Home ဆောင်းပါး စစ်ကောင်စီကြိုးတိုက်ထဲက အမျိုးသမီး ကိုးယောက်

စစ်ကောင်စီကြိုးတိုက်ထဲက အမျိုးသမီး ကိုးယောက်

ရှင်ငြိမ်း။ ။

“ရှေ့နေလုပ်လာတဲ့ နှစ်၅၀ကျော်မှာ အမျိုးသမီးတွေကို သေဒဏ်ပေးတယ်ဆိုတာ ၈၈အရေးတော်ပုံကာလမှာတောင် မရှိခဲ့ဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါရင့်ရှေ့နေတစ်ဦးက ထောက်ပြလိုက်ပါတယ်။

၁၉၈၈ အရေးအခင်းမှာ စစ်တပ်ကဖမ်းဆီးပြီး သေဒဏ်ချခဲ့တဲ့သူ ရာနဲချီရှိပေမယ့် ယနေ့အချိန်လိုတော့ ကြိုးပေးသတ်ဖြတ်ခဲ့တာတော့ မရှိခဲ့ပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်သမိုင်းမှာလည်း အမျိုးသမီးတွေကို ကြိုးပေးသတ်ဖြတ်တယ်ဆိုတာ မရှိသေးဘူးလို့လည်း အဆိုပါ ဝါရင့်ရှေ့နေကြီးက ဆိုပါတယ်။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ အမျိုးသမီးကိုးဦးကို သေဒဏ်ချမှတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာ သေဒဏ်ကျ အမျိုးသမီးတွေအတွက် စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီလက်ထဲရောက် သေဒဏ်ကျအမျိုးသမီး အကျဉ်းသားတွေထဲက အသက် ၅၀ ကျော်အရွယ် ဒေါ်မြင့်မြင့်အေးဟာ အင်းစိန်ထောင်ထဲမှာ ချုပ်နှောင်ခံထားရပါတယ်။ သူဟာအင်းစိန်ထောင်မှာ အစောဆုံး သေဒဏ်အမိန့်ချခံခဲ့ရတဲ့ အမျိုးသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်တယ်။ သူဟာ အင်းစိန်ထောင်ထဲမှာ ကြိုးပေးသတ်ဖြတ် ခံလိုက်ရတဲ့ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့နဲ့ အမှုတွဲတစ်ခုထဲ ဖြစ်ပါတယ်။

ဒေါ်မြင့်မြင့်အေးကို လှိုင်သာယာမြို့နယ်က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီသတင်းပေး ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ မတ်လ ၁၆ ကတည်းက ရဲနဲ့စစ်သားတွေက နေအိမ်ဆီ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရက်အနည်းကြာတော့ ဒေါ်မြင့်မြင့်အေးကို စစ်ခုံရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ နဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။

သားသမီးသုံးယောက်မိခင် ဒေါ်မြင့်မြင့်အေးဟာ အင်းစိန်ထောင်ထဲက လုံခြုံရေးအမြင့်ဆုံးချထားတဲ့ အခန်းကျဉ်းလေးထဲမှာ အထီးကျန်စွာ နေနေရတယ်လို့ အင်းစိန်ထောင်က ပြန်လွတ်လာကြတဲ့ နိုင်ကျဉ်းဟောင်းတွေက ဆိုပါတယ်။ သူဟာဘယ်သူနဲ့မှ စကားပြောခွင့်မရသလို သူနေတဲ့တိုက်နံပတ် (၁) ကနေ ဘယ်ဆီကို ရွှေ့ပြောင်းချုပ်နှောင်ခံရတယ်ဆိုတာ ဘယ်သူမှမသိကြဘူးလို့ ၂၀၂၁ ခုနှစ်၊ ဧပြီလကလွှတ်လာတဲ့ နိုင်ကျဉ်းတစ်ဦးကို ကိုးကားပြီး Myanmar Now က ရေးသားပါတယ်။

ထောင်ထဲက အကျဉ်းခန်းတစ်ခုကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ယူဆတဲ့ ဘဝတူအကျဉ်းသူတွေက ထောင်ဝန်ထမ်းတွေကို မေးမြန်းစုံစမ်းပေမယ့် သတင်းအစအန မရတော့ဘူးလို့လည်း မြန်မာနောင်းရဲ့ သတင်းအရင်းအမြစ်က Myanmar Now ကို ရှင်းပြပါတယ်။

လက်ရှိသေဒဏ်ကျ အကျဉ်းသူတွေဟာ သေဒဏ်အမိန့်ချပြီးတဲ့အချိန်ကစလို့ ကိုဗစ်အကြောင်းပြချက်နဲ့ ဧည့်တွေ့ခွင့်ပိတ် ထားတဲ့အတွက် မိသားစုနဲ့ ယနေ့ထိ တွေ့ခွင့်မရကြသေးပါဘူး။ အဲ့ဒါကြောင့် ဒေါ်မြင့်မြင့်အေးရဲ့ အခြေအနေကိုလည်း သိရဖို့ ခက်ခဲပါတယ်။

ဒေါ်မြင့်မြင့်အေးလိုပဲ လှိုင်သာယာမြို့နယ်က သတင်းပေးတစ်ဦးကို သတ်ဖြတ်ရာမှာ ပူးပေါင်းပါဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ပေးခံရသူ နောက်တစ်ဦးကတော့ အသက် ၅၀ အရွယ် ဒေါ်ချိုချိုဖြစ်တယ်။

သူ့ကိုနေအိမ်မှာ လာဖမ်းစဉ်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ဒေသကာကွယ်ရေးတပ်(PDF)တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းတာဖြစ်ပေမယ့် စစ်ခုံရုံးမှာအမှုရင်ဆိုင်ရတော့ လူသတ်မှုပြောင်းသွားတာလို့ မိသားစုနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။

ဒေါ်ချိုချိုကိုတော့ လူသတ်မှုနဲ့ ၂၀၂၂ ဇွန်လ ၁၇မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ စစ်ခုံရုံးကနေ သေဒဏ်ချခဲ့ပါတယ်။

နောက်ထပ်သေဒဏ်ပေးခံရတဲ့ အမျိုးသမီး နှစ်ဦးကတော့ မဆုမြတ်သွယ်နဲ့ မဆုဝေနှင်းတို့ ဖြစ်ပါတယ်။ သူတို့တွေဟာ မြောက်ဥက္ကလာပ(ဇ)ရပ်ကွက်က Wifi ကားရေဆေးခုံပိုင်ရှင်ကို သုနန္ဒာလမ်းနဲ့ မေဓာဝီလမ်းဆုံမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရာ မှာပါဝင်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တာပါ။ အသက် ၂၂ ကျော် အရွယ်သာရှိသေးတဲ့ မဆုမြတ်သွယ်နဲ့ မဆုဝေနှင်းတို့ အပါအဝင် ၉ဦးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှာ သေဒဏ်အမိန့်ချမှတ်ခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။

စစ်တပ်ရဲ့ပြန်ကြားရေးထုတ်ပြန်ချက်မှာတော့ သူတို့တွေဟာ နိုင်ငံတော်က သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လက်အောက်ခံအဖြစ် အများပြည်သူ လုံခြုံရေးကို ထိပါးအကြမ်းဖက်ကျူးလွန်တဲ့အတွက်သေဒဏ်ပေးရ တယ်လို့ ဆိုထားပါတယ်။

အလားတူ အသက် ၂၄ အရွယ်မမိုးမိုးမြင့်အောင်(ခ)မမိုးမြင့်ကိုလည်း ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၅၆) ရပ်ကွက်က ဦးဇော်မင်းဆိုသူကို ဒလန်ဆိုပြီး မီးရှို့သတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်တယ်ဆိုပြီး စစ်ကောင်စီဘက်က စွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ သတင်းစာတွေမှာတော့ အဲ့ဒိအမှုတွဲအတွက် လူ၄၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မမိုးမြင့်ဟာ စတင်ဖမ်းဆီးခံရချိန်တုန်းက ရဲစခန်းတွေမှာ ချုပ်နှောင်ခံထားရစဉ် မိသားစုနဲ့ အဆက်အသွယ်ရပေမယ့် သေဒဏ်ချခံရပြီး အင်းစိန်ထောင်ကို ရောက်သွားကတည်းက မိသားစုနဲ့ တွေ့ခွင့်မရတော့တာ ဖြစ်ပါတယ်။

“ပထမဆုံးသူ့ကိုတွေ့တော့ အတော်လေးပိန်သွားတယ်။ ညိုမဲနေတဲ့ဒဏ်ရာ တချို့တော့ တွေ့တယ်။ ဆံပင်ကွယ်ထားတော့ ဘယ်လောက်များလဲမသိရဘူး။ မျက်နှာကတော့ညိုးနေတယ်”လို့ မမိုးမြင့်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နောက်ထပ်သေဒဏ်ကျခံရတဲ့သူကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းက ဒလန်အမျိုးသမီးကို သတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ပေးခံလိုက်ရတဲ့ အသက် ၂၅ နှစ်အရွယ် မခင်ဝင့်ကျော်မောင်ဖြစ်တယ်။

သူ့ကို နေအိမ်မှာပဲ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလဆန်းလောက်က ရဲနဲ့ စစ်အင်အား ၂၀ လောက်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာဖြစ်တယ်။ စစ်တပ်ရဲ့ပြန်ကြားရေးထုတ်ပြန်ချက်အရ မခင်ဝင့်ကျော်မောင်ဟာ လူသတ်မှုဖြစ်တဲ့နေရာမှာ ရှိနေတဲ့အတွက် ပူးပေါင်းပါဝင်တာဖြစ်လို့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၃၀၂(၁)(ခ)/၃၄နဲ့ သေဒဏ်ပေးခဲ့တာလို့ ဆိုပါတယ်။

သူနဲ့အတူ အမှုတွဲအဖြစ် အမျိုးသားခုနှစ်ဦးခန့်လည်း ဖမ်းဆီးခံရပြီး အမျိုးသမီးဆိုလို့ သူတစ်ယောက်ထဲ ပါဝင်တာပါ။

စစ်ကောင်စီက သေဒဏ်အမိန့်ချထားတဲ့ အမျိုးသမီးတွေထဲက နောက်နှစ်ယောက်ကတော့ တောင်ဥက္ကလာပမြို့နယ်နေ မဇင်မာထွန်းနဲ့ မလှလှနိုင်(ခ)မနိုင်ဖြစ်ပါတယ်။ သူတို့ဟာ အုပ်စုဖွဲ့လူသတ်ရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

သေဒဏ်ကျ အမျိုးသမီးတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး ပထမဆုံးသေဒဏ်ကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို စစ်ကောင်စီက ပြောင်းလဲခဲ့သူကတော့ အသက် ၂၀အရွယ်၊ ဓါတုဗေဒကျောင်းသူ မဆောင်းလေပြေပါ။ သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်က စစ်ကောင်စီရဲ့ အယူခံအောင်ခဲ့တာပါ။

သူဟာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ အကြမ်းမဖက်အာဏာဖီဆန်မှု (CDM)မလုပ်ထားတဲ့ ကျောင်းဆရာမကြီး ဒေါ်လှလှသန်းကို မြောက်ဥက္ကလာအဝိုင်းနားမှာဖြစ်သွားတဲ့ သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

မဆောင်းလေပြေကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့၊ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှာတော့ မဆောင်းလေပြေအပါအဝင် လူငယ် ၇ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဂ)၊ ၅၂(က)နဲ့ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တဲ့အတွက် လက်ရှိအင်းစိန် အကျဉ်းထောင်မှာအကျဉ်းကျနေဆဲဖြစ်တယ်။

အမိန့်ချပြီးတော့လည်း စစ်ကြောရေးမှာရခဲ့တဲ့ဒဏ်ရာတွေအတွက် အကျဉ်းထောင်ထဲမှ မဆောင်းလေပြေဟာ ဆေးကုသခွင့်မရဘူးလို့ ရန်ကုန်အခြေစိုက်၊တက္ကသိုလ်ကျောင်းသားများသမဂ္ဂခေါင်းဆောင် ကိုမင်းဟန်ထက်က မိသားစုကိုယ်စား ပြောပါတယ်။

ဆောင်းလေပြေကို ဖမ်းဆီးခေါ်သွားချိန်ကစလို့ ယနေ့အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးတာကြောင့် မိသားစုနဲ့ ကျောင်းသားတွေက စိုးရိမ်ပူပန်လျှက်ရှိပါတယ်။

မိသားစုတွေအနေနဲ့ကလည်း အကျဉ်းကျနေတဲ့ ကိုယ့်မိသားစုဝင်‌တွေ အင်းစိန်ထောင်ထဲမှာ ရှိနေတယ်ဆိုတာကို အတည်ပြုလိုတာကြောင့် ဖုန်းနဲ့စကားပြောခွင့်ရဖို့ ဆန္ဒရှိနေကြတာဖြစ်တယ်။

သေဒဏ်ကျအမျိုးသမီးတွေဟာ ပုံမှန်အကျဉ်းကျသူတွေနဲ့ သီးခြားခွဲနေရပြီး အများအားဖြင့် သူတို့တွေဟာ ဘယ်သူနဲ့မှ တွေ့ဆုံစကားပြောခွင့် မရှိကြဘူးလို့ Generation Wave မှ အထွေထွေအတွင်းရေးမှူး မလင်းလက်ဆူးက ရှင်းပြပါတယ်။

မလင်းလက်ဆူးဟာ စစ်အာဏာရှင်ကို တော်လှန်ဆန္ဒပြလို့ စစ်အာဏာသိမ်းပြီး တစ်လအကြာမှာအဖမ်းခံခဲ့ရပြီး ၇ လ အကြာမှာပြန်လွှတ်လာသူဖြစ်တယ်။

ရန်ကုန်မြို့က စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ လှိုင်သာယာမြို့နယ်အပါအဝင် ၆ မြို့နယ်ကို စစ်တပ်က သူတို့ထုတ်ပြန်ထားတဲ့ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပြီး ဒီပြစ်မှုတွေရဲ့အမြင့်ဆုံးပြစ်ဒဏ်တွေကိုသာ ချမှတ်နေတာ ဖြစ်ပါတယ်။

လက်ရှိအရေးပေါ်ကာလအတွင်းမှာ ဘယ်နိုင်ငံသားမဆို သေဒဏ်အမိန့်ကို သက်ဆိုင်ရာတရားရုံးကဖြစ်ဖြစ်၊ စစ်ခုံရုံးက ဖြစ်ဖြစ်ချမှတ်ထားပေမယ့် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ရင် သေဒဏ်ကို အတည်ပြု(ကြိုးပေးကွပ်မျက်)လို့ မရပါဘူးလို့ ဝါရင့်ရှေ့နေက ရှင်းပြပါတယ်။

အခုလိုထောက်ပြမှုတွေ၊ တားဆီးမှုတွေရှိနေတဲ့ကြားက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကွပ်မျက်စီရင်ပြီးကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်နေပေမယ့် စစ်တပ်ကတော့ ဒါကိုလျစ်လျူရှူ ပြီး ဥပဒေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်စီရင်ခြင်းသာ ဖြစ်တယ်လို့ စစ်တပ်ပြန်ကြားရေးက ခွန်းတုံ့ပြန်ထားပါတယ်။

“မလုပ်ရဲတာဘာမှမရှိဘူး” လို့ကြွေးကြော်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်တပ်ရဲ့ရမ်းကားတဲ့ လုပ်ရပ်တွေကြောင့် သေဒဏ်အပြစ်ပေးခံထားရတဲ့ အမျိုးသမီးတွေအပေါ် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက စိုးရိမ်ပူပန်မှုရှိနေကြပါတယ်။

“ဒီလိုသေဒဏ်ပေးပြီး ကွပ်မျက်တာက လူသတ်တာဖြစ်သွားပြီ။ အာဏာကိုလုယူလို့ ကျမတို့ပြန်ဆန့်ကျင်တော်လှန်နေတာကို အကြမ်းဖက်လို့သတ်မှတ်ပြီး သေဒဏ်ပေးတာကတော့ နည်းလမ်းမမှန်ဘူး” လို့ အမျိုးသမီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ(WLB)ရဲ့ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ဝေဖန်လိုက်ပါတယ်။

“အခုသေဒဏ်ပေးပြီးသွားတဲ့ကိုဂျင်မီ ၊လွှတ်တော်အမတ် ဖြိုးဇေယျာသော်တို့ဆိုရင် အမျိုးသားတွေဖြစ်တယ်။ သူတို့ကို သေဒဏ်မပေးခင်မှာ ရက်ရက်စက်စက် နှိပ်စက်ခံရတယ်လို့ သိရတယ်။ အဲ့တော့ကျမတို့ အမျိုးသမီးတွေအတွက်လည်း စိုးရိမ်တယ်”လို့ သူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က သူတို့ကို ဆန့်ကျင်တော်လှန်နေတဲ့ အမျိုးသမီးတွေကို မတရားဖမ်းဆီးတာ၊ နည်းမျိုးစုံနဲ့နှိပ်စက်တာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေ မလုပ်ဘူးလို့ မပြောနိုင်တဲ့အတွက် သူကစိုးရိမ်နေတာဖြစ်တယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ခံရတဲ့အမျိုးသမီးတွေမှာ အိမ်ထောင်သည်မိခင်တွေ၊ လူငယ်လေးတွေလည်း ပါနိုင်တဲ့အတွက် ကျန်ရစ်တဲ့မိသားစုတွေရင်ဆိုင်ရမယ့် လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက်ပါ နော်ဆဲဆဲက စိုးရိမ်ပူပန်လို့နေပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာဥပဒေတော်တော်များများကို ချိုးဖောက်ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်တပ်ကို နိုင်ငံတကာအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်လို့ သူက အသိပေးထားပါတယ်။

Author:

Related Articles