်လို့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထား ဝယ် ) ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျူလီကပြောပါတယ်။

တော်လှန်ရေးလုပ်နေတဲ့ အမျိုးသမီးတစ်ဦးဖမ်းခံရပြီး စစ်ကြောရေးခေါ်သွားတဲ့အခါ လိင်ပိုင်းဆိုင်ရာထိပါးတဲ့ စကားလုံးအသုံးအနှုန်းတွေသုံးပြီး စော်ကားတာ၊ အဲ့ဒီအမျိုးသမီးရဲ့ social media ကဓာတ်ပုံတွေယူပြီးတော့ စစ် ကောင်စီရဲ့လော်ဘီချန်နယ်တွေမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မဖွယ်မရာ ပုံတွေလိုပြုလုပ်ကာ လိင်ပိုင်းဆိုင်ရာ  ထိပါး နှောင့်ယှက်တဲ့ အသုံးအနှုန်းတွေသုံးပြီး‌တော့ ဖြန့်တာမျိုးတွေ လုပ်တာမျိုးတွေလည်းရှိတယ်လို့ ဂျူလီက  ပြောပါတယ်။

‌တော်လှန်ရေးမှာပါဝင်တဲ့အမျိုးသမီးတွေကို အွန်လိုင်းပေါ်တင်မကပဲ စစ်ကြောရေးတွေမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ဖိနှိပ်လေ့ရှိနေပါတယ်။

“တော်လှန်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့အမျိုးသမီးတွေဖမ်းဆီးခံရတဲ့အခါ  သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးရှိ တယ်။ အဲ့တက်တူးကိုမြင်တဲ့အခါမှာ အပျိုမစစ်လောက်ဘူး။ အပျိုရောဟုတ်ရဲ့လား မိန်းမကောင်းက တက်တူး မထိုးဘူး။ မိန်းမပျက်မှထိုးတာ အဲ့လိုစကားတွေသုံးတာကြားခဲ့ဖူးတယ်”လို့နွေဦးတော်လှန်ရေး မှာပါဝင်နေတဲ့ မသူ ဇာမြင့်ကပြောပါတယ်။

နွေဦး‌တော်လှန်ရေးကာလမတိုင်ခင်ကတည်းက လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ နိုင်ငံရေး ကိစ္စရပ်တွေမှာ တက် ကြွလှုပ်ရှားခဲ့တဲ့ Sisters 2 Sisters က မနှင်းသက်မှူးခင်ကိုယ်တိုင်လည်း အလားတူဖြစ်စဉ်တွေကြုံဖူး တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“အွန်လိုင်းပေါ်မှာတော်လှန်ရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းတွေလုပ်တဲ့အချိန်မှာလည်း ကျွန်မရဲ့အဝတ်အစားမိတ် ကပ် လိမ်းထားလား မလိမ်းထားလား အဲ့လိုမျိုး ရုပ်ရည်ပုံပန်းသဏာန် စကားပြောပုံဆိုပုံ အဲ့ဒါတွေကို လိုက်ပြီးတော့ ကြည့်ပြီးတော့ ဝေဖန်တဲ့ဟာတွေ လိင်ပိုင်းဆိုင်ရာ ကောမန့်တွေကျွန်မရဲ့တကိုယ်ရည်တကာယကိစ္စတွေကို သူတို့ ကကောမန့်တွေဝိုင်းရေးတဲ့ကိစ္စတွေ အဲ့လိုမျိုးတွေလည်းအများကြီးကြုံဖူးတယ်။ ပြီးတော့ကျွန်မပုံတွေကိုအမျိုး ဘာသာသာသနာထိန်းသိမ်းတဲ့ ဂရုတွေထဲမှာလိုက်ဖြန့်ပြီးတော့ ဒီမိန်းမက အမျိုးဖျက်မ ဘာဖြစ်တယ်။ ဘာဖြစ်တယ် သူ့ယောက်ကျားက ဘာဆိုပြီးမဟုတ်တမ်းတရားတွေပြောပြီးဖြန့်တဲ့ ဟာတွေလည်း ကြုံဖူးတယ်။ အများကြီး ကြုံဖူးတယ်”လို့ မနှင်းသက်မှူးခင်ကပြောပါတယ်။

နိုင်ငံရေး၊ တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့ အမျိုးသားတစ်ယောက်နဲ့အမြင်မတူတာ၊ ငြင်းခုန်ကြရတဲ့အခါ အဲ့ဒီအမျိုးသားပြောနေ၊ လုပ်နေတဲ့အကြောင်းအရာတွေကိုပဲဦးတည်ပြောကြ တိုက်ခိုက်ကြပြီး အမျိုးသမီး တစ်ဦးနဲ့ နိုင်ငံရေးအမြင်မတူတဲ့အခါမှာတော့ အဲ့ဒီအမျိုးသမီးရဲ့အမျိုးသမီးဖြစ်တည်မှု၊ တကိုယ်ရေ တကာယ ပါဆင်နယ်ကိစ္စတွေ၊ ခန္ဓာကိုယ်အချိုးအစား၊  လိင်ပိုင်းဆိုင်ရာကိစ္စတွေ ဒါကိုပဲဦးတည်ပြီး တိုက်ခိုက်ကြတယ်လို့ မနှင်းသက်မှူးခင် သူ့အတွေ့အကြုံကိုပြောပါတယ်။

ဘာကြောင့်အမျိုးသမီးတွေကိုပစ်မှတ်ထား တိုက်ခိုက်တာလဲ

မြန်မာနိုင်ငံရဲ့ ‌ရှေးရိုးစွဲအယူအဆတွေအရ အမျိုးသမီးတွေကိုခွဲခြားတဲ့အမြင်တွေဟာ ရှေးယခင်ထဲကရှိခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် အရှက်အကြောက်ကြီးကြတဲ့ အမြင်တွေလည်းရှိခဲ့ တယ်။ ဒီလို လိင်ပိုင်းဆိုင်ရာကိစ္စနဲ့အမျိုးသမီးတွေကို ယှဉ်တွဲပြီးဖော်ပြတဲ့အခါ အမျိုးသမီးတွေပိုပြီးရှက်ကြောက်ကြမယ်ဆိုတဲ့ လူမှုစံနှုန်းအမြင်တွေရှိနေလို့ပါပဲ။

စစ်ကောင်စီတပ်ဟာ အမျိုးသားတွေသူတို့ကိုတော်လှန်တာကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့သတ်မှတ်ပေမယ့်   အားနွဲ့တဲ့ အမျိုးသမီးတွေကသူတို့ကို တော်လှန်တယ်၊ ဆန့်ကျင်အာခံတယ်ဆိုတာကို လက်မခံနိုင်တဲ့အတွက် အမျိုးသမီး တွေ ကိုပိုပြီး ဖိနှိပ်တာမျိုးဖြစ်တယ်လို့ နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ(ထားဝယ်)က ဂျူလီက သူ့အမြင်ကိုပြော ပါတယ်။

“ကျွန်မတို့တော်လှန်ရေးလုပ်တဲ့အခါကျရင် အဖမ်းခံရရင် စစ်ကြောရေးမှာအဲ့လိုမျိုး လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက် ပြီးထိပါးခံရမယ်။ စော်ကားနှောင့်ယှက်ခံရမယ် တယ်လီဂရမ်မှာလည်း မဖွယ်မရာပုံတွေ လိင်ပိုင်းဆိုင်ရာ ထိပါးတဲ့ အသုံးအနှုန်းတွေသုံးပြီးတော့ ရေးသားဖော်ပြခံရမယ်ဆိုတဲ့ conceptမျိုး အမျိုးသမီးတွေရဲ့ခေါင်းထဲကို ရောက် သွားမယ်၊ တော်လှန်ရေးဆက်လုပ်ဖို့  ဖိအားဖြစ်သွားမယ်” လို့ဂျူလီကဆိုပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်တဲ့နေရာမှာ အမျိုးသမီးတွေလျော့သွားမယ်ဆိုတဲ့ပုံစံနဲ့ အဓိကပြစ် မှတ်ထားတာလို့ ယူ ဆကြောင်းသူကဆက်ပြောပါတယ်။

“အမျိုးသမီးတွေက အရှက်အကြောက်ကြီးတယ်။ တချို့အမျိုးသမီးတွေ ဒီလိုမျိုးတော်လှန်ရေး ထဲပါဝင်ချင် ရင် တောင် ငါဝင်လိုက်ရင် ငါ့ကိုအဲ့လိုများပြောကြမလား  အဲ့လိုစိတ်တွေ ဖြစ်သွားစေတယ်။ ငါဝင်လိုက်တဲ့အခါမှာရော ငါ တခုခုဖြစ်သွားခဲ့ရင် သူတို့ကငါ့ကိုဘယ်လိုဆက်ဆံကြမှာလဲ၊ အဲ့လိုတွေရှိတော့ တချို့မိန်းကလေးတွေအတွက် အ ဟန့်အတားဖြစ်သွားတာပေါ့”လို့မသူဇာမြင့်ကသူ့အမြင်ကိုပြောပါတယ်။

တော်လှန်ရေးမှာပါဝင်တဲ့အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အဓိကပစ်မှတ်ထား လုပ်ဆောင်တဲ့ အတွက်အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ခံစားရကာ၊ နိုင်ငံရေးမှာ ပါဝင်မှု အားနည်းအောင်၊ အမျိုးသမီးတွေရဲ့အသံတိတ်အောင်လုပ်ဆောင်တာဖြစ်တယ်လို့ Sisters 2 Sisters က မနှင်းသက်မှူးခင်ကပြော ပါတယ်။

“ဒီအမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာ‌စော်ကားလိုက်မယ်ဆို ဒီအမျိုးသမီးတွေက မြန်မာ့လူ့အဖွဲ့အစည်းထဲမှာနေ ရထိုင်ရကြပ်သွားမယ်။ ဒုက္ခရောက်သွားမယ်။ အရှက်ရမယ်ဆိုတဲ့ဟာကိုသူတို့သိတယ်။ အဲ့တော့ အဲ့လိုမျိုးမြန်မာ့လူ့ အဖွဲ့အစည်းထဲမှာရှိနေတဲ့ဖိုဝါဒကို သူတို့ကအမှီပြုပြီးတော့ဒီဟာကိုအခွင့်အရေးယူပြီးတော့ အမျိုးသမီးတွေကို တိုက်ခိုက်တာပေါ့”လို့မနှင်းသက်မှူးခင်ကမှတ်ချက်ပြုပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးမှာအမျိုးသမီး(၆၀)ရာခိုင်နှုန်းက ဘက်ပေါင်းစုံကပါဝင်နေကြတာကိုတွေ့ရတယ်လို့  ကရင်အမျိုးသမီးအစည်းအရုံးရဲ့ စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ နော်ဆဲဆဲကပြောပါတယ်။

“ဒီနည်းလမ်းက အမျိုးသမီးတွေကို ခြိမ်းခြောက်နိုင်တယ်။ အမျိုးသမီးတွေကိုတော်လှန်ရေးထဲမှာမပါဝင်ရဲအောင် မပါဝင်လာအောင် ပစ်မှတ်ထားပြီးလုပ်တဲ့နည်းလမ်းနည်းဗျူဟာဖြစ်တယ်။ အမျိုးသမီးတွေတော်လှန်ရေးထဲမှာ စိတ်ဓာတ်ပိုမို  ကျလာအောင် ပိုပြီးတော့ ကြောက်ရွံ့လာအောင် ပိုပြီးတော့  ဂုဏ်သိက္ခာကျဆင်းလာအောင် သူတို့ တမင်ပစ် မှတ်ထားပြီး ဗျုဟာ ကျကျသုံးနေတာလို့ပြောလို့ရပါတယ်”လို့သူကဆိုပါတယ်။

အာဏာရှင်စနစ်နဲ့အတူ တွန်းလှန်တိုက်ဖျက်ရမယ့် ဖိုဝါဒကြီးစိုးမှုများ

အမျိုးသမီးတွေနိုင်ငံရေးမှာပိုပြီးပါဝင်ဖို့နဲ့ ခွဲခြားဆက်ဆံမှုတွေပပျောက်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒကြီး စိုးမှုကိုပါတွန်းလှန်ရမှာဖြစ်ပါတယ်။

အသားကျနေတဲ့ ရှေးရိုးစွဲအယူအဆတွေကိုတွန်းလှန်ပြီးအမျိုးသမီးတွေအနေနဲ့ အမျိုးသမီးအခွင့်အရေးတွေ၊ လူ့အ ခွင့်အရေးတွေကိုသိဖို့ လူ့အဖွဲ့အစည်းအနေနဲ့လည်း ဒီလိုမျိုးစော်ကား ခံရတယ်ဆိုရင် ကျူးလွန်းခံရတဲ့ သူတွေရဲ့ ဖက်ကရပ်တည်ပေးဖို့ ” ဒီလိုကိစ္စတွေက ရှက်စရာကိစ္စရပ်မဟုတ်ဘူး၊ ကျူးလွန်ခံရတဲ့သူရဲ့ အမှားမဟုတ်ဘူး၊ ကျူး လွန်သူရဲ့အမှားသာဖြစ်တယ် ကျူးလွန်သူမှာပဲအပြစ်ရှိတယ်” ဆိုတာကို လက်ခံဖို့လိုတယ်လို့ဂျူလီကမှတ်ချက်ပြု ပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကိုလည်း ဘယ်သူကဘယ်နေရာမှာကျူးလွန်သည်ဖြစ်နေ ထိရောက်တဲ့ တရားမျှတမှု၊ အပြစ်ပေးအ‌ရေးယူမှုတွေရှိဖို့လိုအပ်တယ်လို့ ဂျူလီကဆိုပါတယ်။

“ကျွန်မတို့လူ့အဖွဲ့အစည်းထဲမှာရှိနေတဲ့ ဖိုဝါဒတွေ  ကျား၊ မဖြစ်တည်မှုပေါ်အခြေခံပြီးဖြစ်နေတဲ့အယူအစွဲတွေ   မိန်း ကလေးဆိုရင် ဒါလုပ်ရမယ်။ ယောကျာ်းလေးဆိုရင် ဒါလုပ်ရမယ်  အဲ့ဒါတွေကိုစပြီးတော့ တိုက်ဖျက်ရမယ်။ တွန်း လှန်ရမယ်။ ကိုယ်ကစပြီးတော့ဆန့်ကျင်ရမယ်။ မဟုတ်ဘူး။ မိန်းကလေးမို့လို့ ငါဒါလုပ်ရမယ် ဆိုတာမဟုတ်ဘူး။ ငါ ကလည်း လူသားတစ်ယောက်အနေနဲ့ ငါလုပ်နိုင်တာ ငါလုပ်တာ အဲ့လိူမျိုး ကိုယ်ကိုတိုင် က နေ တွန်းလှန်ဖို့ လိုတယ် လို့ထင်တယ်”လို့မနှင်းသက်မှူးခင်ကပြောပါတယ်။

ဖိုဝါဒကြီးစိုးတဲ့အလေ့အထတွေပပျောက်ဖို့ အထူးသဖြင့် လူတစ်ဦးတစ်ယောက် မိသားစုတစ်စုထဲမှာသော်လည်း ကောင်း ပတ်ဝန်းကျင်တခုထဲမှာသော်လည်းကောင်း သူတို့ရဲ့ အတွေးခေါ်အယူအဆတွေကို‌ အရင်ပြောင်းဖို့လို တယ်လို့ နော်ဆဲဆဲကမှတ်ချက်ပြုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကိုနည်းမျိုးစုံနဲ့အကြမ်းဖက်တဲ့ကိစ္စရပ်တွေကို တရားမျှတမှုရရှိဖို့၊ ပြန်လည်ကုစားနိုင်ဖို့ ဒါ တွေကိုထည့်သွင်းစဉ်းစားပြီးတော့ အကောင်အထည်ဖောက်ဆောင်ရွက်မှုတွေလုပ်သွားဖို့လိုပြီး ဒီရာဇဝတ်မှု တွေ ကိုသေချာအချက်အလက်စုဆောင်းပြီးတော့နိုင်ငံတကာဥပဒေတွေနဲ့နိုင်ငံတကာတရားမျှတမှုနဲ့တာဝန်ယူမှု၊ ရှိလာ စေဖို့ ဆက်လက်ဖိအားပေးရမယ် စည်းရုံးလှုံဆော်မှုလုပ်ရမယ်လို့ နော်ဆဲဆဲကပြောပါတယ်။

အခက်အခဲနဲ့တိုက်ခိုက်မှုတွေရှိနေပေမယ့်လည်း  အမျိုးသမီးတွေကတော့ တော်လှန်ရေးအတွက် ကျရာနေရာမှာ ပါဝင်နေရဦးမှာပါပဲ။

“စခါစမှာတော့ အရမ်းခံစားရတယ်။ ဒီလူတွေက ငါ့ကိုအငြိုးကြီးကြီးနဲ့တိုက်ခိုက်ကြတာလဲဆိုပြီး ငါဘာလုပ်မိလို့လဲ အဲ့လိုခံစားရတယ်။နောက်ပိုင်းတဖြေးဖြေးနဲ့ကျတော့  နားလည်လာတယ်။ဒါငါမို့လို့မဟုတ်ဘူး။ သူတို့ကိုက အမျိုး သမီးတွေဒီလိုအသံထွက်တာကို သူတို့မခံနိုင်ဘူးအဲ့အတွက်ကြောင့် သူတို့ပိုပြီးဖြစ်တာလို့ နားလည်လာတယ်။ သူတို့ ဘယ်လိုပဲပြောပြော ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက် ရတယ်။ ကြိုက်သ‌လောက် တိုက်ခိုက် ဆက်ပြီးတော့ ရသ‌ လောက် အသံထွက်နေဦးမှာပဲ၊ ဆက်ပြီးပြောနေဦးမှာပဲ။ သူတို့ပိုပြီးတိုက်ခိုက်လေ ကျွန်မ ပိုပြီးလုပ် နေဦး မှာပဲ ”လို့ မနှင်းသက်မှူးခင်ကဆိုပါတယ်။

Author:

Related Articles