လျှန်ကီခမ်း ။ ။
တောင်ကြီးမြို့ဟာ ရှမ်းတိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား အများစု နေထိုင်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။ တောင်ကြီး မြို့ဟာ ၁၉၅၅ ခုနှစ်မှာ ကျေးရွာအဆင့်လောက်သာရှိပေမယ့် ၁၈၉၀ ခုနှစ်မှာတော့ မြို့တည်ခဲ့ပြီး တောင်ကြီးမြို့လို့ ခေါ်တွင် စေခဲ့ပါတယ်။
တောင်ကြီးဟာ အေးချမ်းသာယာလှပတဲ့ မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ မြို့လို့ပြောရင်လည်း မမှားပါဘူး။
တောင်ကြီးမြို့က အေးချမ်းသာယာလှပသလို စီးပွားရေးအချက်အချာကြတဲ့ နေရာတစ်ခုဖြစ်တယ်လို့ဆိုရမှာပါ။ စီးပွားရေး အချက်အချာလည်းကျသလို လူဦးရေလည်းထူထပ်တာကြောင့် အနီးအနားမှာရှိတဲ့ ပအိုဝ်းကျေးရွာရှိ ဒေသခံများဟာ တောင်ကြီးမြို့ကို လာရောက်ဈေးရောင်းတာ၊ စီးပွားရှာတာ၊ အလုပ်လုပ်ကြတာတွေရှိပါတယ်။
ဒီလိုမျိုးထဲမှ တောင်ကြီးမြို့ကို လာရောက်ပြီး စားဝတ်နေရေးအတွက် စီးပွားရှာကြတဲ့ ပအိုဝ်းတိုင်းရင်းသားဈေးသည်များရဲ့ လှုပ်ရှားပုံတွေကို Hi က မှတ်တမ်းတင်ခဲ့ပါတယ်။
တောင်ကြီးမြို့နားက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပအိုဝ်းအမျိုးသမီးတွေဟာ ကျေးရွာက ထွက်ရှိတဲ့ ဟင်းသီး ဟင်းရွက် တွေကို ခူးယူလာပြီး တောင်ကြီးမြို့ဈေးနားက တစ်နေရာမှာ ဆာလာအိတ်၊ မိုးကာစတာတွေနဲ့ ခင်းကျင်းပြီး လာရောက် ရောင်းချ ကြတာပဲ ဖြစ်ပါတယ်။
ဆိုင်ခန်းလိုမျိုး ခင်းကျင်းရောင်းချရတာမျိုးတော့မဟုတ်ပါဘူး။ အမိုးမပါ ၊ အကာမရှိဘဲ လမ်းဘေးတစ်လျှောက်မှာ အဆင် ပြေသလို ထိုင်ရောင်းကြတာပါ။ မိုးရွာရင်တော့ ထီးဆောင်း၊ မိုးကာဝတ် စတဲ့ ပုံစံမျိုးနဲ့ ရောင်းချကြပါတယ်။
ရောင်းချတဲ့ သီးနှံတွေကတော့ အစုံပါပဲ။ တောတောင်ထဲမှာ ဒီလိုမိုးရာသီအချိန် အလေ့ကျပေါက်လေ့ရှိတဲ့ မှိုတွေကိုလည်း လာရောက်ရောင်းချကြပါတယ်။ ပုံထဲက မှိုဆိုလျှင် ထင်းရှုးမှိုပဲ ဖြစ်ပါတယ်။ တစ်ချို့ ဒေသခံအမျိုးသမီးတွေဟာ နေ့ဖက် တွေမှာ တောတောင်ထဲမှာ မှိုတွေလိုက်ရှာပြီး နောက်နေ့မနက်အစောပိုင်း လေးနာရီလောက်မှာ တောင်ကြီးမြို့ပေါ် တက် လာပြီး တောင်ကြီးဈေးမှာ ရောင်းချကြပါတယ်။
မိူတစ်ပုံကို တစ်ထောင့်ငါးရာကျပ်နဲ့ ရောင်းချကြပါတယ်။
ကျေးရွာကနေထွက်တဲ့ ခြံထွက် ပဲသီး၊ဂျင်းတွေကိုလည်း ရောင်းချကြပါတယ်။ ပဲသီးစေ့ နို့ဆီဗူးနှစ်ဗူးကို ငါးရာကျပ်နဲ့ ရောင်း ချကြတာပါ။
ဒါ့အပြင် ဓာတုဆေးဆိုး လုံးဝမပါဝင်ဘဲ သဘာဝမြေဩဇာနဲ့ စိုက်ပျိုးထားတဲ့ ခြံထွက်ငှက်ပျောသီးတွေကိုလည်း ရောင်းချ ပါတယ်။ ငှက်ပျောသီးတစ်ဖီးကို အကြီးအသေးပေါ်မူတည်ပြီး တစ်ထောင်ကျပ် ၊ တစ်ထောင့်ငါးရာကျပ်နဲ့ ရောင်းချပါတယ်။
ဒါကတော့ တစ်နှစ်မှ တစ်ခါပေါ်တဲ့ ဝါးပင်က ရရှိလာတဲ့ မျှစ်ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မျှစ်အဖြူ၊ မျှစ်ချဉ် ပြုလုပ်လို့ ရတဲ့ မျှစ်တစ်မျိုးလို့လည်း ဆိုကြပါတယ်။
မျှစ်အဖြူတွေလည်း ရှိသလို ဒီလို မျှစ်အနီတွေကိုလည်း ပြုတ်ပြီး အစည်းလိုက်စည်းကာ တစ်စည်းကို ငါးရာကျပ်ဖြင့် လာ ရောင်းချရင်း အသက်မွေးဝမ်းကျောင်းပြုကြတာပါ။
ဆိုင်ခန်းတွေပေါ် မဟုတ်ဘဲ သင့်တော်ရာနေရာတွေမှာ အခင်းလေးခင်းကာ အဆင်ပြေသလို ရောင်းချကြပါတယ်။
ဟိုပုံးမှ တောင်ကြီး လမ်းဘေးတစ်လျှောက်မှာလည်း ပိန္နဲသီး၊ သရက်သီး၊ ပြားရည်၊ ပြောင်းဖူး စတဲ့ ဒေသထွက်ကုန်တွေကို ဆိုင်ခုံလေးတွေပေါ်တင်ပြီး ရောင်းချကြပါသေးတယ်။
ရွာမှာ နေပြီး တောင်ကြီးကို ဈေးရောင်းရင်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုလုပ်နေတဲ့အထဲမှာ အသက် ၅၀ အရွယ်ရှိတဲ့ မွိုးရီ လည်း ပါပါတယ်။ မွိုးရီဟာ ခြံထွက်သီးနှံတွေဖြစ်တဲ့ ပဲသီး၊ ဂျင်း၊ ဖရုံရွက် စတဲ့ အသီးအရွက်ကို ရောင်းချတာပါ။ သူဈေးရောင်းလာတာ ၁၀ နှစ်ကျော်ထိ ရှိလာပြီ ဖြစ်ပါတယ်။
မွိုးရီနေထိုင်ရာ ကျေးရွာကနေ တောင်ကြီးကို ဆိုင်ကယ်နဲ့ မိနစ် ၃၀ ခန့် မောင်းလာရပါတယ်။ သူဟာ မနက်ပိုင်း ၄ နာရီ ထပြီး ထမင်းချက် ၊ဟင်းချက် ထမင်းထုတ်ပြီး မနက် ၅ နာရီဆို ပုလိုင်းထဲမှာရောင်းဖို့ ထည့်ထားတဲ့ အသီးအနှံတွေကို ဆိုင်ကယ်နဲ့ တင်ဆောင်လာတာပါ။ မနက် ၅ နာရီကနေ နေ့လယ် ၁၂ နာရီထိ ရောင်းလေ့ရှိပါတယ်။
ပစ္စည်းတွေ အကုန်ရောင်းရတဲ့နေ့လည်း ရှိသလို ရောင်းမကုန်တဲ့ရက်တွေလည်း ရှိပါတယ်။ ရောင်းကောင်းတဲ့ တစ်ရက်ကို ဝင်ငွေ နှစ်သောင်းလောက် ရတယ်လို့ ဆိုပါတယ်။ ရောင်းမကောင်းတဲ့ နေ့တွေဆိုရင်တော့ တစ်သောင်းကျော်လောက်သာ ရတယ်လို့ ဆိုပါတယ်။
မွိုးရီဟာ ဈေးရောင်းရင်းနဲ့ သား၊ သမီးကို ကျောင်းထားထောက်ပံ့လာသည်မှာ အကြီးဆုံးသားတစ်ယောက် တက္ကသိုလ် ဒုတိယနှစ်ထဲကို ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
ဈေးရောင်းရင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာ အဆင်ပြေနေသေးတယ်လို့တော့ ဆိုရမှာပါ။ နေ့ဖက်ကို ဈေးရောင်း လိုက် ပြန်လာရင်လည်း နောက်နေ့ရောင်းဖို့ သီးနှံခင်းထဲ ပြန်ဆင်းပြီး အသီးအရွက်ခူးတာတွေလုပ်ရင်းနဲ့ ဘဝကိုဖြတ်သန်း နေပါတော့တယ်။