Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

နိုဝင်ဘာ ၂၀ ကနေ ၂၆ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ရပါတယ်။

  • ကျွန်းလှမြို့မှာ သပြေပန်းပန်သူ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားသုံးဦး အသတ်ခံခဲ့ရ

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့မှာ သပြေပန်းပန်တဲ့အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားသုံးဦးသတ်ဖြတ်ခံခဲ့ရတယ်လို့    ကျွန်းလှ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာလ(၁၁)ရက်နေ့က ကျွန်းလှမြို့သစ်ရာပင်ဈေးထဲမှာသစ်သီးရောင်းနေတဲ့ အသက်(၄၁)နှစ်အရွယ် ဒေါ်စန်းစန်းမြင့် ဆိုသူကို မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားသုံးဦးကသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ရက်နေ့မှာလည်း ကျွန်းလှမြို့အရှေ့ဘက်က ဦးစက်ဟန်ဥယျာဉ်ခြံထဲ နေထိုင်တဲ့အသက် ၅၀ အရွယ် ဦးထွန်းမြင့် နဲ့အသက်(၂၀)အရွယ် မောင်နိုင်လင်းတို့ဟာအဲဒီခြံထဲမှာပဲ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လုံခြုံရေးအရ အမည်ဖော်လိုတဲ့ကျွန်းလှဒေသခံတစ်ဦးကတော့ နိုဝင်ဘာလ(၁၁)ရက်နေ့က တစ်လေးလုံး လှုပ်ရှားမှုတွေရှိ နေချိန် သပြေပန်းပန်ထားတဲ့ ဒေါ်စန်းစန်းမြင့်ကိုပျူစောထီးတွေ ပစ်ခတ်သတ်ဖြတ်သွားတာလို့ဆိုပါတယ်။

Source – RFA

  • နမ့်ခမ်းမှာလက်နက်ကြီးကျည်ကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့မှာစစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့(TWO)က သတင်းထုတ်ပြန်ပါတယ်။

စစ်‌ကောင်စီဘက် နိုဝင်ဘာလ(၂၁)ရက်နေ့ညနေပိုင်းက နမ့်ခမ်းမြို့၊ပေါက်နေရပ်ကွက်ကို ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျ ရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူထဲမှာ သုံးနှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်ပါတယ်။

ဒဏ်ရာရသူလေးဦးဟာ နမ့်ခမ်းဆေးရုံမှာဆေးကုသခံနေပြီး တချို့ကဒဏ်ရာပြင်းထန်တယ်လို့လည်းTWOရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီရဲ့စခန်းသစ်ကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေသေဆုံးခဲ့ရတာလို့လည်း TWO ကဆိုပါတယ်။

Source – RFA  

  • NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်လွှတ်တော်တွင် ကြားနာပွဲပြုလုပ်

အမျိုးသားညီညွှတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်အာအောင်ဟာ “ဂျပန်-မြန်မာဆက်ဆံရေး အတိတ်၊ပစ္စုပ္ပန်နှင့် အနာ ဂတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျပန်လွှတ်တော်အမတ်တွေနဲ့ရုံးတွင်းကြားနာပွဲကို နိုဝင်ဘာ ၂၁ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။

ကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး(ဂျပန်)နဲ့ မြန်မာနိုင်ငံဒီမိုကရေစီအရေးကို ပံ့ပိုးကူညီ သောလွှတ်တော်အမတ်များသမဂ္ဂက ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှ ညွှန် ကြားရေးမှူး၊   ဂျပန်လွှတ်တော်အမတ်တွေ၊ မြန်မာ့ဒီမိုကရေစီအ‌ရေးကို အားပေးကူညီနေတဲ့ ဂျပန်အဖွဲ့အစည်းတွေ၊ ဂျပန်နိုင်ငံ ရှိ နွေဦးတော်လှန်ရေးအင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

ကြားနာပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဂျပန်လွှတ်တော်အနေနဲ့စစ်ကောင်စီကို အသိအမှတ်မပြုရေးအဆိုကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကိုဆက်ဆံရန်ချမှတ်ထားတဲ့ အချက်(၃)ချက်ကို ဆက်လက်ကိုင်ထားပြီး စစ်ကောင်စီ ကို ဆက်လက်အသိအမှတ်မပြုပေးရေး၊ အာဆီယံအပါအဝင်နိုင်ငံတကာနဲ့ပူးပေါင်းကာ စစ်ကောင်စီကို ပြည်သူ့အစိုးရထံ အာဏာပြန်လွှဲပေးရေးပိုမိုဖိအားပေးဖို့တင်ပြဆွေးခဲ့ပါတယ်။

Source – DVB

  • မုဒုံရဲစခန်းဝင်းအတွင်း Drop ဗုံးကျပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊မုဒုံမြို့မရဲစခန်းဝင်းမှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတဲ့အတွက် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံ တွေက ပြောပါတယ်။

နိုဝင်ဘာ(၁၉)ရက်နေ့မွန်းတည့်လောက်က ရဲစခန်းဝင်းကလက်ဖက်ရည်ဆိုင်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး လက်ဖက်ရည် ဆိုင်အမိုး(၃)ပေလောက်ပေါက်ပြဲပျက်စီးခဲ့တယ်လို့သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူအမျိုးသမီးဟာ ရဲမိသားစုဝင်တစ်ဦးဖြစ်ပြီး ဦးခေါင်းနဲ့ပခုံးတွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတဦးကပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသမီးကိုလူမှုကူညီရေးအဖွဲ့က မုဒုံမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ ဆောင်ပေးခဲ့ပြီး အခုဖြစ်စဥ်ကိုတော့ဒေသကာကွယ်ရေးဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

Source – DVB

  • အင်းတော်မြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်၊ အမျိုးသမီးအပါအဝင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊မြစ်ကြီးနား-မန္တလေးလမ်းမပေါ်က နဘားလမ်းဆုံအထက် စော်မော်တောတန်း တစ်လျှောက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးအပါအဝင် အရပ်သား(၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ(၁၉)ရက်နေ့နေ့လည်က လေယာဉ်နဲ့ ဗုံး(၆)လုံးထက်မနည်းကြဲချကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ လေ ကြောင်းတိုက်ခိုက်မှုကြောင့် နဘားလမ်းဆုံအနီး ဆိုင်ကယ်မောင်းနှင်လာတဲ့ မိသားစုသုံးဦးနဲ့  ဈေးဆိုင်တန်းလျား အနီးပန်း ရောင်းချနေသူတဲ့ ဇနီးမောင်နှံတို့ဗုံးစထိမှန်ဒဏ်ရာရှိခဲ့ပြီး စားသောက်ဆိုင်တစ်ဆိုင်နဲ့  ကားဝပ်ရှော့ဆိုင်တစ်ဆိုင်လည်း မီး လောင်ပျက်စီးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ လူသေဆုံးမှုမရှိမရှိကတော့ လတ်တလောအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Source – RFA

  • ငါန်းဇွန်မြို့ သံကုန်းကျေးရွာမှာ အမျိုးသမီး ၂ ဦးအပါအဝင် ၇ ဦးသတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့သံကုန်းရွာမှာ နိုဝင်ဘာ(၂၂)ရက်နေ့က အမျိုးသမီး(၂)ဦးအပါအဝင်လူ(၇)ဦးသတ်ဖြတ်ခံရတဲ့ ဖြစ်စဥ် ဖြစ်ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ အသတ်ခံရတဲ့သူတွေဟာ အမျိုးသား(၅)ဦးနဲ့အမျိုးသမီး(၂)ဦး ဖြစ်ပါတယ်။ အဲဒီ ထဲမှာ ဇနီးမောင်နှံနှစ်ဦးပါဝင်ပြီး ရပ်ကွက်ထဲမှာ ငွေချေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အမျိုးသား(၅) ဦးဟာသံကုန်းရွာက ကုန်စုံဆိုင်ထဲမှာသတ်ဖြတ်ခံခဲ့ကြရတာဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးကိုတော့ နေအိမ်မှာ လာ ရောက်ပစ်ခတ်သွားတာလို့ဆိုပါတယ်။ ဘယ်သူဘယ်ဝါမသိရတဲ့လူတစ်စုက လာရောက်သတ်ဖြတ်သွားတာလို့ဆိုပါတယ်။

Source – BBC

  • ဘီဘီစီ ၂၀၂၃ ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ မှာ ခိုင်နှင်းဝေဖော်ပြခံရ

၂၀၂၃ ခုနှစ်အတွက်ကမ္ဘာတစ်ဝန်းက အားကျစရာအဖြစ်ဆုံးနဲ့လွှမ်းမိုးမှုအရှိဆုံး ထူးချွန်ထင်ရှားအမျိုးသမီး ၁၀၀ စာရင်းကို ဘီဘီစီကထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒီအထဲမှာသရုပ်ဆောင်ခိုင်နှင်းဝေလည်းပါဝင်ပါတယ်။

လွန်ခဲ့တဲ့ (၂၅)နှစ်က သရုပ်ဆောင်မင်းသမီးတစ်ဦးအဖြစ် လူမြင်ကွင်းရှေ့ကိုရောက်လာတဲ့ ခိုင်နှင်းဝေဟာ ‘‘ဆန်ရေ’’ ဆိုတဲ့ ရုပ်ရှင်ကားမှာ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် လူသိများခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ သူ့ကိုအလှူအတန်းနဲ့ပရဟိတလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်လုပ်ကိုင်နေသူအဖြစ်ပိုပြီး လူသိများလာပါတယ်။ မိဘမဲ့နဲ့စွန့်ပစ်ခံရတဲ့ကလေးငယ်တွေကို ပြုစုစောင့်ရှောက်မှုအပါအဝင် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ၂၀၁၄ ခုနှစ်မှာ ခိုင်နှင်းဝေ ဖောင်ဒေးရှင်းကို ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။

အခုဆိုရင် အကြောင်းအမျိုးမျိုးကြောင့် မိဘတွေကပြုစုစောင့်ရှောက်မှု ဆက်မလုပ်နိုင်တော့တဲ့ ကလေးငယ် ၁၀၀ ဝန်းကျင်ကို သူ့ရဲ့ပရဟိတလုပ်ငန်းတွေကနေတဆင့် စောင့်ရှောက်ထားပါတယ်။ ခိုင်နှင်းဝေဟာ ကလေးသူငယ်လူကုန်ကူးမှု ကာကွယ် တားဆီးရေးဆိုင်ရာသံတမန်အဖြစ်လည်း ဆက်လက်ထမ်းဆောင်နေပါ တယ်။

Source – BBC

  • ထားဝယ်မှာ လက်နက်ကြီးကြောင့် သားအမိနှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၊ ကျောက်မဲတောင်ရွာမှာ နိုဝင်ဘာ(၂၃)ရက်မနက်အစောပိုင်းက နေအိမ်တစ်လုံးပေါ် လက် နက် ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် အသက်(၁၀)အရွယ်သားနဲ့ အသက်(၄၀)ဝန်းကျင်အရွယ်မိခင်ဖြစ်သူတို့ ပွဲချင်း ပြီး သေဆုံးပြီး နောက်ထပ်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ်ပေါ်လက်နက်ကြီး ကျလာတာလို့ လုံခြုံ ရေးအရအမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။ ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ မိန်းကလေးကိုတော့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

Source – RFA

  • ချင်းပြည်နယ်နှစ်ဘက်တိုက်ပွဲများအတွင်း အမျိုးသမီးသေဆုံးသူ ၂၅ ရာခိုင်နှုန်းရှိ

စစ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်အောက်တိုဘာလအထိ ချင်းပြည်နယ်နှစ်ဘက်တိုက်ပွဲများအတွင်း အမျိုးသမီးသေဆုံးသူ ၂၅ ရာခိုင်နှုန်းရှိတယ်လို့ ချင်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်အောက်တိုဘာလအထိ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်း ပစ်ခတ် တိုက်ခိုက်တာတွေကြောင့် အရပ်သား(၃၀၀)ကျော် သေဆုံးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။        အဆိုပါသေဆုံးမှုတွေထဲ အမျိုးသမီး(၂၅ )ရာခိုင်နှုန်းပါဝင်ပြီး      ကလေးသူငယ်သေဆုံးမှုက(၁၀) ရာခိုင်နှုန်းပါဝင်နေတာပါ။

Source – သံလွင်ခက်

  • ဒီးမော့ဆိုမှာ စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ပရဟိတဆရာမတစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၂၀ရက်ကကရင်နီပြည်၊ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာကိုစစ်ကောင်စီလေယာဉ် ဗုံးကြဲမှုကြောင့် စစ်ရှောင်နေတဲ့ ဘိုးဘွားရိပ်သာကသက်ကြီးရွယ်အို ၁၀ ဦး နဲ့ပရဟိတဆရာမ တစ်ဦး၊ စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဉ်ပေါ်ကနေ ဗုံး ၂ လုံးတစ်ပြိုင်တည်း လာပစ်ချတာဖြစ်တယ်လို့ စစ်ရှောင်သူတစ်ဦးက ပြောပါ တယ်။ အဆိုပါလေယာဉ်ဗုံးကြဲတဲ့နေရာအနီးမှာ လွိုင်ကော်ကနေစစ်ရှောင်လာတဲ့ ဘိုးဘွားရိပ်သာကသက်ကြီးရွယ်အိုတွေ နေထိုင် ကြတာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးလုံးက ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်ဘဲ စစ်ရှောင်တွေနေထိုင်ကြတဲ့ ဒီးမော့ဆို မြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။

Source – Kantarawaddy Time

Author:

Related Articles