Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင် ၁၇ ရက်နေ့ကနေ ဇူလိုင်၂၃   ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • မလေးရှားရောက် ဒုက္ခသည်များအရေး အကူအညီပေးသူ မသူဇာမောင်နဲ့မိသားစုဝင်များကို လူတစ်စုဖမ်းဆီးသွား

မလေးရှားနိုင်ငံရောက် ဒုက္ခသည်များအရေး အကူအညီပေးသူနဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မသူဇာမောင်နဲ့ မိသားစုဝင်တွေကို ဇူလိုင်လ ၄ ရက်မှာ အမည်မသိသူများက ဖမ်းဆီးသွားတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့ (HRW) က  ဇူလိုင် ၁၇ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မသူဇာမောင်၊ ခင်ပွန်းဖြစ်သူ စောသန်းတင်ဝင်း၊ အသက် ၁၆ အရွယ် သမီး ပိုးခင်မောင်၊ အသက် ၁၇ အရွယ် သားဖြစ်သူ သုခမောင်နှင့် ၂၁နှစ်အရွယ် သားဖြစ်သူအောင်မြင့်မောင်တို့ကို ကွာလာလမ်ပူမြို့က ယင်းတို့နေအိမ်မှာ နေထိုင်နေစဉ် အမည် မသိ အမျိုးသားများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။

မသူဇာမောင်က မြန်မာမွတ်စလင် ဒုက္ခသည်အသိုက်အဝန်းနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်နေသူတစ်ဦး ဖြစ်တယ်လို့ HRW ၏ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

Source- Myanmar Now

  • ကံပေါက်မှာ အမျိုးသမီးလေးဦးအပါအဝင်ဒေသခံ ၁၀ဦးကိုစစ်တပ်ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ မိုင်းတွေ့ရှိတဲ့ ကိစ္စနဲ့စပ်လျဉ်းပြီး စစ်ကောင်စီတပ်က နှစ် ရက်အတွင်း အမျိုးသမီး လေးဦး အပါအဝင် ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့ပါတယ်။

ကံပေါက်ဒေသ၊သစ်တောရုံး လမ်းဆုံမှာ ဇူလိုင်လ ၅ ရက်နေ့က မိုင်းတစ်လုံး တွေ့ရှိတယ်လို့ ဆိုကာ မောရ၀တီရေတပ်မှ စစ် ကောင်စီ တပ်သားများက လာရောက် စစ်ဆေးပြီးနောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင်များအပြင် ဆိုင် ဝန်ထမ်းများလည်း ပါဝင်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ ဗိုလ်ချုပ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် မအေးအေးသူ ၊ သီရိမင်္ဂလာရပ်ကွက်နေ အသက် ၃၂ အရွယ် မသဇင်လွင်၊ မဂ္ဂင်ရပ်ကွက် ကံပေါက်ဈေး ကုန်စုံဆိုင်မှ ဆိုင်ပိုင်ရှိ ဒေါ်စန်းမြင့်(ခ) ဒေါ်ဒီးဒုတ်၊ဒေါ်မီးချို (ခ) ဒေါ်ချို၊ နဲ့ ကျန်အမျိုးသား ၆ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Source- Mizzima

  • စစ်တပ်က လက်နက်ကြီးတွေနဲ့ပတ်ခတ်ပြီး ရွာမီးရှို့တာကြောင့် ၁၂နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး အပါအဝင် လူနှစ်ဦးသေဆုံး

မကွေးတိုင်း၊ဆောမြို့နယ်၊ ရင်းကဲရွာအနီး တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ရွာမီးရှို့ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့များက ပြောပါတယ်။

မိန်းကလေးငယ်မှာ လက်နက်ကြီးထိမှန်သေဆုံးပြီး အမျိုးသားကတေ့ မီးခိုးမွှန်ပြီးသေဆုံးတာဖြစ်တယ်လို့ ဆောမြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ရင်းကဲရွာမှ အိမ်ခြေအားလုံးနီးပါး မီးလောင် ပျက်စီးသွားသလို စစ်ကောင်စီ စစ်ကြောင်းကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံပြည်သူ ၂၀ ခန့်ကိုလည်း စစ်တပ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Source-Myanmar Now

  • အထည်ချုပ်စက်ရုံ အမျိုးသမီးလုပ်သားတွေ ဆဲဆိုခံရမှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာတွေ ပိုများလာ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုဖြစ်လာပြီး အမျိုးသမီးလုပ်သားတွေမှာ လုပ်ငန်းခွင်အတွင်းဆဲဆို၊ ဖိနှိပ်ခံရတာတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို အရင် ထက် ပိုကြုံတွေ့ရင်ဆိုင်နေကြရတယ်လို့ အထည်ချုပ်လုပ်ငန်းခွင်က အမျိုးသမီးတွေက ပြောပါတယ်။

စက်ရုံ၊ အလုပ်ရုံနဲ့ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်၊ အလုပ်သမား ကြီးကြပ်သူတွေက စိတ်တိုင်းမကျတဲ့ အခါ မျိုးမှာ ရုန့်ရင်းကြမ်းတမ်းနဲ့ စကားလုံးတွေသုံးပြီး အော်ဟစ်ဆဲဆိုတာတွေကို အမျိုးသမီး အလုပ်သမားတွေ မကြာခဏ ဆိုသ လို ကြုံတွေ့ခံစားနေရပြီး ဆဲဆိုတာတွေကို နိုင်ငံခြားသားလုပ်ငန်းရှင်တွေသာမဟုတ်ဘဲ အလုပ်သမားကြီးကြပ်မှုအပိုင်း ရာထူး ရထားတဲ့ မြန်မာလူမျိုးတွေကပါ ပြုလုပ်နေတာလို့ လုပ်ငန်းခွင်ထဲက အမျိုးသမီးတွေက ပြောဆိုကြပါတယ်။ 

လုပ်ငန်းခွင်ထဲ အော်ဟစ်ဆဲဆိုကြိမ်းမောင်းတာတွေဟာ F Z Garment စက်ရုံတခုတည်းတင်မက၊ အခြားစက်ရုံတချို့မှာ လည်းကြုံရလေ့ရှိပြီး ပြန်ပြောရင် အလုပ်ထုတ်ခံရမှာစိုးလို့ အလုပ်သမားတွေလည်း ပြန်ပြောဖို့ အခွင့်မသာကြဘူးလို့ အလုပ် သမားတွေက ဆိုကြပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကပဲ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ Gold Emperor (1) ဖိနပ်ချုပ်စက်ရုံမှာ တရုတ်လူမျိုး အလုပ်ကြီးကြပ်သူက အမျိုးသမီးအလုပ်သမားတဦးရဲ့ ခေါင်းကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

Source – Delta News Agency  

  • သာပေါင်းမြို့နယ်က YGWမိဘမဲ့ကျောင်းမှာ ငါးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် ခံရ

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်းရွာက အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ ကလေးငယ်များစောင့်ရှောက်ရေးကျောင်းမှာ အသက်ငါးနှစ်အရွယ်မိန်းက​လေးငယ်တဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ကလေး ငယ်ကို ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပြီး ကျူးလွန်ခံရသူကလေးငယ်ရဲ့ အသက်ကိုးနှစ်အရွယ် အစ်မဖြစ်သူ ပြောပြချက်အရ စစ်ဆေးကြည့်ရာက မိန်းမကိုယ်အင်္ဂါမှာ ပုံမှန်မဟုတ်တာကို တွေ့ခဲ့ရတာကြောင့် မှုခင်းဆရာဝန်နဲ့ စစ်ဆေး ကြည့်ခဲ့ရာ မိန်းမကိုယ်အင်္ဂါမှာ ထိုးသွင်းဒဏ်ရာရထားပြီး အဓမ္မပြုကျင့်ခံထားရတာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ကျူးလွန်ခံရတာကို ကျောင်းရဲ့တာဝန်ခံဆရာတော်အပါအဝင် တာဝန်ရှိသူတချို့က သိရှိကြပေမယ့် ဖုံးဖိထားတာ ကြောင့် ကျူးလွန်ခံရပြီး သုံးလနီးပါးလောက်အကြာမှဖြစ်စဉ်ကို သိရတာလို့လည်း သူကပြောပါတယ်။ လက်ရှိမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ရင်းနေထိုင်တဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် အမျိုးသားတဦးကို သာပေါင်း မြို့မရဲစခန်းမှာအမှုဖွင့်ဖမ်းဆီးထားပါတယ်။

Source – Delta News Agency

  • ထန်းတပင်မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ မိုင်းထိ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာကို ပြန်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ မိုင်းထိသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၈ ရက် နေ့လယ်မှာ လှည်းလမ်းကူးရွာ ဒေသခံတွေဖြစ်တဲ့ ဒေါ်ဖြူနု ၄၁ နှစ်နဲ့ သမက်ဖြစ်သူ ကိုသူရိန်စိုး ၁၈နှစ်တို့ ဟာ စစ်တပ်ပြန်သွားပြီးနောက် ကျေးရွာထဲကိုပြန်ဝင်ချိန် ရွာအဝင်လမ်းမှာ မိုင်းထိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းက ထန်းတပင်မြို့နယ်၊ တောင်ငူ-မုပ္ပလင်လမ်းပိုင်း သရက်တန်းရွာ တောင်ဘက်ထိပ်မှာ ပြည်သူ ၂ ဦး မိုင်းထိပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

  • အောင်မြေသာစံ ဖက်ဒရယ်ကျောင်း တာဝန်ခံဆရာမ ထောင်နှစ် ၂၀ ချမှတ်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာသင်ကြားရေးကျောင်းဖြစ်တဲ့ အောင်မြေသာစံ ဖက်ဒရယ်ကျောင်း (Federal School Of Aung Myay Thar Zan) တာဝန်ခံဆရာမဒေါ်အိရွှေစင်မြင့်ကို မန္တလေးအိုးဘိုထောင်တွင်း တရားရုံး ကနေ ဇူလိုင်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ်နှစ် ၂၀ ချလိုက်ပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင်မြင့် အပါအဝင် ဆရာမလေးဦး ကမန္တလေးမြို့က နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရသလို အဲဒီကျောင်းမှာ ပညာသင်ကြားပေးတဲ့ ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၁၅ ဦးအထိ ဆက် တိုက်ဖမ်းဆီးခံခဲ့ရတာပါ။ 

ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင်မြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွပ်စွဲကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက် ပေမယ့် ကျန် ၁၄ ဦးရဲ့ အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆရာ၊ ဆရာမတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်း စာမှာတော့ NUGရဲ့ စေခိုင်းချက်အရ တရားမဝင်စာသင်ကြားမှုမှာ ပါဝင်နေတာကြောင့် ဖမ်းဆီးခဲ့တာလို့ဖော်ပြထားပါတယ်။ 

Source -RFA

  • ကမ္မမြို့တွင် စစ်သားများအလင်းဝင်ရန် ဆိုင်းဘုတ်ချိတ်ဆွဲမှုနဲ့ ပတ်သက်၍ အမျိုးသမီး၃ဦးကို ဖမ်းဆီး

မကွေးတိုင်း၊ ကမ္မမြို့မှာ စစ်သားများအလင်းဝင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကမ္မ)မှ ဆိုင်းဘုတ် ပြောင်းလဲချိတ်ဆွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်တယ်လို့ဆိုကာ စစ်ကောင်စီက ငွေရွှေဗီနိုင်းဆိုင်မှ အမျိုးသမီး ၂ ဦးနဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးကို ဖမ်း ဆီးထားပြီး ငွေရွှေဗီနိုင်းဆိုင်ကိုပါချိတ်ပိတ်ခဲ့ပါတယ်။

ဗီနိုင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေက ငွေရွှေဗီနိုင်းဆိုင်မှမစိုးအိလှိုင်၊ မအိအိလှိုင်နှင့် လက်ပြရပ်ကွက်မှ အသက် ၄၀ အရွယ် ဒေါ်သန္တာဝင်း ဆိုသူတို့ဖြစ်ပြီး မိသားစုဝင်များအနေဖြင့် ဒေါ်သန္တာဝင်းရဲ့အသက်အန္တရာယ်ကို စိုးရိမ် လျက်ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကမ္မမြို့ပေါ်မှာ စစ်ကောင်စီက PDFများ လက်နက်ချရန် ကြေညာထားတဲ့  ဆိုင်းဘုတ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကမ္မ) အဖွဲ့ကဖြုတ်ပြီး စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် ကြေညာတဲ့ ဆိုင်းဘုတ်ကို ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြောင်းလဲ ချိတ်ဆွဲခဲ့တာ ဖြစ်ပါတယ်။

Source- MPA

  • တတိယတန်းကျောင်းသူကို ပြန်ပေးဆွဲတဲ့ လင်မယားနှစ်ဦးကို ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ကွက်သစ်ရပ်ကွက် အ-မ-က ၁၂ ကျောင်းမှာ ကျောင်းတက်နေတဲ့ တတိယတန်း ကျောင်းသူ တစ်ဦးကို ဇူလိုင် ၁၇ရက်မှာ အုပ်ထိန်းသူဟန်ဆောင်လိမ်ခေါ်သွားပြီး  သိန်း ၈၀၀ နဲ့ ပြန်ရွေးခိုင်းခဲ့တဲ့ လင်မယားနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယင်းနေ့မွန်းတည့် ၁၂ နာရီမှာ အဒေါ်ဖြစ်သူ က ကျောင်းလာကြိုရာမှာ မတွေ့လို့ မေးမြန်းရာမှ ကလေး ပြန်ပေးဆွဲခံရတာသိ ရပြီး ပြန်ပေးဆွဲသူက သိန်း ၈၀၀ တောင်းတာကို ညှိနှိုင်းခဲ့ရာ သိန်း ၂၅၀ အဆင်ပြေခဲ့ပြီး ငွေတချို့တဝက် လွှဲပေးစဉ်ဖမ်းမိ ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပြန်ပေးဆွဲတဲ့လင်မယားနှစ်ဦးက ညနေ ၃ နာရီမှာ ကလေးကို ရွာမအနောက်ရပ်ကွက် ဆရာတော်ကြီး ကျောင်းမှတ်တိုင် အနီးမှာ သိန်း၂၅၀နဲ့ လာရောက်ရွေးယူခိုင်းပြီး ရဲတွေကိုတွေ့လို့ ကလေးထားပြီးထွက်ပြေးရာ ရွာမအနောက်ရပ်ကွက်၊ နယ်မြေ ၇ ကျောင်းလမ်းမှာ ဖမ်းမိခဲ့တာပါ။

ပြစ်မှုကျူးလွန်သူတဲ့ ရွာမအနောက်ရပ်ကွက်၊ နယ်မြေ ၇ ကျောင်းလမ်းနေသူ ကိုရဲသီဟ နဲ့ မြတ်ဖူးဝေ တို့နှစ်ဦးကို အင်းစိန် မြို့မရဲစခန်းမှ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source-DVB

Author:

Related Articles