Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဖလမ်းမှာ စစ်တပ်ကထောင်တဲ့မိုင်းကြောင့် ကလေး‌ ၆ဦးမိခင်သေဆုံး

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ဇောင်းလေရွာမှ အသက်(၄၈)နှစ် ဒေါ်ဗျက်ဇာနှမ်အပါအဝင် အမျိုးသမီးအဖော် ၄ ဦးနဲ့အတူ တောင်ယာထဲဆေးမြစ်လိုက်ရှာရင်း စစ်တပ်ထောင်ထားတဲ့မိုင်းနင်းမိပြီး ဒေါ်ဗျက်ဇာနှမ်ဟာ သေဆုံးသွားခဲ့ပါတယ်။

ဒေါ်ဗျက်ဇာနှမ်သည် ခြေတဖက်ဒူးအောက်မှ ပြတ်သွားပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ရတာဖြစ်တယ်။ သူကွယ်လွန်ချိန် မှာ သားသမီး ခြောက်ဦးကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

မိုင်းကွဲတဲ့နေရာဟာ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း  ခလရ(၂၆၈)နဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းတပ်စွဲ ထားတဲ့ထင်ရှုးစခန်းအနီးမှာဖြစ်တယ်။

Source – Mizzima 

ဗန်းမော်မှာ ကေအိုင်အို အရာရှိဟောင်းနဲ့ ဇနီးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကိုဗုံးခွဲဖျက်စီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ် ရပ်ကွက်ရှိ KIO အရာရှိဟောင်း ဦးဒရှီလဒွယ်နဲ့ ဇနီးကို စစ်တပ်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဗုံးဖောက်ခွဲ ဖျက်ဆီးမှုကြောင့် နေအိမ်အောက်ပိုင်း အတော်များများ ပျက်စီးသွားပြီး ဖမ်းဆီးခံရတဲ့ ဇနီးမောင်နှံနှစ်ဦးကို အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးဒရှီလဒွယ်ဟာ အရင်က KIO ရဲ့  အုပ်ချုပ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သူဖြစ်ပေမယ့် အရာရှိအဖြစ်ကနေ နုတ်ထွက်ပြီး စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပြီး ဘာအတွက်ကြောင့် သူတို့ကိုဖမ်းသွားတယ်ဆိုတာ မသိရသေးပါဘူး။

Source – RFA

လိင်အကြမ်းဖက်မှုတွေကို ထိရောက်စွာအရေးယူနိုင်ရေး NUG အား တော်လှန်ရေးအဖွဲ့များ တောင်းဆို

နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေး ရဲမေစစ်သည်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ တခြားကျူးလွန်ခံရသူတွေအပေါ် လိင်အကြမ်းဖက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ထိရောက်စွာအရေးယူပေးဖို့ တော်လှန်ရေးအဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ တောင်းဆိုစာတစ်စောင် ထုတ်ပြန်လာပါတယ်။

ဒီထုတ်ပြန်စာကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး – BESYA, ရေဘဝဲ ပြည်သူ့အကျိုးပြုအဖွဲ့အစည်း၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ – GSCN တို့အပါအဝင် တော်လှန်ရေးအင်အားစု ၂၃ ဖွဲ့နဲ့ တသီးပုဂ္ဂလတက်ကြွ လှုပ်ရှားသူတွေနဲ့ ပူးပေါင်းကာ ထုတ်ပြန်ခဲ့တာဖြစ်တယ်။

ဒီစာထဲမှာ NUG အနေဖြင့် လက်ရှိကြားကာလမှာသာမက လာမယ့်အသွင်ကူးပြောင်းရေး ကာလတွေမှာပါ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့နဲ့ နောက်နောင်ထပ်မဖြစ်စေဖို့အတွက် ထိန်းကျောင်းပေးဖို့လိုကြောင်းနဲ့ လက်ရှိမှာကျူးလွန်သူတွေကို အပြစ်ပေးအရေးယူမှုတွေ အားနည်းနေတာကိုတွေ့ရကြောင်း ဆိုထားပါတယ်။

NUG အနေနဲ့ အမျိုးသမီးသမဂ္ဂတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့ အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ အခြားတက်ကြွလှုပ်ရှားသူတွေနဲ့ ချိတ်ဆက်ပြီး ထိထိရောက်ရောက်အပြစ်ပေး အရေးယူတာတွေပြုလုပ်ဖို့လိုတယ်လို့လည်း တောင်းဆိုထားပါတယ်။

NUG အနေနဲ့ အမှုကိစ္စတွေကို ဖုံးကွယ်ထားတာကမသင့်လျှော်ကြောင်း၊ ကျူးလွန်ခံရသူတွေကလည်း နှုတ်မဆိတ်ပဲရဲဝံ့စွာ ဖွင့်ပြောလာစေဖို့အတွက် သက်ဆိုင်ရာသင်တန်းတွေပေးစေလိုကြောင်း၊ အမှုကိစ္စများဖြစ်လာသည်ရှိသော် တိုင်ကြားနိုင်ဖို့ နဲ့ ဆက်သွယ်နိုင်ဖို့ ကောင်းမွန်လုံခြုံစိတ်ချရတဲ့ Hotline တွေ ထားရှိသင့်ကြောင်း ထောက်ပြထားပါတယ်။

Source – ဆီသို့

ကရင်နီ စစ်ရှောင်အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာ

ကရင်နီပြည်နယ်က စစ်ရှောင်အမျိုးသမီးတွေဟာ စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အတူ အိမ်တွင်း အကြမ်းဖက်ခံရမှုတွေ ပိုများလာတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNOW အဖွဲ့က ဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေဟာ စစ်ရှောင်စခန်းတိုင်းမှာ ကြုံနေရတာဖြစ်ပြီး တစ်လကို အိမ်တွင်းအကြမ်းဖက်မှု ၃ မှုကနေ ၅ မှုအထိရှိနေတာဖြစ်တယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေများလာရတဲ့အကြောင်းအရင်းဟာ အလုပ်အကိုင်တွေရှားပါးတာ နဲ့ ဝင်ငွေမရှိတာကြောင့်ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာနှိပ်စက်ခံရတာနဲ့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခံရတာတွေ ကြုံနေရတာပါ။

လက်ရှိကရင်နီပြည်နယ်မှာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေဖြေရှင်းဖို့အတွက် စစ်ရှောင်စခန်းကော်မတီ၊ ကရင်နီပြည် နယ်ရဲတပ်ဖွဲ့အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့တရားရေးကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ တာဖြစ်တယ်လို့ သိရပါတယ်။

Source – DVB

အရာတော်မှာ အမျိုးသမီးPDF တစ်ဦးအပါအဝင် ၃ ဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အနောက်တောင်ခြမ်း၊ အောင်သာကုန်းရွာ အနီးက မုံရွာခရိုင် PDF တပ်ရင်း(၂၇) တပ်ခွဲ(၄) စခန်း စီးနင်းခံရလို့ အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် ၃ ဦး‌ပစ်သတ်ခံခဲ့ရပါတယ်။

စစ်အင်အား ၇၀ ကျော်ဟာ အောက်တိုဘာ ၁၄ ရက်မှစလို့ အရာတော် – မုံရွာ ကားလမ်းအနီးက ရွာတွေ အပါအဝင် အရာတော်နယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းကာ အောက်တိုဘာ ၁၆ ရက်မှာ ဒီတပ်ရင်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်။

စစ်သားတွေဟာ အရပ်သားပုံစံ အသွင်ယူကာ ဝင်ရောက် စီးနင်းတာကြောင့် တပ်ခွဲမှူး အပါအဝင် သုံးဦး ဖမ်းဆီးခံလိုက်ရ ပြီး ညှဉ်းပန်းသတ်ဖြတ်ခံခဲ့ရတာပါ။

ဒါ့အပြင် နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း စစ်ကြောင်းနဲ့တိုးလို့ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်။ အဲ့ဒီနေ့က စစ်ရှောင်အရပ်သား ၁၀ ဦးထက်မနည်း ဓားစာခံသဖွယ်ဖမ်းခေါ်သွားပြီး နောက်နေ့မှာပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်တပ်ရဲ့တယ်လီဂရမ်ချန်နယ်မှာလည်း အရာတော်မြို့နယ် အောင်သာကုန်း ကျေးရွာ အနီးမှာ PDF အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး တို့ရဲ့ အလောင်းတွေနဲ့အတူ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားတာဖြစ်တယ်။

Source – BBC

ကျောင်းသူတဦး သေဆုံးတဲ့ပေါက်ကွဲမှုအပေါ် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်စွပ်စွဲ

ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက်မှာရှိတဲ့ အခြေခံပညာကျောင်းခွဲအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ၁၂ နှစ်အရွယ် ကျောင်းသူတဦးသေဆုံးကာ သုံးဦး ဒဏ်ရာတွေရတဲ့အပေါ် စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ အပြန် အလှန်စွပ်စွဲနေပါတယ်။

ဒီဖြစ်စဉ်ဟာ KKO ခွဲထွက်အဖွဲ့နဲ့ PDF အဖွဲ့တွေရဲ့လက်ချက်လို့ စစ်တပ်က စွပ်စွဲသလို KNU ကလည်း ကော့ကရိတ် အခြေစိုက် စစ်တပ် စကခ(၁၂)လက်အောက်ခံအမြှောက်တပ်ရဲ့လက်ချက်လို့ ထုတ်ပြန်ထားတာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် မမိုးမိုးအေးက ခန္ဓာကိုယ်အနှံကျည်စ ထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားပြီး မဝေဝေနှင်း၊ မယဉ်ရင်အေးနဲ့ နော်ခူခူဖောတို့ကထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်။

ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်မှုတွေရှိနေ သလို တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်  လေ့ရှိပါတယ်။

Source – Delta News Agency   

ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့အမျိုးသမီးကို ထောင်ဒဏ် ၃၂ နှစ်အထိထပ်တိုးပြစ်ဒဏ်ချမှတ်

တနင်္သာရီတိုင်း ထားဝယ်မြို့က ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ မယဉ်ယဉ်ချိုကို တရားရုံးက ထောင် ၃၂ နှစ်နဲ့ ထပ်တိုးပြစ် ဒဏ်ချမှတ်လိုက်တာဖြစ်တယ်။

အထည်ဆိုင်ပိုင်ရှင် အသက် ၃၄ နှစ်အရွယ် မယဉ်ယဉ်ချိုကို ဒေသကာကွယ်ရေးတပ် PDF တွေကို ထောက်ပံ့တယ်ဆိုပြီး ထားဝယ်ထောင်တွင်း တရားရုံးကနေ အောက်တိုဘာ ဒုတိယပတ်ထဲမှာ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မတွေဖြစ်တဲ့ ၅၀ (ည) နဲ့ ၁၀ နှစ်၊ ပုဒ်မ ၅၁ နဲ့  ၅၂ အတွက် ၁၀ နှစ်နဲ့ ပုဒ် ၅၄ အတွက် ထောင်ဒဏ် ၁၂ နှစ် စုစုပေါင်း ၃၂ နှစ် ထပ်ချလိုက် တာပါ။

သူဟာ အခုနှစ် မေလကတည်းက အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀ (ည) နဲ့ ထောင် ၁၂ နှစ် ချမှတ်ခံထားရတာမို့ ဒီတစ်ကြိမ်နဲ့ဆိုရင် စုစုပေါင်း ၄၄ နှစ်ကျခံရဖို့ ရှိနေတာဖြစ်တယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းက ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေထဲမှာ မယဉ်ယဉ်ချိုက ထောင်ဒဏ် အများဆုံးချမှတ်ခံရသူဖြစ်တယ်လို့ သိရပါတယ်။

မယဉ်ယဉ်ချိုကို ဖမ်းတဲ့နေ့မှာ မောင်ဖြစ်တဲ့ကိုသက်ဇော်ဝင်းကိုလည်း ရဲနဲ့စစ်တပ်ကဖမ်းဆီးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်ပုဒ်မ သုံးခုနဲ့ အောက်တိုဘာလ ဒုတိယအပတ်မှာ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံခဲ့ရတာပါ။

Source – RFA

ဖားကန့်မှာ စစ်တပ်က ပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီး နဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၁၂ နှစ်အရွယ်မိန်းကလေးဟာ လက်ခြေထောက်နဲ့ ဝမ်းဗိုက်မှာ ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီးဖားကန့် ဆေးရုံကို ပို့ဆောင်ပေးစဉ် လမ်းမှာတင်ပဲ အသက်ဆုံးရှုံးခဲ့တာပါ။ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးကတော့ ထိခိုက် ဒဏ်ရာရခဲ့တာပါ။

Source – DVB

ညောင်လေးပင်မှာ လက်နက်ကြီးထိလို့ အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ချုံအင်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကျရောက်တာကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံ ၃ ဦးဒဏ်ရာရသွားခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီခွဲလောက်မှာ ညောင်လေးပင်အခြေစိုက် ခမရ ၂၀ တပ်ရင်းကနေ ကျေးရွာတွေဘက် ကို လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့လို့ ချုံအင်းကျေးရွာထဲကို ၁ လုံးနဲ့ ရွာပြင်လယ်ကွင်းထဲကို ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တာဖြစ်တယ်။

လက်နက်ကြီးထိလို့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး ခြေထောက်နဲ့ပေါင်မှာ ဒဏ်ရာပြင်းထန်ရပြီး အသက် ၄၀ ဝန်း ကျင်အရွယ် အမျိုးသမီး ၂ ဦးကတော့ လက်မှာ ဒဏ်ရာရကာ သူတို့ ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး။

Source – မြေလတ်အသံ

မူဆယ်မြို့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ အမျိုးသမီးကျောင်းသူလေးတွေအပါအဝင် ဝန်ထမ်း ၄၀၀ ပိတ်လှောင်ခံထားရ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ပန်ခမ်းတံတားအနီး အဆောက်အအုံတစ်ခုက တရုတ်နိုင်ငံသားတွေဦးစီးတဲ့အွန်လိုင်း ငွေလိမ်လုပ်ငန်းတစ်ခုမှာ မြန်မာအမျိုးသမီးကျောင်းသူလေးတွေအပါအဝင် ဝန်ထမ်း ၄၀၀ ခန့်ပိတ်လှောင်ခံထားရပါတယ်။

တရုတ်နိုင်ငံသား ၃၀ လောက်က အဲဒီလုပ်ငန်းကို ဦးဆောင်နေတာဖြစ်ပြီး ခိုင်းစေခံနေရတဲ့ မြန်မာဝန်ထမ်း လူငယ်တွေ နေရပ်ပြန်ချင်ပေမယ့် ပြန်ခွင့်မပေးဘဲ ပိတ်လှောင်ထားတာဖြစ်တယ်။

ဒီအဆောက်အအုံမှာ လာလုပ်နေသူ အများစုဟာ အဝေးသင်တက္ကသိုလ်တက်ဖို့ ငွေလာရှာတဲ့နိုင်ငံတစ်ဝန်းက ကျောင်းသူ၊ ကျောင်းသားတွေဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာပြည်ကို ပြန်ချင်တဲ့လူငယ်တွေကို ခြံဝင်းတံခါး ပိတ်ထားပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေက စောင့်ကြည့်နေတာပါ။

ကွန်ပျူတာ စာရင်းကိုင် အလုပ်အတွက် တစ်လကို တရုတ်ယွမ် ငွေသုံးထောင် (မြန်မာငွေ ၁၃ သိန်းနီးပါး) ရမယ်ဆိုပြီး အလုပ်ခေါ်ခဲ့လို့ သွားလုပ်ချိန်မှာ အွန်လိုင်းကနေ ငွေလိမ်တဲ့အလုပ် ဖြစ်နေတာကို သိကြရတာဖြစ်တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီအွန်းလိုင်ငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသားတစ်ဦးဟာ  မြန်မာအမျိုးသမီးငယ် ဝန်ထမ်းတစ်ဦးကို အဓမ္မပြုကျင့်ခဲ့လို့ တိုင်ကြားတဲ့အခါ လာစစ်ဆေးပေမယ့် မုဒိမ်းမှုကျူးလွန်သူ အပါအဝင် တရုတ်နိုင်ငံသား ၁၅ ဦး တိမ်း ရှောင်သွားတယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းပေါင်း သုံးရာနီးပါးရှိနေပြီး ဝန်ထမ်း တစ်သောင်းလောက် လုပ်ကိုင်နေတာဖြစ်တယ်။

Source – RFA

ဝက်လက်မှာ တွေရတဲ့လူအရိုးစု ရုပ်အလောင်းတွေထဲမှာ CDM ဆရာမတစ်ဦးလည်းပါဝင်

စစ်တပ်က ရက်ပေါင်း ၂၀ ကြာ တပ်စွဲနေထိုင်ခဲ့သော စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ ရွာတစ်ရွာမှာ အရိုးကျနေတဲ့ ရုပ်အလောင်း ၅ ခုမှာ အမျိုးသမီးတစ်ဦးရဲ့ရုပ်အလောင်းလည်းပါဝင်နေတာဖြစ်တယ်။

အရိုးကျနေတာကြောင့် ဘယ်သူလို့ပြောဖို့ခက်ခဲပေမယ့် စစ်တပ်က ဖမ်းသွားတဲ့ CDM ဆရာမတစ်ဦး၊ ရှစ်တန်းကျောင်း သားတစ်ဦးနဲ့ ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် သုံးဦးဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောပါတယ်။

ယခုလ ၁၅ ရက်နေ့တွင် ရွာအတွင်း နေအိမ်တစ်လုံး၌ မီးလောင်ထားသည့် ရုပ်အလောင်းသုံးခုကို စတွေ့ခဲ့ရပြီး အရိုးကျ နေတဲ့ရုပ်အလောင်းတွေအနီး တွေ့ရတဲ့အဝတ်အစားတစ်စုံအရ တစ်ဦးမှာ အမျိုးသမီးဖြစ်နေတာကြောင့်ဖြစ်တယ်။

လွန်ခဲ့တဲ့ရက် ၂၀ ခန့်က စစ်တပ်ပြန်ထွက်စဉ် သုံးဆင့်ကန်ရွာတောင်ဘက် သုံးမိုင်ခန့်အကွာ ညောင်ပင်ကြီးတောရွာမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးချစ်ထွေးနဲ့ ၁၅ နှစ်အရွယ် ၎င်း၏သားဖြစ်သူ၊ ရေသောက်ကန်ရွာ ပအဖ ခေါင်းဆောင် ဦးထွန်းဦး၊ တခြားပကဖအဖွဲ့ဝင်တစ်ဦး၊ CDM ဆရာမတစ်ဦးတို့ကို ဖမ်းဆီးခေါ်သွားတာဖြစ်တယ်။

Source – Myanmar Now

ထီးချိုင့်မှာ အမျိုးသမီးတဦးကို စစ်အုပ်စုက ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့ထဲက နေအိမ်ကိုပြန်လာတဲ့ အမျိုးသမီးတဦးကို အောက်တိုဘာ ၁၉ ရက် မနေ့ည ၇ နာရီလောက်မှာ စစ်သားတွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရပါတယ်။

သေဆုံးသူဟာ အသက် ၁၉ နှစ်အရွယ် မသွန်းရတီဖြစ်ပြီး ထီးချိုင့်မြို့ပြင်မှာ အသုပ်ဆိုင်ဖွင့်ရောင်းချနေသူဖြစ်တယ်။ သူနဲ့ အဖော်တဦးဟာ ဆိုင်ပိတ်ပြီး အိမ်ပြန်လာစဉ် လမ်းမှာစစ်သားတွေရဲ့ပစ်ခတ်တာကိုခံခဲ့ရပြီး သွန်းရတီက သေဆုံးကာ နောက်တစ်ဦးကတော့ ဒဏ်ရာရသွားခဲ့ပါတယ်။

ဒီမတိုင်ခင်က ညနေ ၆ နာရီလောက်မှာ ထီးချိုင့်မြို့အနီး စစ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ် မှုဖြစ်ခဲ့တာပါ။ အဲ့ဒီနောက် စစ်သားတေါက မြို့ထဲဝင်လာပြီး အခုလိုရမ်းသမ်းပစ်ခတ်လိုက်တာကြောင့် မသွန်းရတီတို့ သေ ဆုံးခဲ့ရတာဖြစ်တယ်။

Source – မြေလတ်အသံ

Author:

Related Articles