Home ဆောင်းပါး တစ်ရက်သာ အသက်ရှင်ခွင့်ရခဲ့တဲ့ လွေးရုရှား ကူမာရီဒေဝီလေး

တစ်ရက်သာ အသက်ရှင်ခွင့်ရခဲ့တဲ့ လွေးရုရှား ကူမာရီဒေဝီလေး

နွေဦးမောင်။ ။

ကားလမ်းတစ်နေရာတွင် အရေးပေါ်လူနာတင်ယာဉ်တစ်စီး လမ်းဘေးချရပ်ထားသည်။ ကားနဘေးတွင် ရှိနေသူတွေက ကား၏နောက်ခန်းဆီ လှမ်းကြည့်နေကြ၏။

အရေးပေါ်ယာဉ်မှာ မန်တုန်-လားရှိုးသွားလမ်း နမ္မတူမြို့အနီးက မိုင်တိုင်(၁၁)တွင် ရပ်နားနေခြင်းဖြစ်သည်။ မန်တုန်က စထွက်တော့ မိုးလေးဖွဲဖွဲ ကျနေ၏။

သို့သော် ယခုယာဉ်ရပ်နားသည့် နေရာမရောက်မီတွင် မိုးကစဲသွားသည်။ မိုးစဲသွား၍ တော်သေး၏။ မိုးသာဆက်ရွာနေလျှင် အရေးပေါ်ကူညီပေးရမည့်လူနာအတွက် လမ်းခရီးကသီလင်တဖြစ်နိုင်သည်ဟု မိုင်းအညီက တွေးဆသည်။

သူတို့ မိုးသောက်ကြယ်လူမှုကူညီရေးအသင်းယာဉ်နှင့် တင်ဆောင်လာရသူမှာ မီးဖွားကာနီးကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးဖြစ်ပြီး ထိုအမျိုးသမီးမှာ မိုင်းအညီတို့ထံ ဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်း၍ မန်တုန်ကနေ လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးရမည်လည်း ဖြစ်သည်။

မန်တုန်နှင့် လားရှိုးမှာ ၈၂ မိုင်ရှိပြီး အကွေ့အကောက် အတက်အဆင်းများသည့် ခရီးလမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် မီးဖွားကာနီးလူနာမှာ ဗိုက်နာနေတာကတစ်ကြောင်း လမ်းခရီးကြမ်းတာလည်းတစ်ကြောင်းမို့ လမ်းခုလပ်၌ပင် မွေးဖွားပါ လေတော့သည်။

ဗြုတ်စဗျင်းတောင်း မီးနေခန်း
လမ်းမှာ အကွေ့အကောက်အတက်အဆင်းများသည် မှန်သော်လည်း မိုင်းအညီတို့လူငယ်နှစ်ဦး မောင်းနှင်လာသည့် အရေးပေါ်ယာဉ်မှာ အရှိန်ကောင်းကောင်းဖြင့် ခရီးဆက်နေသည်။ မွေးလူနာသည် ရေအိမ်ပေါက်ထားပြီဖြစ်သောကြောင့် ဆေးရုံသို့ အချိန်မီရောက်ရေးမှာ သူတို့ထမ်းဆောင်ရမည့် အဓိကတာဝန်လည်း ဖြစ်၏။ ထို့ကြောင့် အရေးပေါ်ယာဉ်ကို အနည်းငယ်အရှိန်မြှင့် မောင်းနေရခြင်း ဖြစ်ပါသည်။

သို့နှင့် နမ္မတူမြို့မရောက်မီ ၁၅ မိုင်ခန့်အကွာအဝေးသို့ရောက်သော် လူနာကသူ့ခင်ပွန်းကတဆင့် စကားဆိုလာသည်။ သူမွေးတော့မည်။ ဗိုက်အရမ်းနာလာပြီဖြစ်သလို ကလေး၏ကိုယ်လေးပင် အမိဝမ်းကြာသိုက်မှ အနည်းငယ်ပြူထွက်လာ ပြီဟု ဆိုလာသည်။

သည်အခြေအနေတွင် ခရီးကိုရှေ့ဆက်ရန် မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် မိုင်းအညီတစ်ယောက် ကားကို လမ်းဘေးချ ရပ်လိုက်သည်။ ပြီးတော့ လူနာရှိနေသည့် ကားနောက်ခန်းကို မီးနေသည်အခန်းအဖြစ် ဖန်တီးပေးလိုက်ပါသည်။

အရေးပေါ်ယာဉ်ပေါ်မှာမို့ မီးနေခန်းကို ထွေထွေထူးထူး ပြင်ဆင်မပေးနိုင်ပါ။ ကားမှန်ပြူတင်းက လိုက်ကာများကို အကာ အရံအဖြစ် ချထားလိုက်သည်။ ထို့နောက် လူနာစောင့်များလိုက်ပါသည့်အခါထိုင်ရသည့် ဘေးခုံတန်းနှစ်ခုမှ တစ်ခုကိုဖြုတ် ကာ ကျန်တစ်ခုကိုမူ အလယ်တည့်တည့်ရွှေ့သည်။ ပြီးသည်နှင့် ထိုခုံပေါ်သို့ လူနာအား မတင်ကာ မီးဖွားနိုင်ရန် ပြင်ဆင် ရ၏။

ကြုံသလိုမွေးရတဲ့ ရင်သွေး
ယာဉ်နောက်ခန်းကိုသုံးပြီး မီးဖွားဖို့ပြင်ဆင်လိုက်ရသော်လည်း မွေးလူနာအားကူညီမီးဖွားပေးမည့် အမျိုးသမီးက တစ် ယောက်သာပါသည်။ ယာဉ်ပေါ်မှာ စုစုပေါင်းလူငါးဦးပါသည့်တိုင် သုံးဦးက အမျိုးသားများဖြစ်သည်။

တိတိကျကျဆိုရလျင် မိုးသောက်ကြယ်လူမှုကူညီရေးအသင်းမှ မိုင်းအညီနှင့် နောက်တစ်ယောက် ပြီးတော့လူနာ၏ ခင်ပွန်းဖြစ်သူနှင့် တူမစသူတို့ဖြစ်ပါသည်။ ထို့ကြောင့် ကားရပ်မည်လုပ်ကတည်းက လူနေအိမ်ခြေများနှင့်နီးသည့် နေရာကို ရွေးကာ ရပ်ရသည်။ သို့မှသာ လိုအပ်သည့်အကူအညီ တောင်းခံနိုင်မည်ဖြစ်သည်။

ထိုအတွေးနှင့်ပင် အနီးနားရွာသို့ သွားရောက်အကူအညီတောင်းရာ အသက် ၅၀ ကျော်အရွယ် ဂေါ်ရခါးအမျိုး သမီးကြီး တစ်ဦး လူနာရှိရာ လိုက်ပါလာသည်။ လူနာအဖို့ အဆိုးထဲကအကောင်းဟုဆိုရမည်မှာ သူ့တူမလေးသည် သူနာပြုအကူ သင်တန် တက်ထားဖူးသူဖြစ်နေခြင်းပင်။

ဤသို့ဖြင့် သူနာပြုအကူ မွေးလူနာ၏တူမလေးနှင့် ဂေါ်ရဂါးအမျိုးသမီးကြီးတို့၏ စွမ်းဆောင်မှုအရ ရင်သွေးငယ်အား အောင်မြင်စွာ မီးဖွားလိုက်နိုင်ပါတော့သည်။ သို့တိုင် ကလေးငယ်အားထွေးပွေ့စရာ အနှီးကမရှိ။ ထို့ကြောင့် လမ်းသွား လမ်းလာဆိုင်ကယ်သမားတစ်ဦးကိုတားကာ အကူအညီတောင်းရသည်။ ထိုသူက သူ့ ထံပါလာသည့် ပုဆိုးတစ်ထည်ကို ကလေးအနှီးအဖြစ်သုံးရန် ကူညီပေးခဲ့၏။

မွေးလူနာဖြစ်သည့် ရင်သွေးငယ်၏မိခင် မအိုမှာမူ ကိုယ်လက်ပင် မသန့်စင်နိုင်။ သူတို့ရောက်ရှိနေသည့်နေရာသည် ချောင်း မြောင်းများနှင့် အလှမ်းဝေးနေခြင်းကြောင့် ဖြစ်သည်။ အနီးဝန်းကျင်တွင် ဂေါ်ရဂါးလူမျိုးများနေထိုင်ရာ တဲအိမ်သုံးလေး လုံးခန့်မြင်တွေ့ရသော်လည်း အကူအညီမတောင်းဖြစ်တော့ဟု ခင်ပွန်းဖြစ်သူက ပြောပါသည်။

လွေးရုရှား ကူမာရီဒေဝီ
ကလေးအား မီးဖွားသန့်စင်ရာကားလမ်းမကြီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သဘာဝအလှတရားများအနက်မှ ရုရှား တောင်တန်းကြီးကို နောက်ခံပြုထားသည်။ ထိုတောင်တန်းကြီးသည် အနိမ့်အမြင့် အတက်အဆင်းအမို့မောက်များ ပေါများ စွာတည်ရှိသည့်အပြင် မြက်ရိုင်းပင်များဖြင့်တင်းကြမ်းပြည့်နေသည်။ အစိမ်းရောင် ကတီပါကော်ဇောများ ဖြန့်ခင်းထား သကဲ့သို့ ရှိ၏။

ရင်သပ်ရှုမောဖွယ် ထိုအလှတရားများကိုအစွဲပြု၍ ရင်သွေးငယ်သမီးပျိုကလေးကို လွေးရုရှားသူလေးဟု မိုးသောက်ကြယ် လူငယ်တွေက ချစ်စနိုးအမည်ပေးကြ၏။ (နာမည်ရှေ့က ‘လွေး’ဟူသောအသုံးအနှုန်းမှာ ပလောင်လူမျိုးများ၏ ရိုးရာယဉ် ကျေးမှုအတိုင်း အမျိုးသမီးဖြစ်လျင် နာမည်ရှေ့က လွေးဟုထည့်ကာ အမျိုးသားဖြစ်လျင် မိုင်းဟု ထည့်သွင်းကြခြင်း ဖြစ် သည်။)

သို့သော် ယင်းအမည်မှာ မပြည့်စုံသေးဟုယူဆကာ မီးဖွားရာတွင် အကူအညီပေးခဲ့သူ ဂေါ်ရခါးအမျိုးသမီးကြီးအား ကျေးဇူး တင်သောအားဖြင့် လွေးရုရှားနောက်မှ ကူမာရီဒေဝီဟူသောအမည်နာမကိုပါ ထပ်ပေါင်းလိုက်ကြသည်။

ထိုကြောင့် မအို၏တတိယမြောက် သမီးလေးမှာ မိုးသောက်ကြယ်လူငယ်များနှင့် ကူညီပေးသူများ၏နှုတ်ဖျား၌ လွေးရုရှား ကူမာရီဒေဝီဟု အမည်တွင်လေတော့သည်။

ကလေးငယ်အား ချစ်စနိုးဖြင့် နာမည်အမျိုးမျိုးပေးကာ အရေးပေါ်ယာဉ်နှင့်ပါလာသူအားလုံး ပျော်တပြုံးပြုံးရှိရသည့်တိုင် မိခင်နှင့်ကလေးကျန်းမာရေးအတွက် ရှေ့ခရီးဆက်ရပေဦးမည်။ ထိုအခါ မိုင် ၂၀ ခန့်လိုသေးသည့် လားရှိုးသို့ ဆက်မသွား လိုတော့။ လာလမ်းအတိုင်း နောက်ပြန်လှည့်ကာ နမ္မတူဆေးရုံသို့သွားတော့မည်ဟု ကလေးမိဘများနှင့် မိုးသောက်ကြယ် လူငယ်တို့ ဆုံးဖြတ်လိုက်ကြသည်။

နမ္မတူဆေးရုံရောက်တော့ မိခင်ရော ကလေးကိုပါ သူနာပြုဆရာမများက ကိုယ်လက်သန့်စင်ပေးကြသည်။ ထို့နောက် ကလေး၏ကိုယ်အလေးချိန်ကို တိုင်းထွားကြည့်တော့ တစ်ပေါင်ခွဲသာရှိသည်ဟု ကလေးဖခင်က ပြန်ပြောပြသည်။ ယင်း ကြောင့် ကလေးမှာ ပေါင်မပြည့်မှန်း သိလာရ၏။

မိခင်ဖြစ်သည့် မအိုသည်လည်း သူ့ရင်သွေးလေးအား ရှစ်လနှင့်ပင် မီးဖွားခဲ့ရခြင်း ဖြစ်သည်။ ရှေ့နှစ်ယောက်ဖြစ်သည့် လေးနှစ်ခွဲအရွယ် သမီးကြီးနှင့် သုံးနှစ်ခွဲအရွယ် သမီးငယ်တို့ကို မွေးဖွားစဉ်ကမူ ကိုယ်ဝန်လရင့်မှ မွေးသလို ပေါင်ချိန်လည်း ပြည့်ခဲ့၏။

ယခုတတိယမြောက် သမီးထွေးလာသည်သာ ကိုယ်ဝန်လွယ်ချိန်လည်းလမစေ့ ကလေး၏ပေါင်ချိန်လည်း မပြည့်မီ ဆို တော့ မအိုတို့ဇနီးမောင်နှံ ကလေးအတွက် စိတ်ပူပန်မိသည်အမှန်။ ကလေးငယ်မှာ မိခင်ဝမ်းကြာသိုက်မှထွက်ချိန် ရေမွန်း သည်လည်းရှိခဲ့၏။ ထို့အတူ မီးဖွားရသည်က ကားလမ်းနဘေး လဟာပြင်ဖြစ်သည်မို့ အအေးပတ်သလို ဖြစ်သွားသည်။

ဆေးရုံရောက်ပြီး ကိုယ်လက်သန့်စင်ပြီးချိန်အထိ ကလေး၏ခန္ဓာကိုယ်မှာ အနည်းငယ်အေးစက်စက်ဖြစ်နေသည်ဟု သူ့ဖခင်က ပြန်ပြောပြသည်။ သို့သော် အသက်လေးတော့ မှန်မှှန်ရှူနိုင်သေး၏။ ထို့ကြောင့် ကြမ္မာဆိုးကိုကျော်လွှားနိုင် မည်ဟု ယူဆခဲ့သည်။

နောက်တစ်နေ့နံနက် ငါးနာရီခွဲသည်တွင် ထိုယူဆချက်များ လွင့်ပျယ်ခဲ့ရသည်ဟု မအို၏ခင်ပွန်း ကလေး၏ဖခင်က တုန်ရီ သော လေသံဖြင့် ပြောပါသည်။

” ကြည့်လိုက်တော့ ကလေးကအသက်မရှူတော့ဘူး။ ဆုံးသွားပြီ” ဟု ပြန်ပြောပြနေသည့် မအိုခင်ပွန်းမှာ အသံများ လှိုက်ဖိုနေ၏။

မအိုမှာမူ စကားပင်ဟဟ မပြောနိုင်ဟု သူကဆက်ပြောသည်။ အကြောင်းမူ သွေးနုသားနုလည်းဖြစ် အခက်အခဲများကြား အသက်အန္တရာယ်နှင့်ရင်းကာ မီးဖွားခဲ့ရသော်လည်း ကလေးမှာ အဖတ်မတင်ခဲ့၍ပင်။ ထိုအခြေအနေကြောင့် စိတ်ပန်း လူပန်းဖြစ်ကာ မီးဖွားပြီး တစ်ပတ်အကြာ သြဂုတ် ၁၂ ရက်အထိ ဆေးရုံမှ မဆင်းနိုင်သေးပေ။

စကားနည်းငယ်ပြန်ပြောလာပြီဖြစ်သော်လည်း မူးမော်ခြင်း၊ အော့အန်ခြင်းစသည့်ဝေဒနာများအပြင် အစာကောင်းကောင်း မဝင်တော့ အားပြတ်ကာ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်သေးဟု ဇနီးသည်၏ဖြစ်အင်ကို သူ့ခင်ပွန်းက ရှင်းပြသည်။

တစ်ရက်သာအသက်ရှင်ခွင့်ရခဲ့သည့် လွေးရုရှား ကူမာရီဒေဝီလေးကိုတော့ နမ္မတူမြို့က လူမှုကူညီရေးအသင်း၏ အကူ အညီဖြင့် ကောင်းမွန်စွာသဂြိုလ်ခဲ့ပြီ။ ယခုအရေးကြီးသည်က ဇနီးသည်၏ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဖြစ်သည် ဟုသာ သူ တွေးထားသည်။

သို့မှသာ အိမ်မှာကျန်နေခဲ့သည့် သမီးကြီးနှစ်ယောက်နှင့်အတူ မိသားစုဘဝလေး ပုံမှန်အခြေအနေပြန်ရောက်အောင် တည် ဆောက်နိုင်မည်ဖြစ်ပါသည်။ ထို့ထက်လည်း သူတို့ ဘာမျှမတတ်နိုင်။

ခေတ်ဆိုးခေတ်ကြပ်မှာ လူ့လောကသို့ခဏရောက်လာသည့် သမီးလေးအဖို့ “ကံကိုပဲ ပုံချရတော့မှာပေါ့”ဟု မအို၏ခင်ပွန်း က ဖြေးလေးစွာ ဆိုလေသည်။

Related Articles