သန့်ရှင်းထွန်း။ ။
နှစ်ရက်ကြာ ပိတ်လှောင်ခံခဲ့ရသည့် အခန်းထဲသို့ လက်နက်ကိုင်ပြန်ပေးသမားတချို့ ဝင်လာခဲ့ပြီး ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်အား နောက်ထပ်နေရာသို့ ခေါ်ဆောင်ရန် စီစဥ်ပြန်သည်။
ထို့နောက်ခေါင်းကိုအိတ်ဖြင့်စွပ်လိုက်ပြီး အခန်းထဲကနေအပြင်ကို ထွက်ခွာစေခဲ့သည်။ မိနစ်အနည်းကြာ လမ်းလျှောက်ခဲ့ပြီးသည့်နောက် နေရာအသစ်ဆီရောက်ပြန်သည်။ ပြန်ပေးသမားများက ခေါင်းစွပ်များချွတ်ပေးချိန်တွင် ပတ်ဝန်းကျင်ကိုလေ့လာကြည့်တော့ နှစ်ရက်ကြာချုပ်နှောင်ထားသည့် နေရာနှင့်မလှမ်းမကမ်း တောင်ကုန်းတခုပေါ် ရောက်နေခဲ့ခြင်းဖြစ်သည်။ တာပေါ်လင်စဖြင့် ပြုလုပ်ထားသော အဆိုပါယာယီတဲတွင် လေးရက်ကြာ ထပ်မံပိတ်လှောင်ခံခဲ့ရပြန်သည်။
ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်သည် လုပ်ဖော်ကိုင်ဖက် ကျောင်အုပ်ဆရာကြီး ဦးဘိုဝင်းနှင့်အတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ၂၀၂၂ ဇွန်လ ၁၆ ရက်မှစတင်ပြီး တစ်ပတ်နီးပါးကြာ ပြန်ပေးဆွဲ ခံခဲ့ရခြင်းဖြစ်သည်။ ပြန်ပေးသမားများလက်ထဲတွင် ဘယ်တော့များအသက်ဆုံးမလဲဆိုသည့် မေးခွန်းများဖြင့် ရှင်သန်နေထိုင်ခဲ့ရသူလည်းဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် ရခိုင်ပြည်နယ် စစ်တွေဇာတိ ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်မှာ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေခဲ့ခြင်းဖြစ်သည်။ ပြန်ပေးဆွဲခံရသည့် ဇွန်လ ၁၆ ရက်က ဒေါ်ဥမ္မာကျော်၊ သင်္ဘောလှကျေးရွာ မူလွန်ကျောင်းအုပ်ကြီး ဦးဘိုဝင်းနှင့် အခြားရွာသားလေးဦး၊ စုစုပေါင်း ခြောက်ဦးသည် သင်္ဘောလှကျေးရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ထွက်ခွာလာခဲ့ကြသည်။
လမ်းခုလတ်တနေရာကိုရောက်တော့ ရွာသားလေးဦးတို့က ခဏနားနေခဲ့ပြီး နောက်ကျကျန်နေခဲ့သည့် ကျောင်းဆရာများ၏ ဆိုင်ကယ်ကို ရပ်စောင့်နေခဲ့သော်လည်း အချိန်လင့်သည်အထိ ပေါ်မလာသည့်အတွက် စိတ်ပူစပြုလာကြသည်။ နောက်ဆုံးတွင် လာရာလမ်းကိုလှည့်ပြန်ပြီး ဆရာနှင့်ဆရာမတို့ကို ရှာဖွေကြရန် ရွာသားလေးဦးက ဆုံးဖြတ်ခဲ့ကြသည်။
“ဆိုင်ကယ်သုံးစီး လူခြောက်ဦးလာတာ၊ ဆရာကြီးဘိုဝင်းနဲ့ ဆရာမတို့က နောက်မှာ ကျန်ခဲ့ပြီး ရောက်မလာတာကြောင့် လိုက်ရှာတဲ့အခါ မတွေ့တော့ဘဲ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။”ဟု ပြန်ပေးဆွဲခံရသည့် နေ့က အဖြစ်အပျက်ကို အဖော်ပါလာသူ ရွာသားတစ်ဦးက ပြောသည်။
ထိုအချိန်တွင် ဆရာကြီးနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့သည် ပြန်ပေးသမားများလက်ထဲ ရောက်သွားခဲ့ပြီဖြစ်သည်။
ရှေ့ကသွားသည့် ဆိုင်ကယ်နှစ်စီးနောက်လိုက်ရင်း တောင်ပြို-မောင်တောကားလမ်း ဇီးပင်ချောင်းကျေးရွာအနီးတွင် သေနတ်၊ဓားလက်နက်များ ကိုင်ဆောင်ထားသော မွတ်ဆလင်ငါးဦးက ၎င်းတို့ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ဆက်မသွားရန် တားမြစ်ခဲ့သည်ဟု ကျောင်အုပ်ကြီး ဦးဘိုဝင်းက ပြောသည်။
ပြန်ပေးသမားများက ဆရာကြီး၏ ဦးခေါင်းကို သေနတ်ဖြင့် ချိန်ရွယ်ကာ မျက်နှာဖုံးချုပ်၊ နောက်ပြန်ကြိုးတုပ်လိုက်သည်။ ထို့နောက်ဆရာနှင့်ဆရာမတို့အား တောလမ်းအတိုင်း ခေါ်ဆောင်သွားခဲ့သည်။
မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ခဲ့ပြီးနောက် စက်လှေပေါ်ကို တက်ခိုင်းပြန်သည်။ နှစ်နာရီနီးပါးကြာ စက်လှေစီးပြီးနောက် ကျေးရွာငယ်တစ်ရွာသို့ ရောက်ရှိခဲ့သည်ဟု ဦးဘိုဝင်း ကပြောပြသည်။အဆိုပါ ရွာငယ်မှာ ပြန်ပြေးသမားများ၏ မိသားစုများနေထိုင်သော နေရာတခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းတွင် ဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
ဒေါ်ဥမ္မာကျော်နှင့် ဦးဘိုဝင်းတို့ ပြန်ပေးဆွဲခံခဲ့ရသည့် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ ဇီးပင်ချောင်းကျေးရွာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်စွာတည်ရှိနေသော နေရာဖြစ်ပြီး ကုန်လမ်းခရီးနှင့် နယ်ခြားမြစ်ဖြစ်သော နတ်မြစ်ကို ဖြတ်ရန် စုစုပေါင်း အချိန် လေးနာရီခန့်သာ ကြာမြင့်သည့်နေရာဖြစ်သည်။
ဒေါ်ဥမ္မာကျော်နှင့် ဦးဘိုဝင်းတို့မှာ ပြန်ပေးဆွဲသမားများ ပိတ်လှောင်ထားသည့် နေရာတွင် နေထိုင်ရင်း မျက်နှာဖုံးအဖြူ စွပ်ထားသူတစ်ဦးက ဒေါ်ဥမ္မာကျော်နှင့် ဦးဘိုဝင်းတို့ထံ ရောက်ရှိလာခဲ့ပြီး ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်းငါးဆယ် (မြန်မာကျပ်ငွေသိန်းတစ်ထောင်ခန့်) ပေးလျှင် ပြန်လွတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးဘိုဝင်းက ပြောပြသည်။
“ကျနော်တို့က ဝန်ထမ်းတွေဖြစ်တယ်။ ဆင်းရဲကြတယ်။ အဲလောက်ငွေမရှိဘူးပြောတော့ မပေးနိုင်ရင် မင်းတို့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။”ဟု ၎င်းကဆိုသည်။
ဖမ်းဆီးခံထားရချိန်တွင် ဦးဘိုဝင်းမှာ ရိုက်နှက်ခံရမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများရှိခဲ့သော်လည်း ဒေါ်ဥမ္မာကျော်မှာ ရိုက်နှက်ခံရခြင်းမရှိခဲ့ဘဲ ခြိမ်းခြောက်ခံရခြင်းတော့ ရှိခဲ့ကြောင်း ဦးဘိုဝင်းက ဆက်ပြောသည်။
“သူတို့က ငွေရဖို့အတွက် ခြိမ်းခြောက်တယ်။ သူတို့တောင်းတဲ့ငွေကို ပေးရင်လွတ်ပေးမယ်။ မပေးရင် သတ်ပစ်မယ် ဆိုပြီးတော့ ပြောတာတွေရှိတယ်။ ထမင်းကိုလည်း သူတို့ပေးတဲ့အချိန်မှာ စားရတယ်”ဟု ဒေါ်ဥမ္မာကျော်က ပြောသည်။
ပြန်ပေးဆွဲခံရပြီး ခြောက်ရက်မြောက်နေ့ဖြစ်သော ဇွန်လ ၂၂ ရက် ည ၈ နာရီအချိန်ခန့်တွင် မွတ်ဆလင် သုံးဦးက ဒေါ်ဥမ္မာကျော်နှင့် ဦးဘိုဝင်းတို့ကို သုံးဘီးဆိုင်ကယ်ဖြင့် တင်ဆောင်ကာ နောက်တစ်နေရာဆီသို့ ရွှေ့ပြောင်းပြန်သည်။ နာရီအနည်းငယ်ခန့်သွားခဲ့ပြီးနောက် ပြန်ပေးသမားများက ၎င်းတို့နှစ်ဦးအား လမ်းခုလပ်တွင် ချထားခဲ့သည်။ ထို့နောက် နေရာတစ်ခုဆီသို့ သွားရန်လမ်းညွှန်လိုက်သည်။
လိုက်ပို့ပေးသူတို့၏ လမ်းညွှန်ရာအတိုင်း လမ်းလျှောက်လာခဲ့သော်လည်း ကမ်းမမြင်၊ လမ်းမမြင် ဖြစ်နေသော ညအချိန်တွင် စမ်းတဝါးဝါး ဆက်လျှောက်ချိန် အသံချဲ့စက်မှလာသော ပရိတ်ရွတ်သံနှင့် မေတ္တာပို့သံကို ကြားခဲ့ရပြီး အဆိုပါ အသံလာရာဖက်သို့ နားစွင့်၍ ဆက်လျှောက်ခဲ့ရာ အာရုဏ်တက်ချိန် လေးနာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံချောင်း(ရခိုင်)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိခဲ့သည် ဟု ဒေါ်ဥမ္မာကျော်က ပြောပြသည်။
“ဘုန်းကြီးကျောင်းကို ရောက်မှ အသက်တဝက်ကျပါတယ်။”ဟု ၎င်းကဆိုသည်။
ပြန်ပေးငွေရခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ပြန်ပေးသမားများက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြန်လွတ်ပေးရန်အတွက် မောင်တောခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ အစီစဉ်ဖြင့် ပြန်ပေးသမားများတောင်းဆိုခဲ့သည့် ဘင်္ဂလားဒေ့ရှ်တာကာငွေ သိန်းငါးဆယ်ကို လွှဲပြောင်းပေးခဲ့ရကြောင်း မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က ပြောသည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံချောင်း(ရခိုင်)ကျေးရွာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော ဒေါ်ဥမ္မာကျော်နှင့် ဦးဘိုဝင်းတို့ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)က ခေါ်ဆောင်သွားခဲ့ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစီစဉ်ဖြင့် ဇွန်လ ၂၃ ရက်တွင် မြန်မာနယ်ခြားစောင့်ရဲ(BGP) ထံသို့ လွှဲပြောင်းပေးခဲ့သည်။ ထို့မှတဆင့် မောင်တော ခရိုင်အုပ်ချုပ်ရေးအဖွဲ့က မိသားစုများထံသို့ ထပ်မံလွှဲပြောင်းပေးခဲ့သည်။
လက်ရှိတွင် ဒေါ်ဥမ္မာကျော်မှာ ပြန်ပေးဆွဲခံခဲ့ရမှုကြောင့် စိုးရိမ်မှုလွန်ကဲကာ စိတ်ဒဏ်ရာရရှိနေသည်ဟု အစ်ကိုဖြစ်သူ ဦးဘဝင်းက ပြောသည်။
“စိတ်ဖိစီးမှုတွေ အရမ်းများလာတယ်။ အမြဲတမ်းကြောက်လန့်နေပြီးတော့ တခုခုသွားမယ်ဆိုရင်တောင် ကျနော်မပါဘဲ မသွားရဲဖြစ်နေတယ်။”ဟု ဦးဘဝင်းက ပြောပြသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဖြစ်သော မောင်တောဒေသတွင် ပြန်ပေးဆွဲခံရမှုသည် ယခုတကြိမ်ဖြစ်ပွားခြင်း မဟုတ်ဘဲ ယခင်ကလည်း ဒေသခံများမှာ မကြာခဏပြန်ပေးဆွဲခံရဖူးသည်။
ပြီးခဲ့သည့် ၂၀၂၁ ခု ဇွန်လက မောင်တောမြို့ရှိ ပရိဘောဂရောင်းဝယ်ရေးဆိုင်ရှင် သားဖနှစ်ဦးမှာ ပြန်ပေးဆွဲခံခဲ့ရပြီး ၎င်းတို့ လွတ်မြောက်ရန် ငွေကြေးသိန်းရာချီပေးခဲ့ရသည်။ ထို့နောက် သြဂုတ်လတွင် မောင်တောမြို့နယ် ပဒင်း (မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီကို ဓားပြအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရက်ပေါင်း၂၀ ခန့် ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလားဒေ့ရှ် တာကာငွေ သုံးသိန်းဖြင့် ရွေးယူခဲ့ရသည်။
ထို့အပြင် အမှတ်(၁) နယ်ခြားစောင့်ရဲဌာနချုပ် တည်ရှိရာ ကျီးကန်းပြင်ကျေးရွာနှင့် ဆယ်မိုင်ခန့်သာဝေးသော ငန်းချောင်းကျေးရွာက အသက် ၄၇ နှစ်အရွယ်၊ မူဆလင်အမျိုးသားတစ်ဦးမှာလည်း ၂၀၂၁ ခု အောက်တိုဘာလ ၁ ရက်တွင် ပြန်ပေးဆွဲ ခံခဲ့ရဖူးသည်။
ယခုကဲ့သို့ ပြန်ပေးဆွဲခံရမှုမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နယ်စပ်လုံခြုံရေးကို တာဝန်ယူထားသည့် မြန်မာနယ်ခြားစောင့်ရဲ(BGP)တွင် အဓိက တာဝန်ရှိနေပြီး နယ်မြေမလုံခြုံမှုကို ပြသရာရောက်နေကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က ပြောသည်။
“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ မိမိတို့ဝန်ထမ်းများရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်ဘူးလို့ မီးမောင်းထိုးပြရာ ရောက်နေသလို အခြားအဖွဲ့အစည်းများအတွက်လည်း မိမိပတ်ဝန်းကျင်မှာ မျက်နှာပျက်စရာ ဖြစ်နေမှာကတော့ သေချာတယ်။”ဟု ဦးကျော်လွင်က ဆိုသည်။
ဒေါ်ဥမ္မာကျော်နှင့် ဦးဘိုဝင်းတို့ ပြန်ပေးဆွဲခံရမှုသည် အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇွန်လ ၂၀ ရက်က ၎င်း၏ တွစ်တာ စာမျက်နှာက ရေးသားခဲ့သည်။
AA တပ်မှူးချုပ်၏ ရေးသားချက်နှင့် ပတ်သက်၍ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရမှုသည် ၎င်းတို့၏ လုပ်ရပ်မဟုတ်ကြောင်း ARSA အဖွဲ့က ထိုနေ့၌ပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထို ARSA အဖွဲ့၏ ကြေညာချက်ကို တုန့်ပြန်သည့်အနေဖြင့် AA တပ်မှူးချုပ်က ဇွန်လ ၂၁ ရက်တွင် ထပ်မံ၍ တုန့်ပြန်သည့် စာတစောင်ကို ရေးသားခဲ့သည်။
”မိမိကျူးလွန် ထားသည်ကို မဟုတ်သယောင်ငြင်းဆိုရာ၌ ဆရာတဆူဟု ဆိုထိုက်သူက ထပ်မံ၍ သားကောင် ဖမ်းလေပြီ၊ အခုနောက်ဆုံး သတင်းထုတ်ပြန်ချက်က အလားတူအဖြစ်မျိုးကို ပြန်ပြောင်းသတိရမိရာမှာ မစ္စတာ မိုဟီဘုလ္လာကို ဘယ်သူ လုပ်ကြံသတ်ဖြတ်ခဲ့သလဲ စဉ်းစားမိ၏။ ဘယ်သူတွေ သတ်ခဲ့သည်ကို လူသာမန်တွေပင် သိကြသည်။ ကျူးလွန်သောပြစ်မှုနှင့် ထိုက်တန်သော အပြစ်ကို ရှောင်လွှဲရန် သတင်းထုတ်ပြန်ချက် တစောင်နှင့် လွှဲဖယ်၍မရစကောင်း။”ဟု AA တပ်မှူးချုပ် က တုန့်ပြန်ရေးသားခဲ့သည်။
“အမျိုးသမီးတစ်ဦးအနေနဲ့ အခုလို ကြုံတွေ့ရတာဟာ ဘယ်လောက်ထိ စိုးရိမ်ကြောက်လန့်စရာဖြစ်တယ်ဆိုတာကို သိသာနိုင်တယ်။ မတော်ရင် ရူးသွားနိုင်တယ်”ဟု စစ်တွေအခြေစိုက် Woman Generation အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်မြင့်ဇော် ကပြောသည်။
လက်ရှိတွင် နယ်စပ်ဖြတ်ကျော်ပြန်ပေးဆွဲခံခဲ့ရပြီး လွတ်မြောက်လာခဲ့သည့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်နှင့် ဦးဘိုဝင်းတို့မှာ မိသားစုရှိရာ နေရာများတွင် ရှောင်တခင်ခွင့်ယူ၍ အနားယူနေသည်။
၎င်းကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ဆိုးကဲ့သို့ မောင်တောနယ်စပ်တွင် တာဝန်ကျနေသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများ၏ လုံခြုံရေးနှင့် ပတ်သက်၍ ဒေါ်ဥမ္မာကျော်က ယခုကဲ့သို့ ပြောသည်။
“အခုဖြစ်ခဲ့ရတဲ့အဖြစ်က အသက်နဲ့ရင်းပြီးဖြစ်ခဲ့တာလေ။ နောက်ထပ် အဲလိုတွေထပ်ကြုံရဖို့ စိုးရိမ်ကြောက်လန့်နေတယ်။ ကျမတို့က လုံခြုံစိတ်ချရတဲ့နေရာမှာပဲ တာဝန်ထမ်းဆောင်ချင်ပါတယ်။”