Home ဆောင်းပါး ကိုဗစ်ကာလကို ခက်ခဲစွာ ဖြတ်သန်းနေကြရသည့် စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ

ကိုဗစ်ကာလကို ခက်ခဲစွာ ဖြတ်သန်းနေကြရသည့် စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ

ကံညွှန့် (ရခိုင်)။ ။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင် မယဉ်ဦး တစ်ယောက် မွေးဖွားရန် နီးလာပြီ ဖြစ်သည့် သူ့ရင်သွေးအတွက် ကျန်းမာစွာမွေးဖွားနိုင်ရေး ပူပင်လျက်ရှိနေသည်။

“ကိုဗစ်ကာလမှာ ကျမတို့ကိုယ်ဝန်ဆောင်တွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပိုလို့ဝေးသွားခဲ့ပြီ။ ရောဂါကို ခုခံဖို့ အတွက် ကိုယ်ခံအားကောင်းဖို့ လိုတယ်ဆိုပေမယ့် အသားငါးတွေ ဝယ်စားဖို့အတွက်ကျတော့လည်း ပိုက်ဆံမှမရှိကြတာ။ ကျမ နေမကောင်းရင် ဗိုက်ထဲကကလေးပါထိခိုက်သွားနိုင်တဲ့အတွက် ကလေးမွေးဖို့ကိစ္စကို တွေးရင် ငိုချင်တယ်။” ဟု မယဉ်ဦးကပြောသည်။

ကိုဗစ်ကာလတွင် အကျပ်အတည်းရင်ဆိုင်နေရသူများထဲတွင် စစ်ဘေးဒုက္ခသည်စခန်းတွင် နေထိုင်နေကြရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ပါဝင်သည်ဟုဆိုလျင် မှားမည် မဟုတ်ပါ။ ဆေးခန်းသို့ သွားရန် ငွေကြေးမရှိခြင်း၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းက ရင်မောစရာများပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ မိခင်နှင့်ကလေးပါ ကျန်းမာစေရန် အာဟာရပြည့်ဝသော အစားအသောက်များကို စားသောက်ရမည်ဖြစ်သော်လည်း ကိုဗစ်ကာလတွင် ငွေကြေးမတတ်နိုင်ခြင်း၊အသွားအလာကန့်သတ်ထားခြင်းတို့ကြောင့် ဝယ်ယူစားနိုင်ခြင်းမရှိကြပေ။

ကိုဗစ်ကာလတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အနေဖြင့် ကလေးမွေးဖွားရန်အတွက် ငွေကြေးအခက်အခဲအပြင် တခြားလိုအပ်ချက် များလည်းရှိနေကြခြင်းဖြစ်သည်။

လက်ရှိတွင် ကိုဗစ်မှာ စစ်ဘေးရှောင်စခန်းများထိ ကိုဗစ်ကူးစက်မှုရှိလာခဲ့ပြီဖြစ်သည်။ ယင်း အတွက် စစ်ရှောင်စခန်းတွင် နေထိုင်ကြသည့် ကိုယ်ဝန်ဆောင်များအဖို့ ပိုမိုစိုးရိမ်ထိတ်လန့်စရာ အခြေအနေဖြစ်လာခဲ့သည်။

လူဦးရေ ၁၃၅၁ ဦးနှင့် အိမ်ထောင်စု ၃၃၃ စုနေထိုင်လျက်ရှိနေသည့် ဘူးသီးတောင်မြို့ရှိ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတွင် လစေ့ကိုယ်ဝန်ဆောင်တစ်ဦးထံ၌ သြဂုတ်လ ၃ ရက်နေ့ နေ့လယ်က ကိုဗစ်ပိုးတွေ့ရှိခဲ့ပြန်သည်။

အဆိုပါအမျိုးသမီးမှာ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှ ဖြစ်ပြီး လမ်းမစစ်ဘေးရှောင်စခန်းတွင် ကလေးမီးဖွားရန်အတွက် ယာယီလာရောက်ခိုလှုံနေသည့် အသက်(၃၅)နှစ်အရွယ် ကိုယ်ဝန်လစေ့ရှိနေသူဖြစ်ကြောင်းလည်း စခန်းတာဝန်ရှိသူ ဦးဦးကျော်ဝင်းကပြောသည်။

ရခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင်များလည်း ပါဝင်နေသည်ကိုတွေ့ရသည်။ ကိုဗစ်တတိယလှိုင်း တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးခုမှ ကိုဗစ်အတည်ပြုလူနာ ကိုယ်ဝန်ဆောင်မိခင် ၅ ဦး သေဆုံးခဲ့ပြီဟု စုံစမ်းသိရှိရသည်။

ဇူလိုင် ၂၈ ရက်က မောင်တောမြို့နယ် သီဟိုဠ်ကျေးရွာက အသက် ၁၈ နှစ်အရွယ် မြိုအမျိုးသမီးတစ်ဦးမှာ မောင်တောပြည်သူ့ဆေးရုံ တွင် ကလေးမွေးဖွားပြီး
သေဆုံးခဲ့သည်။ အဆိုပါ အမျိုးသမီးအား ကိုဗစ်စစ်ဆေးသည့်အခါ ကိုဗစ်တွေ့ခဲ့ခြင်းလည်းဖြစ်ကြောင်း မောင်တောဆေးရုံအုပ်က အတည်ပြုထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်ကလည်း မင်းပြားမြို့ဆေးရုံကြီးတွင် အသက်၂၈ နှစ်အရွယ် ၅ လ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုဗစ်ဖြင့်သေဆုံးခဲ့သည်။
သေဆုံးသူမှာ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာတွင် နေထိုင်သူ ကိုယ်ဝန်(၅)လခန့် လွယ်ထားရသည့် အသက်(၂၈)နှစ် အမျိုးသမီးဖြစ်ပြီး သူမမှာ အသက်ရှူကြပ်ပြီး ဆေးရုံသို့ရောက်ရှိလာကာ တစ်နာရီအတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း ဆွေမျိုးများထံမှသိရသည်။

ဇူလိုင် ၂၈ ရက်က ပေါက်တောမြို့နယ် မြောက်ပြင်ကျေးရွာက အသက် ၃၁ နှစ်အရွယ် ကိုယ်ဝန် ၈ လလွယ်ထားရသူ အမျိုးသမီးတစ်ဦးမှာလည်း ကိုဗစ်ဖြင့်
စစ်တွေဆေးရုံ၌ သေဆုံးခဲ့ ကြောင်း နာရေးကူညီရေးအသင်း (စစ်တွေ) မှအတည်ပြုပြောသည်။

သြဂုတ်လ ၅ ရက်နေ့ ကလည်း ကျောက်ဖြူမြို့တွင် ကိုဗစ်ကူးစက်ခံထားရသော အသက် ၃၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မီးဖွားပြီးနောက် သေဆုံးသွားသည်ဟု ကျောက်ဖြူနာရေးကူညီမူအသင်းအဖွဲ့ မှသိရသည်။

ထပ်မံ၍ သြဂုတ်လ ၈ ရက်နေ့တွင် ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွားပြီးနောက် သေဆုံးသွားခဲ့ကြောင်း ရမ္မာမြီ အရေးပေါ်ရှေးဦးပြုစုခြင်းနဲ့ ပရဟိတလူမှုကူညီရေးအဖွဲ့မှသိရသည်။

ကိုဗစ်ကာလတွင် အပြင် မထွက်ရဘဲ အိမ်မှာ နေထိုင်ကြရမည် ဟု ဆိုထားသော်လည်း တဲအိမ်များ ပူးကပ် စွာ နေထိုင်ကြရသည့် စစ်ဘေးရှောင်စခန်းများတွင်
ခပ်ခွာခွာနေထိုင်ဖို့ဆိုသည်မှာ ထင်သလောက်မလွယ်ကူပါ။ သို့အတွက် လူဦးရေထောင်ချီရှိနေသည့် စစ်ဘေးရှောင်စခန်းများသို့ ကိုဗစ်ရောဂါ ကူးစက်လာလျှင် အလွန်ထိတ်လန့်စရာ အခြေအနေဖြစ်သွားနိုင်ပါသည်။

သို့ရာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် မြောက်ဦး မြို့နယ်ထဲက အိမ်ထောင်စု ၇၇၅ စုနှင့် လူဦးရေ ၃၉၀၀ ကျော်
ခိုလှုံနေထိုင်နေသည့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၇ ဦးတွေ့ရှိခဲ့သည်။ ယင်းသို့ ပိုးတွေ့သူရှိသဖြင့် စခန်းအား lock down လုပ်လိုက်ရသည်။

ကိုဗစ်းပိုးတွေ့လူနာများတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၆ ဦးပါဝင်ပြီး ယင်းအထဲတွင် အသက် ၁၁ နှစ်နှင့် ၁၅ နှစ်အရွယ်ကလေးငယ်နှစ်ဦးပါဝင်ခဲ့ကြောင်း စခန်းတာဝန်ခံ ကိုညီပုကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်းသေဆုံးမှုမြင့်တက်လာပြီး သြဂုတ် ၁၀ ရက်နေ့အထိ သေဆုံးသူ ၃၀၉ ဦးထိရှိပြီဖြစ် ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဩဂုတ်လ ၁၀ ရက်နေ့ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ်ပထမလှိုင်းနှင့်ဒုတိယလှိုင်းတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်ကြောင့် သေဆုံးသူ ၃၇ ဦးသာ ရှိခဲ့သော်လည်း တတိယလှိုင်းအတွင်း သေဆုံးသူဦးရေမှာ ၇ ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြသည့် စစ်ရှောင်စခန်းမှ ကိုယ်ဝန်ဆောင်များ

စစ်ဘေးရှောင်စခန်း အချို့တွင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းများလည်း ကိုဗစ်တတိယလှိုင်းဖြစ်ချိန်မှစ၍
မရောက်ရှိကြတော့သည့်အတွက် ကိုယ်ဝန်ဆောင်များအတွက် လိုအပ်သည့်ဆေးဝါးများ ပြတ်လပ်မှုကို ရင်ဆိုင်နေရပြီးကျန်းမာရေးစောင့်ရှောက်မှုမရှိသလို
ငွေကြေးမတတ်နိုင်သည့်အတွက်လည်း ဆေးဝါးမထိုးနိုင်ကြကြောင်း စစ်ဘေးရှောင်စခန်းများရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများက ပြောဆိုကြသည်။

စစ်ဘေးဒုက္ခသည်ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် မီးဖွားချိန်တွင် ငွေကြေးအခက်အခဲများ ကြုံတွေ့ရတတ်သည့်အတွက် စစ်ဘေးကြောင့် ဒဏ်ရာရသူများအပြင် စစ်ဘေးဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများ စစ်တွေဆေးရုံသို့တက်ရောက်နေလျင်လည်း ကူညီပေးခဲ့ရကြောင်း စစ်တွေဆေးရုံရောက် စစ်ဘေးသင့်လူနာများကူညီရေးအဖွဲ့က ကိုကျော်ထူးကပြောသည်။

ကျောက်ဖြူဆေးရုံတွင် ကိုဗစ်လူနာကိုယ်ဝန်ဆောင်တစ်ဦးအား မွေးလူနာဆောင်သို့ ပို့ဆောင်စဉ် (photo – ရမ္မာမြီ ပရဟိတကူညီရေးအဖွဲ့ )

“ကျနော်တို့အဖွဲ့က စစ်ဘေးကြောင့် ဒဏ်ရာရသွားတဲ့ ပြည်သူတွေ စစ်တွေဆေးရုံကိုရောက်လာလျင် အစစအရာရာ ကူညီပေးတယ်။ အဲဒီထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်းပါတယ်။ သူတို့ကကျတော့ ငွေကြေးကလည်းမတတ်နိုင်ကြဘူး။ ဆေးဝါးဝယ်ဖို့၊ ကလေးပစ္စည်းဝယ်ဖို့ ဘာမှ
မတတ်နိုင်ကြဘူး။ ဆိုတော့ လူနာနဲ့လူနာစောင့်တွေ စားသောက်ရေးအပြင် အင်္ကျီ၊ ထမိန် ၊ ကလေး အတွက် အိပ်ယာ ၊ခြင်ထောင် ၊ အနှီးက အစ လိုအပ်သမျှ
သူတို့ကိုလည်း ကလေး မွေးဖွားပြီးသည်အထိ ကျနော်တို့ ကူညီပေးခဲ့ရတာတွေရှိတယ်။ဒါ့အပြင် မွေးကင်းစကလေးငယ်နဲ့ စစ်ရှောင်စခန်းမှာ နေထိုင်ဖို့အဆင်မပြေရင်လည်း သူတို့အတွက် ယာယီနေဖို့ နေရာစီစဉ်ပေးခဲ့တာရှိတယ်။”ဟု ကိုကျော်ထူးကပြောသည်။

ကိုဗစ်ကာကွယ်ဆေးနှင့် စစ်ရှောင်စခန်းများ ရခိုင်ပြည်နယ်အတွက် ခွဲတမ်းရရှိသော တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ဆေး အလုံးရေ ၁ သိန်းခန့်ကို မြို့နယ်တချို့တွင် စတင်ထိုးပေးနေပြီဖြစ်ကြောင်း သိရသည်။

ဦးစားပေး(၁၁)မျိုးတွင် အသက်(၆၅)နှစ်နှင့်အထက်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဘိုးဘွားရိပ်သာများ၊ ရဟန်း သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဈေးဝန်ထမ်းများ ပါဝင်ကြောင်း ပြည်နယ်အစိုးရကထုတ်ပြန်ထားသည်။

သို့ရာတွင် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများမပါဝင်သေးပေ။ စစ်ဘေးရှောင်စခန်းများတွင် လူစုလူဝေးနှင့် နေထိုင်ရကြရသဖြင့် တစ်ဦးတွင်
ကူးစက်ခံရလျင် စခန်းရှိ ကိုယ်ဝန်ဆောင်များပါ ကူးစက်ခံရနိုင်ဖွယ်ရှိသဖြင့် စစ်ဘေးရှောင်တွေကို ကိုဗစ် ကာကွယ်ဆေး ဦးစားပေးထိုးသင့်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများတွင် လုံခြုံရေးအခက်အခဲကြောင့် ကိုဗစ်ဆေး သွားရောက်ထိုးပေးရန် ခက်ခဲမှုရှိနေပြီး လုံခြုံရေး အာမခံချက်
ပေးနိုင်မှ ကိုဗစ်ဆေးထိုးနှံ ပေးမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းက ရခိုင်အခြေစိုက် သတင်းဌာနဖြစ်သော နိရဥ္စရာသို့ ပြောဆိုခဲ့သည်။

ရိက္ခာလိုအပ်ချက် ရှိနေသည့် စစ်ရှောင်စခန်းများ

ပြီးခဲ့သည့် ၂ နှစ် တာကာလ ၌ ရခိုင်တွင် တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည့်အတွက် ပြည်သူလူထု ၂ သိန်းကျော် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြပြီး ပြီးခဲ့သည့် ၈ လလောက်ခန့်က စတင်ကာ တိုက်ပွဲများ ရပ်တန့်ခဲ့ သော်လည်း နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင် ခုနစ်သောင်းကျော်မှာ လက်ရှိအချိန်အထိ စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲပေါင်းများစွာဖြင့် ခိုလှုံနေကြရဆဲဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး ( REC) စာရင်းအရသိရသည်။

လက်ရှိ ကိုဗစ်ကာလတွင် စစ်ဘေးရှောင်စခန်းတချို့တွင် ဆန်အပါအဝင် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသလို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး
ပစ္စည်းများဖြစ်သည့် (Mask) နှာခေါင်းစည်း၊ လက်ဆေးစင်၊ ဆပ်ပြာစသည့် လိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းများအတွက် ယခင်ကတည်းက ထောက်ပံ့မှု အားနည်းနေလျက်ရှိရာမှ ယခုအခါ ကိုဗစ်ကြောင့် အသွားအလာကန့်သတ်ခံထားချိန်တွင် စားဝတ်နေရေး ပိုမိုအခက်အခဲဖြစ်လာရသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

လက်ရှိစစ်ဘေးရှောင်များမှာ အစိုးရထောက်ပံ့ပေးမှု နည်းလာခြင်း၊ ကိုဗစ်ကာလဖြစ်သည့်အတွက် အပြင်ထွက်ပြီး ဝင်ငွေရှာဖွယ်ခွင့် မရကြသည့်အတွက် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေသည်ဟု ပြောဆိုကြသည်။

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် စစ်ဘေးရှောင်စခန်းတချို့မှာ ရေကြီးမှုနှင့်ကြုံတွေခဲ့ရသည်။ စစ်ဘေးရှောင်စခန်းများသို့ ရေဝင်နစ်မြုပ်ပြီဆိုလျှင် စခန်းမှသက်ကြီးရွယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ပိုလို့ဒုက္ခရောက်ကြရသည်။ မပေါ့မပါးဖြင့် ဘေးလွတ်ရာကို သွားကြရသည်။

လက်ရှိကပ်ဘေး ကာလတွင် ဝင်ငွေက မရှိ၊ စားနပ်ရိက္ခာကလည်း မလုံလောက်ရသည့်အထဲ ကလေးကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ဖို့ အာဟာရ ပြည့်ဝအောင် ဘယ်လို စားသောက်နေထိုင်ရမည်လဲ၊ ကလေးကို ဘယ်မှာ သွားမွေးရမည်မလဲဆိုသည်ကို တွေးတောရင်း မယဉ်ဦးတစ်ယောက် စိတ်မအေးဖြစ်နေရသည်။

“ကျမ နေ့တိုင်းဆုတောင်းတယ်။ဒီကာလ နေမကောင်းမဖြစ်ဖို့ နဲ့ ဒီကလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ ဆုတောင်းနေရတယ်။ ”ဟု မယဉ်ဦးကပြောသည်။

Related Articles