Home ဆောင်းပါး “ဂုဏ်သိက္ခာပိုင်းဆိုင်ရာတိုက်ခိုက်ခံရပေမယ့် တော်လှန်ရေးကြီးက အားလျော့မသွားဘူး”

“ဂုဏ်သိက္ခာပိုင်းဆိုင်ရာတိုက်ခိုက်ခံရပေမယ့် တော်လှန်ရေးကြီးက အားလျော့မသွားဘူး”

Honest Information (HI)

ပြောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သေနတ်ကိုယ်စီကိုယ်ထားတဲ့ အမျိုးသမီးတွေရဲ့ ပုံရိပ်တွေကို အခုရက်ပိုင်း လူမှုကွန် ရက်ပေါ်မှာ ခပ်စိပ်စိပ်မြင်လာကြရမှာပါ။ မြန်မာနိုင်ငံအဝန်း ဒေသအသီးသီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ စစ်ပညာသင်ကြားနေတဲ့အမျိုးသမီးတွေရဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာမှာ အမျိုးသမီးတွေဟာရှေ့တန်းက ပါဝင်ခဲ့ကြသလို လက်နက်ကိုင်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ စစ်ပညာသင်ကြားရာမှာလည်း အမျိုးသမီးတွေရဲ့ ခြေလှမ်းကနောက်ကျမကျန်ခဲ့ပါဘူး။

ကတိကဆရာမ၊ CDM ရဲမေ၊ အနုပညာရှင် မင်းသမီး၊ အဆိုတော်၊ သူနာပြု စတဲ့နယ်ပယ်အသီးသီးကအမျိုးသမီးတွေဟာ သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ပါဝင်လာကြတာကို မျက်ဝါးထင်ထင်မြင်တွေ့နေရပါပြီ။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှာတော့ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေကလည်း ရှေ့တန်းက စစ်ရေး လေ့ကျင့်မှုအပိုင်းတွေကအစ၊ ပံ့ပိုးမှုအပိုင်းတွေမှာလည်း နောက်တန်းကနေဆေးကုတာအပြင် ရုံးလုပ်ငန်းတွေစီမံတာ၊ ချက်ပြုတ်ရေးစတဲ့နေရာတွေထိအဆုံးပါဝင်နေကြတာကိုတွေ့ရပါတယ်။

ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့သွက်လက်ဟန်ရှိတဲ့ အသက် ၂၄နှစ်အရွယ် မသော်တာ(အမည်လွှဲ)တစ်ယောက် စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကစပြီးတော့လမ်းပေါ်က ဆန္ဒပြပွဲတွေမှာ ရှေ့တန်းကပါဝင်ခဲ့ပါတယ်။

အဲ့ဒီနောက်စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာကြောင့် လူငယ်တွေဟာ လက်နက် ကိုင်တိုက်ပွဲဝင်ဖို့ နည်းလမ်းကိုရွေးချယ်ခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ မသော်တာတစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။

မသော်တာဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကိုဆောင်ရွက်တဲ့အခါမှာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဖမ်းဆီး မခံရအောင် ထွက်ပြေးတိမ်းရှောင်နေရတာ၊ တောထဲမှာ စစ်ရေးလေ့ကျင့်တဲ့အခါကြုံတွေ့ရတဲ့ ပင်ပန်းမှုတွေစတာတွေကို တော်လှန်ရေးစိတ်တစ်ခုထဲနဲ့ ရင်ဆိုင်နိုင်ခဲ့ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တဲ့ မသော်တာကို မိသားစုကအစွမ်းကုန်ပံ့ပိုးပေးတဲ့အတွက် တော်လှန်ရေးကိုစိတ်ဖြောင့်ဖြောင့် လုပ်နိုင်ခဲ့ပေမယ့် မလိုသူတွေရဲ့ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ ဝေဖန်ပြောဆိုမှုတွေကတော့ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါ တယ်။ မလိုသူတွေဟာ မသော်တာရဲ့ နိုင်ငံရေးရပ်တည်ချက်၊ ယုံကြည်ချက်နဲ့မဆိုင်တဲ့ ဘဝနေထိုင်မှုပုံစံတွေ၊ အလုပ် အကိုင်တွေကို ဝေဖန်ပြောဆိုတာမျိုးတွေကို ပြုလုပ်ကြပါတယ်။

“ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်နေတဲ့အခါမျိုးမှာ မလိုတဲ့အသိုင်းအဝိုင်းမလိုတဲ့သူတွေဆိုရင် ကိုယ့်ရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းရည် ကကောင်းပါလျှက်နဲ့ ကိုယ်ပိုင်ဘဝကကိစ္စတွေကို ဆွဲယူပြီးတိုက်ခိုက်တာတွေရှိပါတယ်။ ခံယူချက်တစ်ခုထဲကြောင့် ဒီတော် လှန်ရေးကိုလုပ်တယ်။ သူတို့တွေကတိုက်ခိုက်တဲ့အခါမျိုးမှာ အရင်ရှေ့ကကိစ္စတွေနဲ့ဆွဲယူခေါ်ပြီး တိုက်ခိုက်တာတွေရှိ တယ်။ ကိုယ့်ရဲ့ပါဆင်နယ်ကိစ္စတွေက တော်လှန်ရေးကိုဘာမှထိခိုက်တာမရှိဘဲနဲ့ ဆွဲပြီးတိုက်ခိုက်တာမျိုးတွေရှိတယ်” လို့ မသော်တာကသူ့အတွေ့အကြုံကိုဖွင့်ဟပါတယ်။

ခေတ်အဆက်ဆက်ကတည်းက အမျိုးသမီးတွေဟာ နိုင်ငံရေးမှာတစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်လိုက်ပြီ ဆိုတာ နဲ့ အမျိုးသမီးရဲ့ဂုဏ်သိက္ခာပိုင်းကိုထိခိုက်စေတဲ့ ဝေဖန်မှုတွေကိုကြုံတွေ့ခဲ့ကြရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် သူ့ရဲ့နိုင်ငံရေးရပ်တည်ချက်နဲ့ မဆိုင်တဲ့နိုင်ငံခြားသားကို လက်ထပ်ထားတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာတွေနဲ့ ဝေဖန် တိုက်ခိုက်လေ့ရှိကြပါတယ်။

အမျိုးသမီးကိုယ်စားလှယ်တွေ၊တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အမျိုးသမီးတွေဟာ သူတို့ရဲ့နိုင်ငံရေး ရပ်တည်ချက်၊ဆောင်ရွက်ချက်တွေအပေါ် ဝေဖန်တိုက်ခိုက်ခံရတာထက် သူတို့ရဲ့ကိုယ်ပိုင်ဘဝက ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ ယှဉ်တွဲပြီး ဝေဖန်တိုက်ခိုက်ခံကြရပါတယ်။ အများအားဖြင့်သူတို့ရဲ့ မိသားစုနောက်ခံတွေ၊ အိမ်ထောင်ရေးတွေကို အပုတ်ချ ပြောဆိုဖြန့်ဝေပြီး တိုက်ခိုက်ကြပါတယ်။

အခုနွေဦးတော်လှန်ရေးမှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်ပြောဆိုဝေဖန်မှုတွေ ပြုလုပ်လာကြတာတွေ့ရပါတယ်။

တော်လှန်ရေးမှာပါဝင်သူ အမျိုးသမီးအချို့ အရေးပေါ်ကိုယ်ဝန်တားဆေးဆောင်တာနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်ကြတာ၊ NUG ထောက်ခံသူအမျိုးသမီးတွေရဲ့ HD ခေါ် အမျိုးသားနဲ့ အတူနေစဉ်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ဖြန့်ချီတာစတဲ့ နည်းလမ်းတွေကို ပြုလုပ်လာကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းက စစ်ကောင်စီဘက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ PDF လူငယ်တွေဟာ Living Together နေတယ်။ ကိုယ်ဝန်ရှိနေတဲ့ PDF အမျိုးသမီးတွေရှိတယ်ဆိုပြီး အမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာကိုထိခိုက်စေတဲ့ အကြောင်း အရာတွေကို သတင်းစာရှင်းလင်းပွဲကတစ်ဆင့် လူသိရှင်ကြားထုတ်ဖော်ပြောဆိုတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။

ဒါဟာလူတစ်ဦးချင်းစီရဲ့ကိုယ်ပိုင်ဘဝကိစ္စတွေဖြစ်ပြီးတော့ တော်လှန်ရေးနဲ့မဆိုင်တဲ့ကိစ္စတွေကို ပြည်သူတွေအထင် လွဲမှား အောင် ယုံကြည်မှုလျှော့နည်းအောင်ဖန်တီးပြောဆိုမှု တစ်ခုသာဖြစ်တယ်လို့ မြေပြင်မှာလှုပ်ရှားနေတဲ့ အမျိုးသမီးတွေက တုန့်ပြန်ပါတယ်။

“ စစ်ကောင်စီဘက်ကဒီလိုပြောဆိုတာက နိုင်ငံရေးအရတစ်ဖက်ပြိုင်ဘက်ကို သူတို့အနေနဲ့အားနည်းချက်ရှာတဲ့အခါမှာ ဒီလိုမျိုးအချက်တွေကို ရှာပြီးတိုက်ခိုက်တယ်လို့မြင်ပါတယ်”လို့မသော်တာကသူ့အမြင်ကိုပြောပါတယ်။

သက်ဆိုင်ရာ EAO တွေဆီမှာစစ်ရေးလေ့ကျင့်မှုတွေလုပ်တဲ့အခါမှာ အမျိုးသား၊ အမျိုးသမီးအဆောင်တွေသီးသန့်ခွဲထားပြီး အိမ်ထောင်သည်တွေဆိုရင်လည်း အိမ်ထောင်သည်အဆောင်သီးသန့်ထားပေးထားကာ အိမ်ထောင်သည်တွေမှာ ကိုယ်ဝန် ရလာခဲ့ရင်တောင် ဆေးခန်းပြပေးတာတွေ ပြုလုပ်ပေးတယ်လို့မသော်တာကဆိုပါတယ်။

“ အမျိုးသမီးနဲ့အမျိုးသား တူတူနေကြတယ်။ ကိုယ်ဝန်ရှိသွားတယ်ဆိုတဲ့ကိစ္စဟာ တော်လှန်ရေးနဲ့မဆိုင်တဲ့ကိစ္စပါ၊ သူတို့ရဲ့ ပါဆင်နယ်ကိစ္စပါ။ သူတို့ဟာသူတို့အတူတူနေတယ်၊ သူတို့ကိုယ်ဝန်ရှိသွားကြတယ်ဆိုလည်း တော်လှန်ရေး ဆက်လုပ် နေကြတယ်။ တော်လှန်ရေးကို မထိခိုက်တဲ့ကိစ္စဖြစ်တယ်။”လို့မသော်တာက ဆက်ပြောပါတယ်။

အိမ်ထောင်ရှိတာ၊ ကိုယ်ဝန်ရှိတာစတဲ့ အကြောင်းအရာတွေဟာ လူသားဖြစ်လာပြီဆိုတာနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေ ဖြစ်ပြီး ဒီအကြောင်းအရာတွေအပေါ်မှာ နိုင်ငံရေးပြိုင်ဘက်အပေါ်အခုလိုဂုဏ်သိက္ခာထိခိုက်အောင်ဝေဖန်တဲ့ နည်းလမ်း တွေသုံးပြီး တိုက်ခိုက်လာတာဖြစ်တယ်လို့ မသော်တာကဆိုပါတယ်။

Photo: PDF (Dawei) page

လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ တောထဲမှာစစ်သင်တန်းတက်ရောက်နေပြီး တော်လှန်ရေးမှာပါဝင်နေတဲ့ မသူသူ(အမည်လွဲ) လည်း ဂုဏ်သိက္ခာပိုင်းဆိုင်ရာအကြောင်းအရာတွေနဲ့ တိုက်ခိုက်ခံရဖူးတယ်လို့ဆိုပါတယ်။

“ အမကိုတိုက်ခိုက်တာ အမမိဘအသိုင်းအဝိုင်းကပိုခံစားနေရတယ်။ အဖေ့အရှေ့မှာတောင် အမနဲ့ပတ်သက်ပြီး မကြားဝံ့ မနာသာစကားတွေနဲ့ပြောဆိုတာခံခဲ့ရဖူးတယ်။အခုလက်ရှိလည်းပြောဆို တိုက်ခိုက်ခံနေရတုန်းပဲ”လို့မသူသူကဆိုပါတယ်။

တောထဲမှာစစ်သင်တန်းတက်ရောက်နေတဲ့ မသီသီ(အမည်လွှဲ)ကတော့ “ကိုယ်တိုင်ဒီလိုဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး တိုက်ခိုက်ခံရတာတော့မရှိဘူး။ ရှိလာရင်လည်း အဲ့အရာတွေကို ဂရုစိုက်မှာမဟုတ်ဘူး” လို့ သူကခိုင်မာစွာဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေဟာရှေ့တန်းကပါဝင်ခဲ့ကြပါတယ်။တော်လှန်ရေးမှာပါဝင်တဲ့အတွက် အသက်ပေး သွားကြတဲ့ အမျိုးသမီးသူရဲကောင်းတွေ များစွာရှိသလိုဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေလည်းမနည်းပါဘူး။

မသော်တာက “တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေတော်တော်များများက အရင်နိုင်ငံပုံစံမျိုးကိုမကြိုက်လို့ ပိုပြီး ကောင်းမွန်တဲ့နိုင်ငံကိုဖြစ်ဖို့ ပါဝင်နေကြတာပါ”လို့ဆိုပါတယ်။

သို့သော်လည်းတော်လှန်ရေးမှာအမျိုးသမီးတွေရဲ့ပါဝင်မှုက တစ်ထောင့်တစ်နေရာကအားဖြစ်စေခဲ့တဲ့အတွက် တော်လှန် ရေးမှာ အားလျော့ဖို့ အမျိုးသမီးတွေကို ဂုဏ်သိက္ခာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တဲ့အခါမှာဆိုရင်လည်း စစ်ကောင်စီဟာ “အိမ်ရာ တိုက်ခန်းတွင် သီးသန့် နှစ်ဦးတည်း အတူတစ်ကွနေထိုင်ကာ”၊ “အတူနေသည့်အမျိုးသမီးတစ်ဦးအားဖမ်းဆီးရမိ” စတဲ့ အမျိုးသမီးတွေရဲ့ ပုဂ္ဂိုလ်ရေး ကိုထိခိုက်စေတဲ့ အသုံးအနှုန်းတွေသုံးကာ သတင်းထုတ်ပြန်တာကိုလည်းတွေ့ရပါတယ်။

စစ်ကောင်စီထောက်ခံသူအချို့ကလည်း လူငယ်ကျောင်းသားတွေ အတူတကွ ဖမ်းဆီးခံရတဲ့သတင်းတွေအပေါ်မှာလည်း ယောကျာ်းလေး၊ မိန်းကလေးဘာလို့အတူတူစုနေသလဲဆိုတဲ့ အမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာထိပါးစေတဲ့ ဝေဖန်မှုတွေကို လည်းပြုလုပ်ခဲ့ကြပါတယ်။

မြေပြင်မှာလှုပ်ရှားနေသူတွေဟာကျား၊မခွဲခြားတာမျိုးမရှိတဲ့အပြင် တော်လှန်ရေးမောင်နှမတွေကိုသဘောထားပြီး အပြန် အလှန် ကူညီစောင့်ရှောက်ကြတယ်လို့ နိုင်ငံရေးလှုပ်ရှားသူမှုတွေပြုလုပ်နေတဲ့ ကျောင်းသူတစ်ဦးဖြစ်တဲ့ မသီရီကပြော ပါ တယ်။

“ အမျိုးသမီးတွေကိုထိခိုက်စော်ကားတဲ့ စကားလုံးတွေနဲ့ဝေဖန်ကြတာဟာ ဝေဖန်နေတဲ့သူတွေရဲ့စိတ်ထဲမှာ အမျိုးသမီး တွေကိုနှိမ့်ချချင်တဲ့ စိတ်ရှိနေတာကြောင့်”လို့မသီရီကဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးနယ်မြေမှာစစ်သင်တန်းတက်နေတဲ့ အလှမယ်ထားထက်ထက်ကိုလည်း ဂုဏ်သိက္ခာကျစေတဲ့ ရည် ရွယ်ချက်နဲ့သတင်းအတု ဖြန့်ဝေမှုတွေကို စစ်ကောင်စီထောက်ခံသူတစ်ချို့ကဖြန့်ဝေခဲ့ပါသေးတယ်။

(၄၄)လမ်းကတိုက်ခန်းတစ်ခုမှာ စစ်ကောင်စီဝင်ရောက်ဖမ်းဆီးချိန်မှာလည်း တိုက်ပေါ်ကခုန်ချခဲ့တဲ့ မဝေဝေမြင့်(ခေါ်) မပန်းသီးကိုလည်း သူ့ရဲ့နိုင်ငံရေးရပ်တည်ချက်နဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဝေဖန်ပြောဆိုမှုတွေကို စစ်ကောင်စီထောက်ခံ သူတွေက ဖြန့်ဝေခဲ့ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ အမျိုးသမီးတွေကို ဒီလိုဂုဏ်သိက္ခာပိုင်းဆိုင်ရာထိပါးအောင် ဝေဖန်ပြောဆိုတာတွေက အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပြီး တော်လှန်ရေးဘက်မှာအားလျော့သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ကြတာဖြစ်တယ်လို့ မြေပြင်မှာလှုပ်ရှားနေတဲ့ အမျိုးသမီးတွေကဆိုပါတယ်။

အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်လေးက “စစ်ကောင်စီအနေနဲ့ တော်လှန်ရေးမှာပါဝင်နေသူတွေကို နည်း ပေါင်းစုံနဲ့ သိက္ခာချဖို့ကြိုးစားမှာဖြစ်ပြီး အခုတော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်မှုကအားကောင်းတဲ့အတွက် မျိုးဆက် သစ် အမျိုးသမီးတွေပါဝင်လာမှုကို အဟန့်အတားဖြစ်အောင်၊ မိသားစုဝင်တွေကိုအရှက်ရအောင်၊ နောက်ထပ် အမျိုး သမီးငယ်တွေ ဆက်ပြီးမပါလာနိုင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်”လို့ မှတ်ချက်ပြုပါတယ်။

“ အမျိုးသမီးဆိုရင်တစ်ဆင့်နိမ့်ပြီးစဉ်းစားတဲ့၊ လိင်ပိုင်းဆိုင်ရာကိုပဲအာရုံထားတဲ့၊ ဓလေ့တွေအစွဲတွေ အကျင့်တွေကို ဒီနွေဦးတော်လှန်ရေးမှာ အာဏာရှင်နဲ့အတူတိုက်ထုတ်ဖို့လိုအပ်တယ်လို့” ဒေါ်ခင်လေးကပြောပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်ခံသူတွေကဘက်က နိုင်ငံရေးလှုပ်ရှားမှုဆောင်ရွက်တဲ့အမျိုးသမီးတွေကို ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာထိုးနှက်မှုတွေကို ရည်ရည်ချက်ရှိရှိလုပ်ဆောင်နေပေမယ့်လည်း တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက မလျော့သွားဘူး။

CDM အဖြစ်နဲ့ ပြည်သူဘက်မှ ရပ်တည်ခဲ့ပြီး ကရင်နီတပ်မတော် ဗဟိုစစ်ရေးလေ့ကျင့်ရေးကျောင်းမှာ အခြေခံစစ် သင် တန်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ နော်အယ်စိုးမူးရဲ့ပုံတွေကို မကြာမီရက်ပိုင်းတွေက တွေ့ကြ ရမှာပါ။ အောက်တိုဘာလ ၉ ရက်က ပြုလုပ်ခဲ့တဲ့ ကရင်နီတပ်မတော် အပတ်စဉ် ၇၁ အခြေခံစစ် သင်တန်း ဆင်းပွဲမှာ ကရင်နီတပ်မတော် အရာရှိကြီးများက သင်တန်းဆင်းရဲဘော်များအား စစ်ဆေးနေစဉ်မှာ ရဲမေနော်အယ်စိုးမူး က ရှေ့ဆုံး ကနေ ဦးဆောင်လာတာပါ။

“သူတို့ဒီလိုမျိုးနဲ့ဒီနည်းနဲ့တိုက်ခိုက်နေပေမယ့်လည်း အမျိုးသမီးသူရဲကောင်းတွေအများကြီးရှိနေသေးတယ်။ အများကြီး ရှိနေသေးတယ်ဆိုတော့ သူတို့ရဲ့စိတ်ဓာတ်စစ်ဆင်ရေး မအောင်မြင်ဘူးလို့ပဲပြောချင်ပါတယ်” လို့ မသူသူက ခိုင်မာစွာ ဆိုပါတော့တယ်။

မည်သို့ဆိုစေ တော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်မှုကလျော့ပါးမသွားတဲ့အပြင် အမျိုးသမီးတွေရဲ့ ပါဝင်မှု၊တာဝန်ကျေမှု၊ ရဲစွမ်း သတ္တိရှိမှုတွေဟာ သမိုင်းမှတ်တမ်းအဖြစ် စွဲထင်ကျန်နေတော့မှာပဲဖြစ်ပါတော့တယ်။

(မိမိတို့ အမျိုးသမီးသတင်းဌာနအနေဖြင့် အကြမ်းဖက်မှုများနှင့် အကြမ်းဖက်သည့် မည်သည့်လုပ်ရပ်များကိုမှ လက်မခံပါ။ သို့သော် ယခုဆောင်းပါးသည် စစ်အာဏာရှင်ကျဆုံးရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် လက်နက် ကိုင်တော်လှန်ရေးတိုက်ပွဲများတွင် အမျိုးသားများနည်းတူ အခက်အခဲပေါင်းများစွာများကြားမှ စွမ်းစွမ်းတမံပါဝင်နေသော အမျိုးသမီးများ၏ ပေးဆပ်မှုနှင့် ပါဝင်မှုများကိုအသိအမှတ်ပြု ဂုဏ်ပြုရေးသားခြင်းဖြစ်ပါသည်)

Related Articles