Home ဆောင်းပါး ဇာတ်ခုံကို လွမ်းနေကြသူများ

ဇာတ်ခုံကို လွမ်းနေကြသူများ

ခင်ဘုန်းမို့။ ။
“ ချစ်မေတ္တာဆိုသည်များရယ် ….. မွှေးပျံ့ရာဝယ် ….. မဉ္ဇူသကနတ်ပန်းထက်သာတယ် ” ဆိုတဲ့ ‘ချစ်သူဝိုင်းဝိုင်းလည်’ သီချင်းကို အမျိုးသမီးတစ်ဦးဟာ မီးဖိုချောင်မှာ ထမင်းအိုးတည်နေရင်း သီဆိုနေပါတယ်။

နေရာကသာ မီးဖိုချောင်တစ်ခုဆိုပေမယ့် အဲ့ဒီအမျိုးသမီးရဲ့စိတ်ထဲမှာတော့ ဇာတ်ခုံတစ်ခုအသွင် မှန်းဆနေတဲ့ပုံပေါ်ပြီး ဟန်ပါပါနဲ့ ဆိုညည်းနေတာပါ။

သူကတော့ အခြားသူမဟုတ်ပါဘူး။ ၁၀ စုနှစ်တစ်ခုကျော်ကြာ ဇာတ်ခုံပေါ်က ညမီးရောင်တွေကြားမှာ ကပြဖျော်ဖြေခဲ့တဲ့ ဇာတ်မင်းသမီး ခင်နှင်းဝေပဲဖြစ်ပါတယ်။ အခုဆိုရင်သူက ဇာတ်ခုံနဲ့ မထိတွေ့ရတာ တစ်နှစ်ခွဲနီးပါးရှိနေပါပြီ။

ဒါကြောင့် အိမ်မှာ ထမင်းဟင်းချက်ရင်း သီချင်းတွေညည်းနေရတာက သူ့အတွက် ဇာတ်ခုံကိုလွမ်းတဲ့ အလွမ်းတွေကို တစ်စိတ် တစ်ပိုင်းဖြေဖျောက်ရာနည်းတစ်နည်းဖြစ်နေပါတော့တယ်။

“ အိမ်ပေါ်မှာတစ်ယောက်ထဲ ဘုရားသီချင်းလေးတွေနားထောင်၊ ရှင်ပြုသီချင်းတွေ၊ မင်္ဂလာဆောင်သီချင်းတွေဆို၊ ထမင်း အိုးတည်နေရင်လည်းဆိုလိုက်တာပဲ။ အလွမ်းတော့ပြေသွားတာပေါ့”လို့ အသက် ၂၈ နှစ်အရွယ် ဇာတ်မင်းသမီး မခင်နှင်း ဝေက လွမ်းလွမ်းဆွေးဆွေးနဲ့ဆိုတယ်။

သူတို့ကို ဇာတ်ခုံပေါ်က ဆွဲချခဲ့တဲ့ အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့၂၀၂၀ခုနှစ်မတ်လရဲ့ နေ့တစ်နေ့မှာ ဖြစ်တယ်။ ကမ္ဘာ့ကပ် ရောဂါဆိုးတစ်ခုဖြစ်တဲ့ ကိုဗစ်-၁၉ မြန်မာနိုင်ငံကိုစတင်ဝင်ရောက်ခဲ့ပြီးနောက် လူစုလူဝေးနဲ့ကျင်းပရတဲ့ ပွဲလမ်းသဘင် မှန်သမျှ ကျင်းပလို့မရတော့ဘူးဆိုတဲ့ သတင်းဆိုးကို အဲ့ဒီနေ့မှာကြားခဲ့ရတာပါ။

ရောဂါကြောင့် လူစုလူဝေးနဲ့နယ်လှည့်ဖျော်ဖြေကပြရတဲ့ အငြိမ့်နဲ့ ဇာတ်ပွဲတွေဟာလည်း ရပ်တန့်သွားခဲ့ရပြီး သဘင်လော ကသားတွေရဲ့ အနာဂတ်တွေလည်း ဝေဝါးသွားပါတော့တယ်။ ဒါပေမယ့် ယခုနှစ်ဆန်းပိုင်းမှာတော့ ရောဂါကာကွယ်ဆေး တွေ ရလုနီးပါးဖြစ်ကာ ကိုဗစ်ကိုလည်း အတန်အသင့် ထိန်းချုပ်နိုင်နေတာကြောင့် စီးပွားရေးလုပ်ငန်းအချို့ ပြန်လည် ပတ်စပြုလာပြီး ဇာတ်ပွဲတွေလည်း ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် ကိုဗစ်ထက်ပိုမိုဆိုးရွားတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဇာတ်ပွဲတွေပြန်စဖို့ အရှိန်ယူနေရင်းကနေ ပြန် ရပ်တန့်ခဲ့ရပြန်ပါတယ်။ ဒီလိုလုပ်ငန်းတွေရပ်ဆိုင်းထားရတဲ့အတွက် သဘင်လောကသားတွေအပါအဝင် မခင်နှင်းဝေတို့ လို ဇာတ်မင်းသမီးတွေမှာလည်း အခက်အခဲတွေ ကြုံလာရပါတော့တယ်။

ဇာတ်မင်းသမီးအဖြစ် ၁၅ နှစ်ကြာရပ်တည်အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့မခင်နှင်းဝေဆိုရင် အလုပ်ရပ်နား လိုက်ရတဲ့ အခါမှာတော့ကြံရာမရဖြစ်ခဲ့ပါတယ်။ အသက် ၁၃ နှစ်ကတည်းက ဇာတ်ခုံပေါ်တက်ကာ အခုချိန်ထိ အနုပညာနဲ့ပဲ အသက် မွေးခဲ့တဲ့ ဇာတ်မင်းသမီးဟာ ဇာတ်ခုံပေါ်က ဆင်းရတာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး။

မခင်နှင်းဝေအတွက်တော့ ဇာတ်မင်းသမီးအလုပ်ဟာ ငယ်စဉ်ကတည်းက ဝါသနာပါတဲ့အလုပ်ဖြစ်ပြီး အခက်အခဲတွေကြား ကကြိုးစားသင်ယူခဲ့ရာကနေ အခုလိုအလုပ်တွေလုံးဝရပ်နားထားရချိန်မှာတော့ နှမြောတသဝမ်းနည်းနေပါတော့တယ်။

“ ပညာတွေရဖို့ကမနည်း ကြိုးစားသင်ခဲ့ရတာထမင်းမစားဘဲနဲ့လေ့ကျင့်ခဲ့ရတာ။ အမြဲတမ်းပြန်လုပ်နေချင်တယ်။ အသက် ကြီးလို့ မကနိုင်တော့ဘူးဆိုတဲ့အချိန်မှနားချင်တယ်။ ဒီပညာကလည်းလွယ်လွယ်နဲ့ရတာ မဟုတ်တော့ အခုလိုနားနေချိန်မှာ ပိုနှမြောမိတယ်”လို့ မင်းသမီးခင်နှင်းဝေက ဆိုပါတယ်။

ဇာတ်မကရလို့ အပြင်ပွဲတွေဖြစ်တဲ့ ရှင်ပြုနားသနဲ့ မင်္ဂလာပွဲတွေမှာ ဖျော်ဖြေဖို့ကလည်း လက်ရှိအခြေအနေတွေကြောင့် အိပ်မက်တောင်မမက်ရဲတဲ့ ဖြစ်နေပါတော့တယ်။

ဒါကြောင့် လက်ရှိမှာတော့ အပြင်အလုပ်အကိုင်ရှာဖွေဖို့ခက်ခဲ့တဲ့အတွက် မိဘတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ဝိုင်းကူ လုပ်ရင်း အိမ်မှုကိစ္စတွေလုပ်ကာ ဖြတ်သန်းနေရပါတယ်။ စားဝတ်နေရေးအတွက်ကတော့ ဇာတ်မင်းသမီးဘဝက စုဆောင်းထားတာတွေကို ထုခွဲရောင်းချကာ စားသောက်နေရတယ်လို့ဆိုပါတယ်။

ပုံမှန်အားဖြင့် မိုးတွင်းကာလ ဇာတ်နားတဲ့အချိန်တွေမှာ အလုပ်ရှိစဉ်ကရှာဖွေထားတာတွေနဲ့ ထိုင်စားလို့ရခဲ့ပေမယ့် အခုလို ကာလကြာ အလုပ်နားထားခဲ့ရတဲ့အဖြစ်မျိုးကို သဘင်သမားတို့စိတ်တောင်မကူးခဲ့ကြဖူးပါဘူး။

ဒါကြောင့်လည်း အခုလို ဇာတ်သဘင်အလုပ်တွေရပ်နားထားရတဲ့အတွက် သဘင်လောကသားတွေမှာအခက်အခဲ တွေကြုံ တွေ့နေကြရပြီး အများစုက ဈေးရောင်းချတဲ့အလုပ်၊ နီးစပ်ရာအဆင်ပြေတဲ့အလုပ်တွေနဲ့ အသက်မွေးနေကြတယ် လို့ဆို ပါတယ်။

“ တချို့ဆိုလည်း အကြော်တွေကြော်ရောင်း တချို့ဆိုလည်း ပုရစ်ရောင်းတာတို့ဘာတို့ အစုံရှိတယ်။တချို့က ထမင်းဆိုင် တွေမှာလုပ်တယ်။ အနုပညာသမားတွေဆိုတော့ အတန်းပညာဘက်မှာ အားနည်းတဲ့အခါကျတော့ အနုပညာအလုပ်ပဲ လုပ်လာကြတာဆိုတော့အခုမှ အပြင်မှာလုပ်ရမယ်ဆိုဘယ်လိုမှလျှောက်လို့အဆင်မပြေဘူးလေ” လို့ မခင်နှင်းဝေက ရှင်းပြ ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဇာတ်သဘင်လောကသား နှစ်သောင်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံ ဗဟိုသဘင်အစည်းအရုံးရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဇာတ်အဖွဲ့တွေဟာ သီတင်းကျွတ်ကာလကနေ ကဆုန်ကအထိ နယ်လှည့်ဖျော်ဖြေရလေ့ရှိပြီးတော့ ဇာတ်နားတဲ့ လတွေ မှာတော့ ရှေ့နှစ်အတွက် ဇာတ်တိုက်တာတွေပြုလုပ်ကြပါတယ်။ ဇာတ်နားတဲ့ အချိန်မှာတော့ အများစုက ရှာဖွေစုဆောင်း ထားတာတွေနဲ့ စားသောက်ကြသလို တချို့ကလည်း ဈေးရောင်းတာ၊ စက်ချုပ်တာစသဖြင့် နီးစပ်ရာအလုပ်တွေ လုပ်ကိုင် ကြပါတယ်။

ပွဲရာသီရောက်ရင် ဇာတ်ပြန်ကကြရတဲ့အတွက် အခုကာလတွေလောက် စီးပွားရေးမကြပ်တည်းကြဘူးလို့ သဘင်လောက သားတွေကဆိုပါတယ်။

အသက် ၁၆ နှစ်ထဲက ဇာတ်ခုံပေါ်တက်ခဲ့တဲ့ဇာတ်မင်းသမီးနှင်းနှင်း ဆိုရင်လည်း ပွဲတွေမကရတဲ့အခါမှာတော့ ရရာ အ လုပ် တွေကို ရုန်းကန်လုပ်ကိုင်နေရတယ်လို့ဆိုပါတယ်။

“ ပွဲတွေပြန်ကရနိုး ကရနိုးစောင့်နေတာပဲ ကြာတော့ အပြင်အလုပ်က မလုပ်လို့မရတော့ဘူး”လို့ သူကဆိုတယ်။

အလုပ်ရပ်နားထားရတဲ့အချိန် ကြာလာတဲ့အခါမှာတော့ စားဝတ်နေရေးအဆင်မပြေတဲ့အတွက် အွန်လိုင်းကတစ်ဆင့် ကုန်ပစ္စည်းရောင်းတာ၊ အစားအသောက်ရောင်းတာတွေပြုလုပ်ခဲ့ပေမယ့် အစပိုင်းသာအဆင်ပြေပြီး နောက်ပိုင်းမှာတော့ စီးပွားရေး ကြပ်တည်းလာတယ်လို့ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ မနှင်းနှင်းကဖွင့်ဟပါတယ်။

အဲ့ဒီနောက်စက်ရုံတစ်ခုမှာအလုပ်ရခဲ့ပေမယ့် ခြောက်လအကြာမှာတော့ စက်ရုံကအရှုံးပေါ်ကာပိတ်သိမ်းခဲ့တဲ့အတွက် အလုပ်လက်မဲ့ဘဝ ဖြစ်ခဲ့ရပြန်ပါတယ်။

အလုပ်အကိုင်အများစုဟာ အထက်တန်းအောင်မြင်မှသာ ခန့်အပ်ကြတာဖြစ်ပြီး အတန်းပညာဘက်မှာ အားနည်းခဲ့တဲ့ အတွက် အလုပ်ရှာတဲ့အခါမှာ သူများတွေထက်ပိုခက်ခဲခဲ့တယ်လို့ မနှင်းနှင်းကဆိုပါတယ်။

“ အနုပညာအလုပ်ကိုပဲ အသက်မွေးဝမ်းကျောင်းအဖြစ် တစ်သက်လုံးလုပ်ဖို့ အချိန်တွေပေးပြီး အပင်ပန်းခံ သင်လာခဲ့ရ တာလေ၊ အပြင်အလုပ်လုပ်ဖို့လည်းမစဉ်းစားခဲ့ဖူးဘူး” လို့ သူကဆိုပါတယ်။

အလုပ်လက်မဲ့ဖြစ်တာ တစ်လကြာပြီဖြစ်တဲ့သူက လက်ရှိမှာတော့ မိဘတွေနဲ့ နေထိုင်စားသောက်နေရပြီး နောက်အလုပ် တစ်ခုကို ရှာဖွေနေတယ်လို့ မနှင်းနှင်းကဆိုပါတယ်။

အသက် ၁၁ နှစ်ကတည်းက ဇာတ်စင်ပေါ်တက်ခဲ့တဲ့ ဇာတ်မင်းသမီး မမိုးမိုးသဲဟာလည်း အခြားဇာတ်မင်းသမီးတွေနည်းတူ အခက် အခဲ အကြပ်အတည်းတွေနဲ့ ကြုံနေရသူပါ။

ဇာတ်စင်ပေါ်ကနေ ဆင်းရပြီး စက်ရုံတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့သေးပေမယ့် ရတဲ့လစာနဲ့ အသုံးစရိတ်မကာမိတဲ့အတွက် အလုပ်ထွက်ခဲ့ပြီး အဝတ်အစားတွေကို အွန်လိုင်းကတစ်ဆင့်ရောင်းချတဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။

“ အလုပ်မရှိလို့ဒီအတိုင်းကြီးထိုင်စားနေလို့လည်းအဆင်မပြေဘူးလေ။ လုပ်လို့ရတာလေးလုပ်ရတယ်။ ” လို့ မမိုးမိုးသဲ ကဆိုပါတယ်။

ဝင်ငွေရဖို့အတွက် အလုပ်မျိုးစုံလုပ်ကိုင်နေပေမယ့်လည်း ဝါသနာပါရာအလုပ်မဟုတ်တဲ့အတွက် မမိုးမိုးသဲအတွက် အဆင် မပြေဖြစ်နေပါတော့တယ်။ လက်တလောမှာတော့ စက်ချုပ်သင်ကာ မိဘတွေရဲ့ ကြည့်ရှုထောက်ပံ့မှုနဲ့သာ ဖြတ်သန်း နေတယ်လို့ သူကဆိုပါတယ်။

ဇာတ်မင်းသမီးမေမြတ်နိုးခင်ကလည်း “ ဒီသဘင်အလုပ်ကဝါသနာအရရော အသက်မွေးဝမ်းကြောင်းလိုဖြစ်နေတော့ ဒီအနု ပညာကလွဲရင် ဘာမှမလုပ်တတ်တာတော့အမှန်ပဲ ”လို့ ဖွင့်ဟပါတယ်။

ငယ်ငယ်ကတည်းက ပွဲကချင်တာပဲသိခဲ့တဲ့ မင်းသမီးမေမြတ်နိုးခင်ကလည်း အလုပ်တွေ ရပ်နားထားရတဲ့အတွက် ဇာတ်ခုံ ကိုသာလွမ်းနေရသူပါ။

ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့စဉ်ကတည်းကအလုပ်တွေစတင်ရပ်နားထားခဲ့ရစဉ်က ခဏလို့သာထင်ခဲ့ပေမယ့် အခုလို ကာလကြာရှည်စွာ အလုပ်မရှိတော့တဲ့အတွက် အလုပ်ရှိစဉ်ကစုဆောင်းထားတာတွေနဲ့ကျော်ဖြတ်နေရတယ်လို့ သူက ဆိုပါတယ်။

အလုပ်နားထားရတဲ့အတွက်အိမ်မှာပဲသဘင်ပညာ နဲ့ပတ်သက်ပြီးဆက်လက်လေ့လာကာ ရောဂါတွေကင်းရှင်းမယ့်နေ့ကို စောင့်ဆိုင်းနေတယ်လို့ဆိုပါတယ်။

တခြားနယ်ပယ်တွေနဲ့ယှဉ်ပါက ဇာတ်သဘင်လောကဟာ ဝင်ငွေမများတဲ့အပြင် အပင်ပန်းဆုံးအလုပ်ဖြစ်ပေမယ့် သဘင် သမားအားလုံးက ဒီအလုပ်ကိုချစ်မြတ်နိုးလို့ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဇာတ်မင်းသမီးတွေက ဆိုကြပါတယ်။

အနုပညာအလုပ်လုပ်တဲ့သူတွေအနေနဲ့ တခြားအလုပ်တွေထက် အနုပညာအလုပ်သဘင်အလုပ်ကိုသာ ဖက်တွယ်တတ် ကြပြီး မတတ်သာလို့ တခြားအသက်မွေးဝမ်းကျောင်းစားဝတ်နေရေးအတွက် အလုပ်လုပ်ရတဲ့အခါမှာလည်း သဘင်အ လုပ်လောက်သူတို့ပျော်ရွှင်နိုင်မှာမဟုတ်ဘူးလို့ သဘင်ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ မပတ္တမြားကေခိုင်ကမှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ ဇာတ်သဘင်လောကဟာ ရပ်ဆိုင်းနေရပြီး ရပ်ဆိုင်းတာ ကြာတာနဲ့ အမျှလည်း ဇာတ်သဘင်လောက အပေါ်ရိုက်ခတ်မှု ရှိနေပါတယ်။ အဲ့ဒီအထဲမှာ အခြေအနေတွေပြန်ကောင်းလို့ ဇာတ်သဘင်လောက ပြန်လည်ပတ်မယ်ဆို ရင်တောင် ဒီအလုပ်နဲ့ အသက်မွေးမယ့်သူတွေ နည်းပါးနိုင်တဲ့အပေါ်လည်း သဘင်လောကသားတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

“ သဘင်မင်းသမီးပညာကိုလေ့လာလိုက်စားပြီး ဒီအတတ်နဲ့အသက်မွေးမယ့် သူတွေကအရင်ကထက် ထက်ဝက်လောက် ကို လျော့ကျသွားနိုင်တယ်” လို့ မပတ္တမြားကေခိုင်ကမှတ်ချက်ပြုပါတယ်။

ဒါ့အပြင် “ သဘင်သမားတွေဟာ ဝါသနာအရ ဇာတ်သဘင်နဲ့အငြိမ့်အဖွဲ့တွေကို ထိန်းသိမ်းနေကြတာ အခုလို ရောဂါနဲ့ နိုင်ငံရေးအခြေအနေ တွေကြောင့်ရပ်နားလိုက်ရပြီး ပြန်လုပ်ဆို သက်ဆိုင်ရာ အစိုးရပိုင်းက တာဝန်ရှိတဲ့သူတွေက အင်နဲ့ အားနဲ့ကို ပံ့ပိုးမှာရှင်သန်နိုင်မယ်။ မဟုတ်ရင်ကိုယ့်ငွေနဲ့ပြန်ပြီးရပ်တည်ဖို့ ထူထောင်ဖို့ဆိုတာမလွယ်ဘူး။ တော်တော်လေး အခက်အခဲရှိသွားပြီ။ အစိုးရနေမြင့်တင်မှရမယ်။ မဟုတ်ရင်တစ်နိုင်တစ်ပိုင်လုပ်နေတာက အခက်အခဲအရမ်းဖြစ်သွားပြီ။ ဒီအခြေအနေမှာတော်တော်လေးယိုင်နဲ့နေပြီလို့ပဲပြောချင်ပါတယ်”လို့ သူကဆိုပါတယ်။

ဇာတ်မင်းသမီးနှင်းနှင်းကတော့ သူဝါသနာပါရာ ဇာတ်ခုံပေါ်ကနေ ဆင်းခဲ့ရပြီးနောက် အသက်မွေးဝမ်းကျောင်းအတွက် သင့်တော်ရာ အလုပ်တွေ လုပ်ကိုင်နေရင်း တစ်နေ့ ဇာတ်ခုံပေါ်ကို ပြန်လည် တက်လှမ်းဖို့ပဲ မျှော်လင့်နေတယ်လို့ ယခုလို ဆိုတယ်။

“ အခြေအနေတွေပြန်ကောင်းသွားရင် ကိုယ်စိတ်ပျော်တဲ့ ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်လေးပဲပြန်လုပ်ချင်တယ် ”

Related Articles