Home ဆောင်းပါး တိုင်းပြည်အတွက် အသက်စတေးဝံ့တဲ့ သူရဲကောင်းအမျိုးသမီးတွေ

တိုင်းပြည်အတွက် အသက်စတေးဝံ့တဲ့ သူရဲကောင်းအမျိုးသမီးတွေ

Honest Information (HI Burma)။ ။

အကြမ်းဖက်စစ်တပ်ရဲ့လက်ချက်နဲ့ အသက်စွန့်သွားတဲ့သမီးဖြစ်သူရဲ့ရုပ်အလောင်းကို လူမူကွန်ရက်စာမျက်နှာပေါ်မှာ မြင်တွေ့လိုက်ရတဲ့ဖခင်ဟာ အရုပ်ကြိုးပြတ်သလို နေရာမှာပဲလဲပြိုခဲ့ရတယ်။

“ သူ့သူငယ်ချင်းတွေအဖမ်းခံရတယ်တွေ့တော့ သမီးဖုန်းကိုဆက်တာ ဖုန်းဝင်တယ်။ မကိုင်ဘူး။ ဖမ်းမိသွားတဲ့ပုံမှာ သူပုံ မပါဘူး။ ဒါနဲ့ကျနော်တို့ရင်မောမောနဲ့ သတင်းစောင့်ရင်းသမီးဆုံးသွားတဲ့ဓါတ်ပုံပဲတွေ့လိုက်ရတာ” လို့ သမီးအကြောင်း ပြောနေတဲ့ဖခင်ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ။

အသက် ၂၃ နှစ်သာရှိတဲ့ဗျက်ရမ်းချင်း(Biak Rem Chin)(ခ) ချင်းချင်းဟာ ချင်းအမျိုးသမီးလေးဖြစ်ပြီး ကလေး- PDFမှာ ဆေးသင်တန်းပေးနေရင်း အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ ကျဆုံးသွားရတဲ့အတွက် ဖခင်ဖြစ်သူမှာ ပူဆွေးသောကရောက် နေတာဖြစ်တယ်။

အဲဒီနေ့က သူတို့စခန်းကို အကြမ်းဖက်စစ်တပ်က အင်အားတစ်ရာလောက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ချင်းချင်းအပါ အဝင် အမျိုးသားတပ်သားနှစ်ယောက်လည်းကျဆုံးခဲ့ရပြီး အမျိုးသမီးဆေးတပ်သား ကိုးယောက်က ဖမ်းဆီးခံခဲ့ရတယ်။ ထိုဖမ်းဆီးခံရတဲ့ သတင်းကို တွေ့လိုက်ရတဲ့ တစ်နိုင်ငံလုံးက ပြည်သူအများစုဟာ ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး ရဲရင့်တဲ့ အမျိုး သမီးငယ်တွေရဲ့ ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

“ အဲ့ဒီနေ့က တပ်ရင်းမှာ ကျနော်အပါအဝင်အားလုံး ၂၄ ယောက်ရှိတယ်။ စစ်တပ်ဝင်လာတော့ ကျနော်တို့ထွက်ပြေးပြီး တခြားနေရာကနေမှန်ဘီလူးနဲ့ကြည့်တာ အမျိုးသမီး ၆ ယောက်ကိုတော့ကြိုးတုပ်ခေါ်သွားတယ်။ ဒဏ်ရာရသူ သုံးယောက် ထဲက တယောက်ကတော့ တော်တော်လေးစိုးရိမ်ရတဲ့အခြေအနေပါ”လို့ ကလေးPDFက ရှင်းပြပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးခေါ်သွားခံရတဲ့အမျိုးသမီးဆေးတပ်သား ကိုးယောက်လုံးဟာ ကလေးအကျဉ်းထောင်ထဲမှာ ရောက်နေပြီလို့ ကြားသိရပေမယ့် မိသားစုတွေအနေနဲ့ လူချင်းမတွေ့ရသေးတဲ့အပေါ်မှာ စိုးရိမ်ပူပန်လို့နေပါတယ်။

အဖမ်းခံရတဲ့ဆေးတပ်သားထဲကတယောက်ဖြစ်တဲ့ဒေစီရဲ့အကိုက“ရာသီဥတုကလည်းတအားအေးတော့ သူ့ကျန်းမာရေး လည်း စိုးရိမ်တယ်။ သူက လေးဘက်နာလည်းရှိတယ်။ အအေးလည်းကြောက်တတ်တယ်။ ပို့လိုက်တဲ့အနွေးထည်တွေက နှစ်ခုပဲပေးလို့ရတော့ သူ့အတွက်စိတ်ပူတယ်”လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ချင်းချင်းနဲ့ ဒေစီတို့ဟာ တစ်ယောက်နဲ့တစ်ယောက်လွန်စွာချစ်ခင်တဲ့ညီအမတွေလို စားအတူ၊ သွားအတူ နေခဲ့သလို ကိုဗစ်ကာလမှာလည်း ဆရာဝန်၊ သူနာပြုမရှိတဲ့အရပ်ဒေသတွေမှာ ဆေးကုပေးတာ၊ ကလေးတွေကို အခမဲ့ စာသင် ပေးရာမှာလည်း မခွဲအတူရှိခဲ့ကြသူတွေပါ။

သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့တစ်လလောက်ကမှ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ရင်း (၃)မှာ အမျိုး သမီး ဆေးတပ်သားအဖြစ်နဲ့ ဆေးပညာသင်ပေးဖို့ ရောက်လာခဲ့ကြတယ်။

သူတို့တပ်ရင်းကိုရောက်လာတဲ့အချိန်မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ ကလေး PDF ကြားတိုက်ပွဲတွေ အပြင်းအထန်ဖြစ် ခဲ့ပေမယ့် သူတို့နှစ်ယောက်ကတော့ တပ်ရင်းမှာ ဆေးပညာသင်ပေးရင်း တဖက်တလမ်းကအထောက်အကူပြုနေပါတယ်။

ဒီလိုနဲ့သူတို့ထင်မှတ်မထားတဲ့အဖြစ်ပျက်ဆိုးကြီးဟာ နိုဝင်ဘာ ၁၆ ရက်မှာတော့ ရုတ်တရက်ရောက်လာခဲ့တယ်။ အဲ့ဒီနေ့ မနက်စာစားပြီးလို့ သင်တန်းစဖို့ပြင်ဆင်နေတဲ့အချိန်မှာ စစ်အင်အားတစ်ရာလောက်ဟာ လက်နက်ကြီး၊ ငယ်တွေနဲ့ သူတို့ စခန်းကို တရကြမ်း စီးနင်းဝင်ရောက်လာခဲ့တယ်။

အကြမ်းဖက်စစ်တပ်ဟာ စခန်းအတွင်းဝင်လာတာနဲ့တပြိုင်တည်း ရှိသမျှပစ္စည်း၊ ရိက္ခာစတာတွေအားလုံးကို ဖျက်စီးပြီး လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းယူသွားခဲ့တယ်။

တပ်ရင်း ၃ စခန်းမှာအမျိုးသားတပ်သား ၁၀ ယောက်နဲ့ အမျိုးသမီးဆေးတပ်သား ၁၄ ယောက်ရှိတဲ့အနက်က အမျိုးသမီး ဆေးတပ်သား ၁၀ ယောက်နဲ့ နေမကောင်းနေတဲ့အမျိုးသားတပ်သား ၂ ယောက်ကိုဖမ်းမိသွားပြီး ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

အဲ့ဒီနေ့ ညနေမှာပဲ ထွက်ပြေးလွတ်မြောက်သွားတဲ့တပ်သားတွေဟာ သူတို့စခန်းကို သိမ်းပိုက်ထားတဲ့ အကြမ်းဖက်စစ်တပ် ပြန်ထွက်မသွားနိုင်အောင် ပိတ်ဆို့ထားခဲ့ပေမယ့် စစ်တပ်ကလက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်နေတာကြောင့် PDF တွေဟာ အနားမကပ်နိုင်ခဲ့ပါဘူး။

PDF တွေအနားမကပ်နိုင်သလို တပ်ရင်း ၃ စခန်းကိုဝင်စီးထားတဲ့စစ်တပ်လည်း ထွက်ခွင့်မရဘဲ စခန်းထဲမှာပဲ ပိတ်မိနေခဲ့ တယ်။ PDF နဲ့ CNDFတပ်က ဖမ်းဆီးထားတဲ့ရဲဘော်တွေကို ပြန်လွတ်ပေးရင်လမ်းဖွင့်ပေးမယ်လို့ညှိပေမယ့် စစ်တပ်က မလိုက်လျောတဲ့အတွက် တိုက်ပွဲထပ်ဖြစ်ကြပြန်ပါတယ်။

“ဖမ်းခံထားရတဲ့အထဲက မိန်းကလေးတယောက်ဖုန်းကိုဆက်ကြည့်တော့ သူတို့အကြီးအကဲထင်တယ်။ သူဖုန်းကိုင်ပြီး သူတို့သွားခွင့်ပေး။ မပစ်ရဘူး။ ပစ်ရင်ဖမ်းထားတဲ့အမျိုးသမီးတွေကို သတ်မယ်လို့ပြောပြီး ဖုန်းချသွားတယ်။ ထပ်ခေါ်တော့ မကိုင်တော့ဘူး”လို့ ကလေး PDFက ဆိုပါတယ်။

စခန်းထဲမှာပိတ်မိနေတဲ့စစ်တပ်ကို ဝိုင်းထားတဲ့PDFတပ်တွေက ပိတ်မိနေတဲ့စစ်တပ်ကိုကူဖို့လာတဲ့စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ပေမယ့် လက်နက်အင်အားမမျှတာကြောင့် PDFတွေဟာ အပြန်အလှန်ပစ်ခတ်ရင်းနဲ့ ဆုတ်ခွာခဲ့ရပြန်ပါတယ်။

ကလေး PDFက“ကျနော်တို့ထွက်ပြေးလွှတ်မြောက်သွားခဲ့ပေမယ့် အဖမ်းခံရသူတွေကိုကယ်ထုတ်နိုင်ဖို့ အများကြီးကြိုးစား ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့မှာလက်နက်အင်အားမမျှလို့ လက်လျော့လိုက်ရတယ်။ လူအင်အားမှာတော့ ကျနော်တို့ က သာပါတယ်”လို့ အားတက်သရောပြောပါတယ်။

ဆေးတပ်သားအမျိုးသမီးတွေဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်တပ်က ရှစ်ယောက်ပဲဖမ်းမိတဲ့သဘောမျိုး ဓါတ်ပုံတွေ တင် ထားတဲ့အတွက် တယောက်လိုနေတာကြောင့် စစ်တပ်ထုတ်လာမယ့်သတင်းတွေနဲ့ နယ်မြေသတင်းတွေ နားစွင့်ရင်း ရင်တထိတ်ထိတ်နဲ့ PDF တွေမျက်ခြေမပြတ်စောင့်ကြည့်ခဲ့ကြရတယ်။

နောက်ပိုင်းမှ ကလေးစစ်ကြောရေးစခန်းကို အမျိုးသမီး ကိုးယောက်လုံးရောက်သွားပြီလို့ကြားသိခဲ့ရတာဖြစ်တယ်။
နိုဝင်ဘာ ၁၈ ရက်မှာတော့ စစ်တပ်က ဆေးတပ်သား ကိုးယောက်ကို တခြားရွာဘက်ရွှေ့ပြောင်းခေါ်သွားတဲ့အတွက် PDF အဖွဲ့တွေဟာ စခန်းဟောင်းပြန်လာရှင်းလင်းတဲ့အခါမှာ ချင်းချင်းနဲ့တပ်သားနှစ်ယောက်ရဲ့အလောင်းတွေကို တွေ့ခဲ့တာ ဖြစ်တယ်။

“အလောင်းတွေစောင်နဲ့အုပ်ထားတယ်။ သူတို့ကိုရိုက်ထားတဲ့ဒဏ်ရာတော့ မတွေ့ဘူး။ သေနတ်ဒဏ်ရာနဲ့ပဲဆုံးတာမို့ ကျနော်တို့လည်း ချက်ခြင်းပဲမြေမြုပ်လိုက်တယ်”လို့ ကလေး PDFက ပြောပါတယ်။

ချင်းချင်းတို့မြုပ်နှံထားတဲ့မြေပုံရှေ့မှာ သူတို့ပေးဆပ်မှုအတွက် အချည်းအနှီးမဖြစ်စေရပါ။ လူသတ်အကြမ်းဖက်စစ်ကောင်စီ နဲ့တကွ စစ်အာဏာရှင်ကို အမြစ်လှန်ချေမှုန်းဖို့အတွက် ကလေး PDFက အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ တိုင်တည် သစ္စာပြုခဲ့ကြတယ်။

ချင်းချင်းဟာ ယခင်ကတည်းက ပရဟိတကိစ္စ၊ ဘုရားကျောင်းကိစ္စတွေနဲ့ အပြင်မှာပဲနေသူဖြစ်တာမို့ ကလေး PDF တပ်ဖွဲ့ ထဲဝင်ရောက်သွားတာကို မသိတဲ့မိဘတွေဟာ သမီးရဲ့ နောက်ဆုံးအချိန်ကိုပါ မြင်တွေ့ခွင့်မရခဲ့ပါဘူး။

“ကျနော်တို့လည်း သူ့သူငယ်ချင်းအိမ်မှာပဲရှိနေတယ်လို့ထင်ထားတာ။ နှစ်ပတ်လောက်ကြာတော့သူဖုန်းဆက်မှ အဲဒီထဲ ရောက်နေတာသိတာ။ ကျနော်တို့ကအန္တရာယ်များလို့ပြန်လာဖို့ခေါ်တော့ သူကခဏပဲသွားတာ။ သမီးက ဆေးပညာကို သင်တန်းပေးရုံပဲ။ ဟိုမှာမကျန်းမာတဲ့သူတွေကို ခွဲစိတ်ပေးပြီးပြန်လာမယ်လို့ပြောတာ”လို့ ချင်းချင်းရဲ့ဖခင်က ရှင်းပြပါ တယ်။

သူ့အနေနဲ့ စခန်းသိမ်းတယ်ကြားကတည်းက ချင်းချင်းရဲ့သူငယ်ချင်းတွေဆီဖုန်းဆက်၊ ချင်းချင်းဆီလည်း ဖုန်းဆက်ခဲ့ ပေမယ့် ဖုန်းတွေမကိုင်ကြတဲ့အတွက် ဖခင်တယောက်အနေနဲ့ လွန်စွာစိုးရိမ်ပူပန်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ချင်းချင်းရဲ့ဖခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့အလောင်းကို မြင်တွေ့ခွင့်မရသလို သူတို့ရဲ့ဘာသာဓလေ့ထုံးစံအရ ဘုရားရှေ့မှာ ဆုတောင်းမှုလုပ်ပြီးမှ ဂူသွင်းသဂြိုလ်လိုပေမယ့် လုပ်ခွင့်မရတဲ့အပေါ်သူအတော်လေး စိတ်မကောင်းဖြစ်နေပုံရပါတယ်။

ဒါ့အပြင် ချင်းချင်းဟာ မောင်နှမလေးယောက်ထဲမှာ ဒုတိယသမီးဖြစ်ပြီး သမီးတယောက်ဆိုပေမယ့် သားတွေလိုအားကိုးရ တာကြောင့် မိဘတွေအနေနဲ့ ယနေ့ထိတိုင် ဖြေမဆည်နိုင်အောင်သောကရောက်နေကြရတယ်။

အဲဒီနေ့မှာ မသေဘဲအဖမ်းခံနေရတဲ့ချင်းချင်းရဲ့စိတ်တူကိုယ်တူသူငယ်ချင်း ဒေစီကလည်း ကိုဗစ်ကာလမှာ ဆေးပညာသင် ရင်း ပရဟိတတွေလိုက်လုပ်ပေးနေသူဖြစ်ပါတယ်။

ဆေးတပ်သားဒေစီဟာ လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အသက် ၂၅ နှစ် ပြည့်မှာဖြစ်ပြီး မောင်နှမ ငါးယောက်ထဲမှာ တစ်ဦးထဲသော မိန်းကလေးဖြစ်တာမို့ အကိုတွေရဲ့ချစ်ခြင်းကိုအပြည့်အဝရထားသူတယောက်ပါ။

ဒေစီရဲ့အကိုဖြစ်သူက“သူတို့က ဆေးဝန်ထမ်းတွေတော့မဟုတ်ကြဘူး။ ကိုဗစ်ကာလမှာ ဆရာဝန်တွေဆီကနေသင်ယူခဲ့ တာ။ အဲဒါကိုသူတို့က ပြန်သင်ပေးနေတာ။ သူတို့သွားတာကျနော်မသိဘူး။ ကလေးဝဘက်မှာ ကိုဗစ်အတွက်ကူညီပေးဖို့ စီစဉ်နေရင်း PDF ထဲရောက်သွားတာ”လို့ ဆိုပါတယ်။

မောင်နှမ ငါးယောက်မှာ သုံးယောက်က အိမ်ထောင်သည်တွေဖြစ်ပြီး အလုပ်ကိစ္စနဲ့နယ်မြို့တွေမှာ နေထိုင်ကြပေမယ့် ဒေစီ ကတော့ ကလေးမြို့မှာကျန်ရစ်တဲ့အကို၊ မိဘနှစ်ပါးနဲ့အတူနေထိုင်ခဲ့တာဖြစ်ပါတယ်။

ကိုှဗစ်ကူညီရေးလုပ်ငန်းတွေ ဒေစီလုပ်နေပေမယ့် ကိုဗစ်တတိယလှိုင်းမှာတော့ ဒေစီရဲ့မိခင်ဟာ နှလုံးသွေးကြောပိတ် ရော ဂါနဲ့ ဆုံးပါးသွားခဲ့ရတယ်။ မိခင်ရဲ့နာရေးကို ချင်းချင်းနဲ့အတူလုပ်ကိုင်ပေးနေကတည်းက သူတို့နှစ်ယောက် PDFထဲဝင်ဖို့ ဆုံးဖြတ်ထားကြပုံရပါတယ်။

ဒေစီအကိုက“သူက ဆန္ဒပြရာမှာလည်းထွက်တာကျနော်မတွေ့ဘူး။ ဒါမဲ့သူက ပရဟိတအလုပ်ရှိတော့ နှစ်ပတ်လောက် ပျောက်နေတတ်တယ်။ သူဆက်သွယ်လာမှပဲသိရတာ။ သူတို့ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုတာ ဘယ်တော့မှမပြော ဘူး”လို့ ပြောပါတယ်။

ဒေစီအဖမ်းခံလိုက်တယ်လို့ သိလိုက်ရတော့ အကိုဖြစ်သူအနေနဲ့ တစ်ဦးထဲသောညီမဖြစ်တာမို့ အတော်လေးကိုထိတ်လန့် သွားခဲ့ရပြီး ညီမဖြစ်သူရဲ့သတင်းကို နေ့စဉ်နားစွင့်နေခဲ့ရပါတယ်။ ဒါ့အပြင် ဒေစီအဖမ်းခံရစဉ်က ဒဏ်ရာရခဲ့လား။ ဒီဒဏ်ရာ တွေကောင်းသွားပြီလားဆိုတာကိုလည်း ဘာမှမသိရတဲ့အတွက် အကိုဖြစ်သူက စိတ်ပူနေတာဖြစ်တယ်။

ဒေစီအပါအဝင် အဖမ်းခံရတဲ့ဆေးတပ်သား အမျိုးသမီး ကိုးယောက်ဟာ ကလေးမြို့စစ်ကြောရေးစခန်းမှာ သုံးညနေခဲ့ရပြီး နောက် တပတ်အကြာမှာ ကလေးအကျဉ်းထောင်ကို ပို့လိုက်ပြီဆိုတဲ့သတင်းကို ကြားခဲ့ရတာဖြစ်တယ်။

“ ကျနော်ကို သူတို့ဘက်ပစ္စည်းမှာတာရှိတယ်။ အဲဒါနဲ့ကျနော်က ပြီးခဲ့တဲ့စနေနေ့က ထောင်ဝင်စာသွားပို့တော့ လက်ခံ လိုက်တယ်ဆိုတော့မှ ထောင်ထဲရောက်နေမှန်းသိတာ။ လူချင်းမတွေ့ရသေးတော့ စိုးရိမ်မှုကအမြဲရှိနေတယ်”လို့ ဒေစီရဲ့ အကိုက ပြောပါတယ်။

ကလေးအကျဉ်းထောင်က ၁၄ ရက်တခါ ထောင်ဝင်စာပို့ခွင့်ရှိပြီး ပို့လိုတဲ့ပစ္စည်းတွေကိုလည်း အကန့်အသတ်နဲ့သာ ပို့ခွင့်ရ ကြတယ်။ သူတို့တွေဟာ လက်ရှိအချိန်ထိမိသားစုနဲ့တွေ့ခွင့်မရသေးသလို ဘယ်လိုပုဒ်မတွေနဲ့အရေးယူမယ်ဆိုတာလည်း တိကျစွာသိခွင့်မရသေးလို့ မိသားစုတွေအနေနဲ့စိတ်မအေးနိုင်ဖြစ်နေကြပါတယ်။

အခုလိုဆေးတပ်သားအမျိုးသမီးတွေဖမ်းဆီးတာ၊ ဓါးစာခံအဖြစ်အသုံးပြုတာ၊ ညှင်းဆဲသတ်ဖြတ်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအရေးတက်ကြွလှုပ်ရှားနေသူတွေနဲ့ အရပ်သားပြည်သူတွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်အပေါ် အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ဒေစီတို့လိုအမျိုးသမီးအများစုဟာ တိုက်ပွဲတွေမလိုက်ရဘဲ ကလေး PDFတပ်ရင်းမှာ ထမင်းချက်၊ ဆေးပညာသင်ယူကြရ ပြီး တိုင်းပြည်အတွက် တဒေါင့်တနေရာကနေ တတ်နိုင်တဲ့စွမ်းအားနဲ့ ပါဝင်နေကြတာဖြစ်တယ်။

ဒီဆေးတပ်သားအမျိုးသမီး ကိုးယောက်အဖမ်းခံရချိန်မှာတော့ လူမူကွန်ယက်အပေါ်ပျံနှံလာတဲ့ဓါတ်ပုံတွေမြင်တွေ့တဲ့ ပြည်သူတွေဟာ သူတို့ရဲ့စူးရှတောက်ပနေတဲ့မျက်ဝန်းတွေက စိတ်ဓါတ်ခိုင်မာပြီး ရဲရင့်တဲ့အမျိုးသမီးတွေလို့ ချီးကျူးဂုဏ်ပြု ခဲ့ကြတယ်။

ဒေစီရဲ့အကိုကလည်း ညီမဖြစ်သူရဲ့ဆုံးဖြတ်ချက်၊ ရဲရင့်မှုအပေါ်ဂုဏ်ယူသလို ညီမနဲ့ဖမ်းဆီးခံရသူအားလုံး ကျန်းကျန်းမာ မာနဲ့ အမြန်ဆုံးပြန်လွှတ်လာဖို့သာ တောင်းဆုပြုနေပါတော့တယ်။ သူကညီမဖြစ်သူအဖမ်းခံရတာနဲ့ပတ်သက်လို့ အခုလိုပဲ ဝမ်းနည်းစကားဆိုလိုက်ပါတယ်။

“ခရစ္စမတ်နေ့မှာ မိဘမရှိတဲ့ကြားက ညီမပါမရှိ၊ လူမစုံတာတော့ စိတ်မကောင်းဘူးပေါ့”

Author:

Related Articles