Home ဆောင်းပါး ရခိုင်ဒေသစစ်ရှောင်များနဲ့ ကိုဗစ်တတိယလှိုင်းရဲ့စိန်ခေါ်မှု

ရခိုင်ဒေသစစ်ရှောင်များနဲ့ ကိုဗစ်တတိယလှိုင်းရဲ့စိန်ခေါ်မှု

သန့်ရှင်းထွန်း။ ။

“တယောက်ယောက်သာ ကိုဗစ်ပိုးတွေ့ခဲ့မယ်ဆိုရင်တော့ ထိန်းချုပ်ရခက်မယ့်အနေအထားပါ”

စိုးရိမ်စိတ်တွေကြားထဲက အထက်ပါစကားကိုဆိုသူကတော့ ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ မြတောင်တိုက်ပွဲရှောင်စခန်း က ဒေါ်ခင်ခင်နှင်းဖြစ်သည်။

တိုက်ပွဲရှောင်တွေနေထိုင်ဖို့အတွက် ဆောက်လုပ်ထားသည့် နေအိမ်အဆောင်များက တခုနှင့်တခု ပူးကပ်စွာတည်ရှိနေကြပြီး
အဆိုပါ လူနေပူးကပ်နေခြင်းက ကိုဗစ်ရောဂါဖြစ်ပွားမှု၊ ကူးစက်မှုကို ပိုမိုလွယ်ကူစေသည့် အနေအထားဖြစ်နေတာကြောင့် စိုးရိမ်စိတ်ဝင်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်နှစ်ခန့်အတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် လူသိန်းနှင့်ချီ ထွက်ပြေးခဲ့ကြရပြီး ယင်းတို့အနက်မှ အများစုက အိမ်မပြန်နိုင်ကြသေးဘဲ စစ်ရှောင်စခန်းများတွင် ဖြစ်သလိုနေထိုင်ကြရသည်။ ဘူးသီးတောင်မြို့ပေါ် တခုတည်းတွင် တိုက်ပွဲရှောင်စခန်း ၉ ခုရှိပြီး လူဦးရေ ၈၆၀၀ ကျော်နေထိုင်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုအစည်းအရုံး(REC)၏ စာရင်းတွင် ဖော်ပြသည်။

စစ်ဘေးရှောင်များသည် ကယ်ဆယ်ရေးစခန်းများတွင် ဖြစ်သလိုနေထိုင်နေကြရပြီး ဝင်ငွေလည်းမရှိကြသလို အစားအစာမှာလည်း အကန့်အသတ်ဖြင့်ရနေကြသည်။ ကိုဗစ်ရောဂါကူးစက်မှုသည် တိုက်ပွဲရှောင်စခန်းများသို့ ပြန့်နှံ့လာမည်ဆိုပါက စစ်ဘေးရှောင်များအတွက် စိုးရိမ်စရာပင်ဖြစ်သည်။

တိုက်ပွဲရှောင်များအတွက် ကိုဗစ်စည်းမျဉ်းများကိုသိသော်လည်း လိုက်နာရန်ခက်ခဲလှသည်။ ရောဂါမကူးရန် တဦးနှင့်တဦး ခပ်ခွာခွာနေရမည်ဖြစ်ပြီး ကူးစက်ခဲ့ပါကလည်း မိသားစုနှင့်သီးခြားစီနေရန် ကျန်းမာရေးပညာရှင်များက အကြံပေးထားသော်လည်း စစ်ဘေးရှောင်များအတွက် မဖြစ်နိုင်သည့်အကြံပြုချက်မျိုးဖြစ်နေသည်။

စစ်ဘေးရှောင်များနေရသည်က ဆယ်ပေပတ်လည်ခန့်ရှိသည့် အခန်းထဲတွင်ဖြစ်ပြီးအဆောင်များကလည်း တခုနှင့်တခု နှစ်ပေခန့်သာကွာဝေးသည်။ အခန်းတစ်ခန်းတွင် မိသားစုတစ်စုစီနေထိုင်ကြရပြီး မိသားစုတစ်စုတွင် အနည်းဆုံး ၄ ဦးမှ
၈ ဦးထိနေထိုင်ကြရသည်။

ကိုဗစ်ရောဂါကူးစက်ခံရပါက အဟာရပြည့်ဝစွာစားရန်ဆိုသည်ကလည်း အခက်အခဲရှိပြန်သည်။

တိုက်ပွဲရှောင်စခန်းဖြစ်သည့်အတွက် အစိုးရနှင့် လူမှုကူညီရေးအဖွဲ့များက ထောက်ပံ့ပေးသည့်ရိက္ခာများကိုသာ အားထားနေရသူများဖြစ်ပြီး အများစုမှာ ပြင်ပဝင်ငွေမရှိကြပေ။ လက်ရှိမှာ စားသောက်ရေးကို ရှိတာလေးနှင့် စားသောက်နေရပြီး ထူးထူးခြားခြား အသားနှင့် ငါးဟင်းများကိုဝယ်ယူစားသောက်ရန် ဝင်ငွေမရှိဖြစ်နေကြသည်။အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းတစ်ချို့ကထောက်ပံ့သည်ကလည်း ဆန်နှင့်ပဲတို့ကိုသာဖြစ်သည်။

ကိုဗစ်နှင့် ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်တစ်ချို့ကို သိနေသော်လည်း ဝင်ငွေမရှိဘဲ တိုက်ပွဲရှောင် စခန်းတွင်ခိုလှုံနေသည့် တစ်ချို့မိသားစုဝင်များအတွက် မက်စ်နှင့် လက်ဆေးဆပ်ပြာဝယ်ရန် ငွေမရှိသည့် အနေအထားများလည်းရှိသည်။

တိုက်ပွဲများ၏ ဆိုးကျိုး၊ နောက်ထပ်ဖြစ်ပေါ်လာသည့် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်း၊ ယင်းနောက် စစ်အာဏာသိမ်းမှု၊ နောက်ထပ် ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်မှုများက သူဌေးသူကြွယ်မှအစ လက်လုပ်လက်စားများထိ ဆိုးကျိုးများကို ခံစားနေရသည်။ ထိုအထဲတွင် အလှူကိုအားကိုးနေရသည့် တိုက်ပွဲရှောင်များက ပို၍အထိနာလျက်ရှိသည်။

ကံကောင်းထောက်မနေသည်မှာ ရန်ကုန်အပါအဝင်ဒေသအတော်များများတွင် ကိုဗစ်တတိယလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံနေရချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင်တော့ ကိုဗစ်ကူးစက်မှုက တခြားဒေသများလောက် မပြင်းထန်ဘဲ စခန်းတချို့တွင်သာကူးစက်မှုအနည်းငယ်ခန့်သာရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ကိုဗစ်လူနာ ၇ ဦးတွေ့ရှိခဲ့သည့် မြောက်ဦးမြို့နယ်ထဲမှ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းကို အသွားအလာ ကန့်သတ်ခဲ့ပြီး အနီးအနားမှ ကျေးရွာများကိုလည်း ဝင်ထွက်ခွင့်ပိတ်ထားသည်ဟု ရခိုင်ပြည်နယ်အခြေစိုက် Narinjara သတင်းဌာနကရေးသားထားသည်။ အကျိုးဆက်အနေဖြင့် လာမည့်အပတ်တွင် ရိက္ခာမရောက်ပါက အငတ်ဘေး ကျနိုင်ခြေရှိကြောင်း စခန်းတာဝန်ခံ၏ ပြောကြားချက်ကို ကိုးကားပြီး Narinjara သတင်းဌာနက ဇူလိုင် ၁၈ တွင် ရေးသားထားသည်။

တကမ္ဘာလုံးက ကြောက်လန့်နေကြရသည့် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းစတင်ဖြစ်ပွားပြီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်တွင် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းတချို့က မိသားစုများမှာ ကိုဗစ်နှင့် လုံးဝ မသက်ဆိုင် သလို ဖြစ်နေသည်။

ဘူးသီးတောင်မြို့၊ ရန်အောင်မြေတိုက်ပွဲရှောင်စခန်းတွင်တော့ နို့စို့အရွယ်ကလေးမှအစ လူငယ်၊ လူလတ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများမှာ ပုံမှန်နေထိုင်နေကျအတိုင်း စုဝေးစကားပြောခြင်းနှင့် လုပ်နေကျအိမ်အလုပ်ကိုင်ခြင်း၊ အမျိုးသမီးငယ်များက ရေကန်တွင် စုရုံး၍ ရေခပ် ယူနေခြင်းတို့ကို လုပ်ကိုင်နေကြသည်။

မလှမ်းမကမ်းက ဈေးဆိုင်ငယ်တွင်လည်း ဈေးရောင်းသည့် အမျိုးသမီးငယ်နှင့် လူငယ်တစ်ချို့ မည်သည့် အကာကွယ် (မက်စ်)မှ မပါဘဲ ပူးပူးကပ်ကပ်ထိုင်၍ စကားပြောဆိုနေကြသည်။

စစ်ဘေးရှောင်စခန်းအတွင်း ယင်းကဲ့သို့နေထိုင်ခြင်းက ကိုဗစ်ကူးစက်မှုအတွက်စိတ်ပူစရာပင်ဖြစ်သည်။ စစ်ရှောင်စခန်းနှင့် စခန်းပြင်ပဆက်သွယ်မှုများကလည်းရှိနေသည်။

တိုက်ပွဲရှောင်စခန်းတွင် နေထိုင်လျက်ရှိသော အမျိုးသမီးများမှာ စခန်းပြင်ပသို့သွား၍ ဈေးဝယ်ထွက်ရခြင်း၊ တစ်ချို့အမျိုးသမီးများမှာ ဝင်ငွေရရှိရန် အပြင်သို့ထွက်၍ အလုပ်လုပ်ကိုင်ရခြင်းနှင့် ဟင်းစားရှာ ထင်းခွေစသည့် အလုပ်များကို လုပ်ကိုင်နေကြရသည်။

“ကျမတို့က မနက်မိုးလင်းရင် ဈေးဝယ်ထွက်ရတယ်။ တစ်ချို့ကျတော့လည်း ဝင်ငွေရဖို့ အလုပ်သွားလုပ်ရတာ တွေရှိတယ်။ ပြန်လာချိန်ကျရင်လည်း ဒီအတိုင်းပဲ နေထိုင်ကြတာများတယ်။ ကိုဗစ် စည်းကမ်းတွေကို သိပ်သတိမထားမိကြဘူး”ဟု မြတောင်တိုက်ပွဲရှောင်စခန်းက အမျိုးသမီးတဦးကပြောသည်။

ကိုဗစ်ဒုတိလှိုင်းဖြစ်ပွားခဲ့သည့်အချိန်က နိုင်ငံတကာအဖွဲ့အစည်းတစ်ချို့နှင့် ဒေသတွင်းလူမှုကူညီရေးအဖွဲ့အစည်း တစ်ချို့က ဘူးသီးတောင်မြို့ရှိ တိုက်ပွဲရှောင်စခန်းတွင် မက်စ်နှင့် လက်ဆေးဆပ်ပြာရည်များ ဖြန့်ဝေခြင်း၊ ကိုဗစ် ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု တိုက်ပွဲရှောင် မိသားစုဝင်များက ပြောသည်။

သို့သော် ကိုဗစ်တတိလှိုင်းဖြစ်ပွားနေချိန်တွင် မြို့ပေါ်ရက်ကွက်များ၌ ကိုဗစ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေသော်လည်း တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်လျက်ရှိသော မိသားစုများမှာ ကိုဗစ်နှင့် မသက်ဆိုင်သူများသဖွယ်ဖြစ်နေသည်။

“တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာဆိုတော့ အကုန်လုံးက စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေးတွေကို အနည်းနဲ့အများ ထိမှာပဲလေ။ ဒါပေမယ့် ကိုဗစ်ကို ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။ မြို့ပေါ်ကလူတွေလာပြီး ပညာပေးလုပ်ငန်းတွေ လုပ်မှ လိုက်နာမယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ တစ်ဦးကတစ်ဦး တစ်မိသားစုက တစ်မိသားစုကို ကိုဗစ်စည်းကမ်းတွေက ဘာတွေဖြစ်တယ်။ ဘယ်လိုလိုက်နာရမယ်ဆိုပြီး ပြောပြရင် ကိုဗစ်တတိယလှိုင်းကိုလည်း ကျော်ဖြတ်သွားနိုင်မှာပါ” ဟု ရန်အောင်မြေစခန်းတွင် စာချုပ်သင်တန်းပေးသည့် စက်ဆရာမ ဒေါ်ဦးနွဲ့ရီ ကပြောသည်။

လက်ရှိအချိန်မှာဖြင့် ဘူးသီးတောင်မြို့ရှိ တိုက်ပွဲရှောင်များမှာ ကိုဗစ်နှင့် မသက်ဆိုင်သူများကဲ့သို့ ဗိုလ်နေမြဲ၊ ကျားနေမြဲ အနေအထားသာရှိနေသည်ကို တွေ့ရသည်။

Related Articles