Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေလ ၂၉ ရက်ကနေ ဇွန်လ ၄ ရက်အတွင်းတစ်ပတ်တာ အမျိူးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဆေးအဖွဲ့က ရဲမေနှစ်ဦးနဲ့ရဲဘော်နှစ်ဦးကျဆုံး

ကယား(ကရင်နီ‌)တော်လှန်ရေး တပ်ပေါင်းစုရဲ့ Medic Unit (Demoso) ဆေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်၊ ရဲမေလေးဦးကျဆုံးခဲ့တယ်လို့ Karenni Revolution Union (KRU) က မေလ ၂၈က ထုတ်ပြန်ပါတယ်။

ရဲဘော်၊ရဲမေလေးဦးဟာ စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမှာ ဆေးကုသတဲ့ တာဝန်ထမ်း ဆောင်ရင်းကျဆုံးခဲ့တာဖြစ်ပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ တော်လှန်ရေးမှာထားရှိတဲ့သစ္စာတရားကိုလေးစားပြီး အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင် ကာ နာရေးအခမ်းအနားကိုပြုလုပ်ခဲ့တယ်လို့ Karenni Revolution Union (KRU) ကထုတ်ပြန်ထားပါတယ်။

Source – Delta News Agency

  • စစ်တပ်ထောက်ခံသူ အမျိုးသမီးအဆိုတော်တစ်ဦး သေနတ်ပစ်ခတ်ခံရပြီး အရေးပေါ်ဆေးကုသနေ

စစ်တပ်ထောက်ခံပွဲတွေနဲ့ စစ်ကောင်စီကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာ တက်ရောက်ဖျော်ဖြေလေ့ရှိတဲ့ အဆိုတော်လီလီနိုင် ကျော်ဟာ မေလ၃၀ရက်နေ့ညက သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။

ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်က လီလီနိုင်ကျော်ရဲ့နေအိမ်ရှေ့မှာ အမျိုးသားတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေနတ် ကျည်ထိမှန်ခဲ့တာပါ။

လက်ရှိ မင်္ဂလာဒုံစစ်ဆေးရုံမှာ အရေးပေါ်ဆေးကုသနေတယ်လို့သိရပါတယ်။

Source – RFA

  • ဘိုကလေးမြို့မှာ CDM ကျောင်းဆရာမတစ်ဦး ဖမ်းဆီးခံထားရ

ဧရာဝတီတိုင်း၊ဘိုကလေးမြို့မှာနေထိုင်တဲ့ အသက်(၃၀)အရွယ် CDM ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်စိုးကို မေလ(၂၃)ရက်နေ့က စစ်ကောင်စီတပ်သားတွေဖမ်းဆီးသွားတယ်လို့ ဘိုကလေးမြို့ခံတွေက ပြောပါတယ်။

ဆရာမဒေါ်သိမ့်သိမ့်စိုးဟာ CDMတွေကိုထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးခံလိုက်ရတယ်လို့ ဘိုကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ဆရာမဒေါ်သိမ့်သိမ့်စိုးဟာ ပညာရေးဝန်ထမ်းလုပ်သက် ရှစ်နှစ်ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဒေါ်သိမ့်သိမ့်စိုးကို ဘိုကလေးမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး ဘယ်လိုပုဒ်မတွေနဲ့ အရေးယူထားလဲဆိုတာ မသိရသေးဘူးလို့ ဘိုကလေးမြို့ခံတွေက ပြောပါတယ်။

Source – RFA Burmese

  • သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအပါအဝင် ဖမ်းဆီးခံသတင်းထောက်အားလုံးပြန်လွှတ်ရန် CPJတောင်းဆို

ထောင်ဒဏ်(၁၀)နှစ်ချထပ်မံမှတ်ခံလိုက်ရတဲ့  သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် ဖမ်းဆီးခံသတင်းထောက် အားလုံးကိုပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကစစ် ကောင်စီကိုမေလ(၃၀)ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

သတင်းထောက်တွေကိုဖမ်းဆီးထောင်ချနေတာ ရပ်တန့်ပြီးအဖမ်းခံထားရတဲ့ သတင်းထောက်အားလုံးကိုပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာပါ။

မမှူးရတနာခက်မို့မို့ထွန်းအပေါ် စွဲဆိုထားချက်တွေကို ချက်ချင်း ရုပ်သိမ်းရမယ့်အပြင် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ဖို့အတွက် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွဲချက်တင်ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေး သင့်တယ်လို့ CPJရဲ့ အရှေ့တောင်အာရှရေးရာ အကြီးတန်းကိုယ်စားလှယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ကောက်ယူထားတဲ့ စာရင်းအရ မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် သတင်းထောက် ၄၂ ယောက်ထက်မနည်း ဖမ်းဆီးခံထားရပြီး ဒါဟာမြန်မာနိုင်ငံဟာ တကမ္ဘာလုံးအတိုင်းအတာအရ သတင်းထောက်တွေ ဖမ်း ဆီးခံရတဲ့ တတိယအဆိုးဆုံးနိုင်ငံ ဖြစ်နေတယ်လို့လည်း  CPJက ဆိုပါတယ်။

Source – DVB  

  • ပခုက္ကူမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ထောက်ပို့အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Eagle Brigade ရဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ထောက်ပို့ အဖွဲ့ဝင်အမျိုးသမီးတစ်ဦး မေလ(၂၇)ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့အဲ့ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

အိုးဝေကားပေါ်မှာ ငါးပိပုံးတွေနဲ့လျှို့ဝှက်တင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ထောက်ပို့အဖွဲ့ဝင်အမျိုးသမီးတစ်ဦး ကို  ပခုက္ကူမြို့အနောက်မြောက်ဘက်(၆)မိုင်ခန့်အကွာ၊ အင်ပင်စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ ပြည့်မဏ္ဍိုင်ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းနဲ့မြဝတီကနေ ပခုက္ကူကိုလျှို့ဝှက်သယ်လာတဲ့ လက် နက်ခဲယမ်းတွေကိုစစ်တပ်ကသတင်းရပြီးဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ပစ္စည်းတွေထဲမှာ မောင်းပြန်သေနတ်၊ကျဉ်အိမ်၊ဗုံးသီး၊ ပြောက်ကျားယူနီဖောင်း၊ တပ်ဖွဲ့တံဆိပ် ပါရှပ်အကျီ၊ တပ်ဖွဲ့တံဆိပ်ပါလည်စည်း၊ လက်မောင်းဘက်တံဆိပ်၊ ရင်ထိုးတို့ဖြစ်ပြီး တန်ဖိုးအနေနဲ့ သိန်း၅၀၀ကျော်ရှိတယ်လို့ဆိုပါတယ်။

Source – Dvb

  • ဖယ်ခုံနဲ့ ပင်လောင်းမှာ ၃ပတ်အတွင်း ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်အပါအဝင် ၃ ဦး သေဆုံး

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နဲ့ ပင်လောင်း မြို့တို့မှာ သုံးပတ်အတွင်း ကိုယ်ဝန်ဆောင်နဲ့ကလေးငယ်အပါအဝင် သုံးဦးသေဆုံးပြီး (၁၈)ဦးဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင် (SHRF) က ယနေ့ မေလ ၃၀ ရက်ကထုတ်ပြန်ပါတယ်။

ဧပြီလ နောက်ဆုံးပတ်မှ မေလ ဒုတိယပတ်အတွင်း စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူတွေမှာ အသက် သုံးနှစ်အရွယ် ကလေးငယ်၊ ကိုယ်ဝန်သည်အမျိုးသမီးနဲ့ အသက် ၄၀ အရွယ်အမျိုးသမီးတို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဖယ်ခုံမြို့နယ်၊ ဆောင်ဖွေးကျေးရွာရှိ ဆောင်ဖွေးဆေးခန်းသို့ လေကြောင်းမှ တစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

Source – Mizzima

  • စစ်ကောင်စီလက်အောက်ခံတရားရုံးက ကံပေါက်ဒေသမှ အမျိုးသမီး ၁ ဦးကို ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသက အမျိုးသမီးတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်တွင်း တရားရုံးက မေလ(၂၄)ရက်နေ့ကထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ထောင်(၁၀)နှစ်ချမှတ်ခံရသူ မမီးသက်ကိုစစ်ကောင်စီက ယခုနှစ်ဖေဖော်ဝါရီ(၄)ရက်နေ့က နေအိမ်ကိုဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မမီးသက်နဲ့ကံပေါက်ဒေသခံတွေကို PDFအဖွဲ့ကိုထောက်ပံ့နေတယ်လို့ စွပ်စွဲပြီးဖမ်းဆီးခဲ့ကာတပတ်ခန့် စစ်ဆေးမေးမြန်းပြီး နောက် ဒေသခံတွေကိုပြန်လွှတ်ပေးခဲ့ပါတယ်။

မမီးသက်ကိုတော့ တစ်လခန့်စစ်ဆေးပြီးနောက် ထားဝယ်အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီး သုံးလခန့်အကြာမှာ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

Source – Mizzima

  • အသက် ၅၀ အရွယ် တော်လှန်ရေး အမျိုးသမီးရဲဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊အရာတော်နယ်ရှိ Danger Force LPDFရဲ့တပ်စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ကျပ်သိန်း ၃၀၀ ဖိုးခန့် ဆုံးရှုံး ကာ အသက် (၅၀)အရွယ် တော်လှန်ရေးအမျိုးသမီးရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့ကအရာတော်မြို့နယ်၊ ကျောက်ပျောက်၊ မြောက်ကုန်းကျေးရွာကို ရောက်ရှိနေတဲ့အင်အား ၆၀ ခန့်ပါ စစ် ကောင်စီတပ်စစ်ကြောင်းဟာ ကမ်းဖြူရွာနဲ့ဝါးရောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး Danger Force LPDF တပ် စခန်းရှိရာသို့ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။

လက်နက်အင်အားမမျှတဲ့အတွက် တပ်စခန်းကိုစွန့်ကာဆုတ်ခွာခဲ့ပြီး အသက် (၅၀)အရွယ် တော်လှန်ရေးရဲဘော် ဒေါ်သီတာ မြင့် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အမျိုးသမီးရဲဘော်ကို တပ်စခန်းအတွင်းသို့ထည့်ကာ စခန်းနဲ့အတူမီးရှို့ခဲ့တာဖြစ်တယ်လို့ Danger Force LPD အဖွဲ့ကပြောပါတယ်။ ရဲဘော်ဒေါ်သီတာမြင့်ဟာ ထောက်ပို့တပ်သားဖြစ်သလို တော်လှန်ရေးအဖွဲ့တွေကိုချက်ပြုတ် ကျွေးမွေးနေသူဖြစ်ပြီး ရဲဘော်တစ်ဦးရဲ့မိခင်လည်းဖြစ်ပါတယ်။

Source – People’s Spring

  • ပုလောမှာ အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားငါးဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

တနင်္သာရီတိုင်း၊ပုလောမြို့နယ်မှာ အမျိုးသမီးသုံးအပါအဝင် အရပ်သားငါးဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်ပြီး ခြေလျင်တပ်ရင်း(၂၈၅)ထဲကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDFတွေဆီက သိရပါတယ်။

 စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့သူငါးဦးဟာ အသက် ၂၀ ကျော်ကနေအသက် ၃၀ ကျော်အရွယ် အမျိုးသမီးသုံးဦးနဲ့အမျိုးသားနှစ်ဦး စုစုပေါင်းငါးဦးဖြစ်တယ်လို့ လည်းဒေသခံတွေကပြောကြပါတယ်။

ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းမှာ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၂၈ ရက်က ဇရပ်ဆိပ်ကျေးရွာထဲကို ရောက်ရှိလာပြီး အရပ်သား ၇ ဦးကို ဖမ်းဆီးခဲ့ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ စစ်ဆေးမေးမြန်းတာတွေပြု လုပ်ခဲ့ပါတယ်။

စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီးနောက်နှစ်ဦးကို ပြန်လွတ်ပေးကာ မေလ ၂၉ ရက်မနက်မှာတော့ ကျန်တဲ့ ငါးဦးကိုလက်ပြန်ကြိုးတုပ်ကာ ဇရပ်ဆိပ်ရွာကနေတဆင့် ပုလောမြို့ဘက်ကို ရေလမ်းကနေ စစ်ကောင်စီခြေလျင်တပ်ရင်း ၂၈၅ ထဲကို ခေါ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Source – Delta News Agency  

  • မိတ္ထီလာလေတပ်မှာ ကျည်ဆန်ထည့်မောင်းချိန်ထားတဲ့ သေနတ်နဲ့စနောက်ရာမှ တပ်ကြပ်အမျိုးသမီးတစ်ဦး ကျည် ထိမှန် သေဆုံး

မန္တလေးတိုင်း၊မိတ္တီလာလေတပ်မှာ မေလ(၃၀)ရက်နေ့က ကျည်ဆန်ထည့် မောင်းချိန်ထားတဲ့သေနတ်နဲ့ ပစ်ခတ်စနောက် ကြ ရာမှ တပ်ကြပ်အိဖြူခိုင်သေဆုံးခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သေနတ်မောင်းချိန်ကာ စနောက်ခဲ့သူကို ဖမ်းဆီးအချုပ်ချထားတယ်လို့ဆိုပါတယ်။

သေဆုံးသူရဲ့နာရေးမှာကျန်ရစ်သူ မိသားစုကိုဆင့်ခေါ်အကြောင်းကြားခဲ့ပြီး စနောက်သူကိုလည်း လူသေမှုအပြင် စစ်စည်းကမ်း တွေနဲ့ အရေးယူသွားမယ်လို့သိရပါတယ်။

Source – Khit Thit Media

  • ရွှေဘို၊ ဆိပ်ခွန်ရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာကို ဇွန်လ ၁ရက်နေ့ ညနေသုံးနာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးသေဆုံးသွားသလို၊ နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ရွှေဘို- မုံရွာလမ်းမကြီးဘေး စခန်းချထားတဲ့စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲရွာထဲကို  ၆၀မမလက်နက်ကြီးနဲ့ နှစ်ချက်ပစ်ခဲ့ တာဖြစ်ပြီး  ဆိပ်ခွန်ရွာ၊၁၇(က)ရပ်ကွက်တောင်စျေးနဲ့ အနောက်ခြမ်းကွက်သစ်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံ တွေက ဆိုပါတယ်။

လက်နက်ကြီးကြောင့်  ကလေးသုံးယောက်မိခင် အသက်၄၀အရွယ် မကြူလှိုင်ရင်ဘတ်ထိမှန်ပြီး နေရာမှာတင်သေဆုံးခဲ့သလို၊ တောင်စျေးအနီးနေထိုင်တဲ့အသက်၃၀ကျော်အရွယ်ကိုစိုးကြီးမှာလည်း  ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Source – RFA

Author:

Related Articles