သန့်ရှင်းထွန်း။ ။
မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေထဲမှာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ရခိုင်ပြည်နယ်ထဲက ပြည်သူ တွေဟာ စီးပွားရေးအခွင့်အလမ်းမကောင်းတာနဲ့အတူ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ကောင်းကောင်းမွန်မွန် မရရှိကြပါဘူး။
ဒီကြားထဲ ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်သူတွေဟာ စစ်ဘေးရှောင်စခန်းအပါအဝင် နေရာဒေသ အသီးသီးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေကို လုံလုံလောက်လောက်မရရှိဘဲဖြစ်နေတယ်။
“ ပဋိပက္ခတွေ၊ တိုက်ပွဲတွေက တစ်ခုပြီးတစ်ခုဖြစ်နေတယ်။ နဂိုကတည်းက အလုပ်အကိုင်အခွင့်လမ်းမရှိလို့ ဝင်ငွေနည်းကြ တော့ နေထိုင်မကောင်းရင် ဆေးဆိုင်တွေက ဆေးဝယ်သောက်ရင်းပဲ နှစ်ပါးသွားနေခဲ့ရတာပါ။ ” လို့ ရခိုင်ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်နှင့် သူနာပြုတွေမလုံလောက်တာကအစနဲ့ ဆေးခန်းပြဖို့ ငွေကြေးမတတ်နိုင်တဲ့ အဆုံး ရခိုင် ပြည်သူတွေဟာ သူတို့ရဲ့ကျန်းမာရေးကိစ္စကို ကြုံသလိုဖြေရှင်းနေရတယ်လို့ သူကပြောပါတယ်။
ဒါပေမယ့် ရခိုင်ပြည်သူတွေထဲက ငွေကြေးမတတ်နိုင်သူတွေ၊ စစ်ရှောင်စခန်းထဲက လူတွေအတွက် အခကြေးငွေ မယူဘဲ လူနာတွေရှိတဲ့နေရာထိ သွားရောက်ပြီး ဆေးကုသပေးနေသူတစ်ဦးရှိနေပါတယ်။
သူကတော့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရခိုင်အမျိုးသမီးစွမ်းဆောင်ရှင်ဆု ရရှိခဲ့သူ ဒေါက်တာကျော့သာစိန်ဖြစ်ပါတယ်။
အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာ ကျော့သာစိန်ဟာ အသားညိုညို ဆံပင်ဖြူဖြူနှင့် အဘွားအရွယ်ရောက်နေ ပြီဖြစ်ပေ မယ့် ငယ်ရွယ်သူတစ်ယောက်လို့ သွားလို့လာလို့ လျှင်မြန်ဖြတ်လတ်နေဆဲဖြစ်ပါတယ်။ ၎င်းမှာ မွေးချင်းကိုးဦးရှိပြီးတော့ ဒေါက်တာကျော့သာစိန်ဟာ ဒုတိယအကြီးဆုံး သမီးဖြစ်ပါတယ်။
ဒေါက်တာကျော့သာစိန်ရဲ့ ထူးခြားတဲ့ သွင်ပြင်ကတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ လက်ပတ်နာရီတစ်လုံးကလွဲလို့ တခြား ရွှေထည်တွေ မတွေ့ရဘဲ နားကပ်တောင် မဝတ်သူဖြစ်ပါတယ်။
ဒေါက်တာကျော့သာစိန်ဟာ ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေကို ကိုယ်တတ်ထားတဲ့ ဆေးပညာနဲ့ ပြည်သူ အကျိုးပြု လုပ်ငန်းတွေလုပ်ဖို့ ရည်ရွယ်ချက်နဲ့ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မြို့နယ်ဆရာဝန်အနေနဲ့ ပြောင်းရွေ့ လာခဲ့တာလို့ ပြောပြပါတယ်။
“ကိုယ်လူတွေကို ကယ်ဆယ်ဖို့ဆိုရင် ငွေကြေးလိုတယ်လေ။ အဲဒါကြောင့် ဆရာမကြီးပိုင်ဆိုင်တဲ့ ကလောက တိုက်နဲ့ခြံကို သိန်းနှစ်ရာ့ငါးဆယ်နဲ့ရောင်းပြီးတော့ ရခိုင်ကိုရောက်လာတာ။”လို့ ဒေါက်တာကျော့သာစိန်က ပြောပါတယ်။
ဒေါက်တာ ကျော့သာစိန်ဟာ ငယ်ရွယ်ကတည်းက ပညာတတ်တစ်ဦးအဖြစ် ဖြစ်ချင်တဲ့ စိတ်ဆန္ဒပြင်းထန်ခဲ့သူ တစ်ဦးဖြစ် ပေမယ့် သူ့ရဲ့ဘဝဖြတ်သန်းမှုက အခက်ခဲစိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်လို့ ပြန်ပြော ပြပါတယ်။
“ အမေက ဆရာမကြီး သုံးတန်းအရွယ်ရောက်တဲ့အချိန်မှာ ငါ့သမီးကျောင်းတက်ဖို့မလို မတက်နဲ့။ မောင်လေး ညီမလေးတွေ ကိုပဲထိန်း အိမ်ထောင်ထိန်းသိမ်းပြီးတော့နေဆိုပြီး ခိုင်းတယ်။ ဒါပေမယ့် ဆရာမကြီးက စာအရမ်း တတ်ချင်တာ။ ပညာအရမ်း တတ်ချင်တယ်။ အဲဒီအခါကျတော့ အမေကိုကလေးလည်းထိန်းမယ်၊ အဝတ်လည်းလျှော်မယ်၊ အိမ်အလုပ်တွေလည်း လုပ်ပါ မယ်။ သမီးကိုတော့ ကျောင်းလေးထားပေးပါဆိုပြီး အမေကိုပြောခဲ့တယ်။”လို့ ပညာမတတ်တတ်အောင် ကြိုးစားခဲ့ပုံကို ပြောပြပါတယ်။
အဲဒီလို အမေဖြစ်သူနဲ့ ဒေါက်တာ ကျော့သာစိန်တို့ရဲ့ သဘောတူညီချက်ကြောင့် သူဟာ မနက်လေးနာရီခွဲမှာ အိပ်ရာကထပြီး အိမ်အလုပ်တွေအကုန်လုပ်၊ အိမ်အလုပ်ပြီးတာနဲ့ ကျောင်းတက်၊ ကျောင်းက ပြန်ရောက်ရင် ငရုတ်သီးထောင်းရင်း၊ ထမင်း ချက်ရင်းနဲ့ စာဖတ်ခဲ့ရတယ်လို့ ပြောပါတယ်။
“ ဆရာမကြီးရဲ့စာအုပ်တွေမှာဆိုရင် ငရုတ်သီးဖတ်တွေ၊ တခါတခါကျရင် ထမင်းရည်တွေနဲ့ ညစ်ပတ်နေတာပဲ။ ဒါပေမယ့် ဆရာမကြီးရဲ့ ခံယူချက်က ငါစာတတ်ရမယ်။ ပညာတတ်ရမယ်။ အဲလိုနည်းနဲ့ပဲ သင်လာတာ သင်လာတာ ၁၀ တန်းရောက် သွားတယ်။ အဲတုန်းက ကျူရှင်လည်းမရှိ၊ ဘာလဲမရှိ။”လို့ ရယ်မောပြီးတော့ ပြန်ပြောပြပါတယ်။
အိမ်အလုပ်ကို ကူလုပ်ရင်း ကျောင်းတက်ရသူဖြစ်တဲ့အတွက် အင်္ဂလိပ်စာအခြေခံကို ကောင်းကောင်း မနိုင်ခဲ့ဘဲ ၁၀ တန်း စာမေးပွဲမှာ အင်္ဂလိပ်စာရမှတ် သုံးဆယ့်ငါးမှတ်နဲ့ နှစ်နှစ်ထိ (ခ)အဆင့်ဖြင့်သာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ အရင်တုန်း က ဆယ်တန်းကို (က)အဆင့်နှင့် (ခ)အဆင့်ဆိုပြီး ခွဲခြားသတ်မှတ်ခဲ့ပါတယ်။
၁၀ တန်းကို နှစ်နှစ်ကျခဲ့တာကြောင့် ဒေါက်တာကျော့သာစိန်ဟာ ကျောင်းကြီးဆက်မတက်ရတော့ဘဲ လူငယ်ရေးရာ ည ကျောင်းကို တက်ခဲ့ရတယ်လို့ ပြောပါတယ်။
“ အဲတုန်းက လူငယ်ရေးရာညကျောင်းရှိတယ်။ တစ်လကို ခြောက်ကျပ်ပေးရတယ်။ အဲဒါနဲ့အမေကို ပြောတယ်။ ညကျောင်း လေးတော့ ဆက်တက်မယ်။ အမေကလည်း ခွင့်ပြုတယ်။ စာတတ်ချင်လဲဆိုရင် အဲဒီတစ်လ ခြောက်ကျပ်ပေးဖို့ ပိုက်ဆံ မရှိဘူး။ မရှိတော့ ဈေးဖိုးထဲက ငါးပြား ၊ ခြောက်ပြားစုပြီးတော့ ပေးရတယ်။ ပထမ တစ်လနှစ်လတော့ပေးနိုင်တယ်။ နောက် ပိုင်းမပေးနိုင်တော့ဘူး။”လို့ ပညာရေးအတွက် ငွေကြေးမတတ်နိုင်ခဲ့ပုံကို ပြောပြပါတယ်။
ဒါပေမယ့် ညကျောင်းဆရာက ဒေါက်တာကျော့သာစိန်ရဲ့ ပညာတတ်ချင်တဲ့ဇွဲလုံလကို အသိအမှတ်ပြုပြီး ညကျောင်းကို အခကြေးငွေမယူဘဲ သင်ယူဖို့ခွင့်ပြုပေးခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလို ညကျောင်းဆက်တက်ဖို့ ခွင့်ပြုပေမယ့် ညကျောင်းဆရာက ဒေါက်တာကျော့သာစိန်ထံမှ ကတိတစ်ခုကို တောင်းခဲ့ ပါတယ်။ အဲဒီကတိကတော့ ဒေါက်တာ ကျော့သာစိန်ရဲ့ အညံ့ဆုံးဘာသာဖြစ်တဲ့ အင်္ဂလိပ်စာကို ဂုဏ်ထူးထွက်အောင် လုပ်ပေးရမယ်ဆိုတဲ့ ကတိဖြစ်တယ်လို့ ပြောပါတယ်။
“ဒီလောက် အင်္ဂလိပ်စာညံ့တဲ့သူကို အင်္ဂလိပ်စာဂုဏ်ထူးထွက်အောင် လုပ်ပေးရမယ် ဆိုတာလွယ်လား။ မလွယ်ဘူး။ ဒါပေမယ့် ဆရာမကြီးက အရမ်းအောင်ချင်တာ၊ အဲဒါနဲ့ဆရာကိုပြောတယ်။ ရအောင်လုပ်မယ် ဆိုပြီးတော့။” လို့ ရယ်မောပြီးတော့ ပြောပါတယ်။
အဲဒီနှစ်မှာပဲ ဒေါက်တာကျော့သာစိန်ဟာ ဆယ်တန်းကို အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဂုဏ်ထူးသုံးဘာသာနဲ့ အောင်မြင်ခဲ့ပြီး ဆေးကျောင်းတက်ခွင့်ရရှိခဲ့ကာ ဆရာဝန်ဘွဲ့ကို ၁၉၈၃ ခုနှစ်မှာ ရခဲ့တာလို့ ဆိုပါတယ်။
“အဲဒီနှစ်မှာ အောင်စာရင်းထွက်တော့ မကြည့်ရဲဘူး။ ဘီစာရင်းမှာ သွားကြည့်တယ်။ နာမည်မပါဘူး။ ပြီးတော့မှ အေစာရင်းမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု ဂုဏ်ထူးသုံးဘာသာဆယ်တန်းကို နှစ်ခါကျပြီး နောက်နှစ်မှာ ဂုဏ်ထူးသုံးဘာသာနဲ့ အောင်မြင်ခဲ့ တယ်။” လို့ ဆရာမကြီးက ပြန်ပြောင်းပြောပြတယ်။
ဒေါက်တာကျော့သာစိန်ဟာ ဆေးကျောင်းဆင်းပြီး မြန်မာနိုင်ငံတဝန်းက ဆေးရုံတွေမှာ တာဝန်အသီးသီးထမ်း ဆောင်ခဲ့ ပါတယ်။ ပင်စင်ယူခါနီးချိန်မှာတော့ ရခိုင်ပြည်နယ်ကို ပြောင်းပြီး စစ်ရှောင်စခန်းတွေနှင့် ကယ်ဆယ်စခန်းတွေက လူတွေကို အခမဲ့ ဆေးလိုက်ကုပေးနေခဲ့တာဖြစ်ပါတယ်။
ဒေါက်တာကျော့သာစိန်ဟာ စစ်တွေမြို့မှာရှိတဲ့ စစ်ရှောင်စခန်း၊ ကယ်ဆယ်ရေးစခန်း၊ မိဘမဲ့ဂေဟာနှင့် သက်ကြီးသီလရှင် ကျောင်းတွေကို သွားပြီး အလှည့်ကျ ဆေးကုသပေးတာတွေပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။
အဲဒီလို ဆေးကုသမှုလုပ်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်ခဲတွေကတော့ လိုအပ်တဲ့ဆေးဝါးရရှိဖို့နှင့် ဆေးကုဖို့ အတွက်သွား လာရတဲ့ ခရီးစရိတ်ကုန်ကျစရိတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
“ ဆေးတချို့ကိုတော့ ကျန်းမာရေးဌာနက ကူပေးတာတွေရှိတယ်။ အဲလိုကူပေးလို့ပဲ ဆရာမကြီးက ဆေးကုနိုင်တာပေါ့။ အဲလို မဟုတ်ရင် ဒီခေတ်ဒီကာလကြီးမှာ ဆေးဖိုးတွေ ဒီလောက်ဈေးကြီးတာမလွယ်ဘူးလေ။ တခါတရံကျလို့ရှိရင် ဆေးဝယ်ဖို့ ငွေကြေးကူတာလည်းရှိတယ်။”လို့ ပြောပါတယ်။
ဒေါက်တာကျော့သာစိန်ဟာ ရခိုင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုအကူညီပေးနေသလို ပိုင်ဆိုင်တဲ့ အိမ်၊ ခြံ၊ ကား တွေကို ရောင်းပြီး စေတနာညကျောင်းတစ်ခုကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့တာ လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ အဲဒီ ညကျောင်း က ၁၀ တန်းအောင်မြင်ခဲ့သူ တစ်ရာ့ငါးဆယ်ရှိခဲ့တယ်လို့ ထပ်ပြောပြပါတယ်။
အခုလို ကိုယ်ကျိုးထက် အများအကျိုးကို တတ်နိုင်တဲ့ဘက်က နိုင်သလောက်လုပ်ပေးတဲ့ သူတွေရခိုင်ပြည်မှာ အများကြီး လိုအပ်နေတယ်လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
“ ဆရာမကြီးက သူပိုင်ဆိုင်သမျှကို ရောင်းပြီးတော့ လုပ်တာ။ ဒီလိုအမျိုးသမီးက တကယ်ရှားပါတယ်။ ဒေါက်တာ ကျော့သာ စိန် လို အမျိုးသမီးတွေ အများကြီးရှိဖို့ လိုအပ်တယ်။” လို့ ၎င်းက ပြောပါတယ်။
အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ရခိုင်ပြည်ထဲက ပြည်သူအများစုဟာ သူတို့ရဲ့ကျန်းမာရေးအတွက် အခမဲ့ရမယ့် ကျန်းမာရေး ဝန်ဆောင်မှုကို မျှော်လင့်နေကြရသလို ဒေါက်တာ ကျော့သာစိန်ကလည်း သူ့ရဲ့ခံယူချက်ကို အခုလို ပြောပြပါတယ်။
“ဆရာမကြီး ဘယ်တော့မှ လူနာကို ဆေးကုလို့ရတဲ့ ပိုက်ဆံနဲ့ ဘယ်သောအခါမှ ချမ်းသာမှုမလုပ်ဘူး”