Home ဆောင်းပါး သွေးအေးမသွားတဲ့ နွေဦးတော်လှန်ရေးထဲက အမျိုးသမီးတွေ

သွေးအေးမသွားတဲ့ နွေဦးတော်လှန်ရေးထဲက အမျိုးသမီးတွေ

Honest Information (HI)

ရန်ကုန်မြို့ရဲ့မနက်ခင်းဟာ လမ်းဖြတ်ကူးသူ၊ ဘက်စ်ကားစောင့်သူ၊လက်ဖက်ရည်ဆိုင်ထိုင်နေသူနဲ့ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။

ဒီလိုပုံမှန်အတိုင်းလည်ပတ်နေတဲ့ မနက်ခင်းကို “ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ဒို့အရေး… ဒို့အရေး… စစ်အာဏာရှင်စနစ်ကျဆုံးရေး… ဒို့အရေး” ဆိုတဲ့ကြွေးကြော်သံတွေက စတင်လှုပ်နိုးလိုက်ပါတော့တယ်။

ငြိမ်သက်နေတဲ့ လမ်းမဟာ အချိန်တိုအတွင်းမှာပဲ အလံကိုင်သူတွေ လက်သုံးချောင်းထောင်သူတွေ ကြွေးကြော်သံဆိုသူတွေနဲ့ ပြည့်နှက်သွားပါတော့တယ်။

ဒီသပိတ်စစ်ကြောင်းတွေဟာ လူရာချီပြီးမပါဝင်တော့သလို စစ်ကြောင်းချီတက်တဲ့ အချိန်ကာလက တိုတောင်းလွန်းလှပါတယ်။ စစ်ကြောင်းမှာပါသူတွေရဲ့ ခြေလှမ်းတွေဟာလည်း အပြေးတစ်ပိုင်းနဲ့ အလျင်စလို ချီတက်ကြရတာကိုတွေ့ရပါတယ်။ အကြောင်းကတော့ ဒါဟာပြောက်ကြားသပိတ်တွေဖြစ်လို့ပါပဲ။

သပိတ်စစ်ကြောင်းတွေကို စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းမှုတွေ၊ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေ ပြုလုပ်တာ၊ ဆန္ဒပြပွဲမှာပါဝင်တဲ့သူတွေကို ဖမ်းဆီးတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို အခုလို ပုံစံပြောင်းပြီး ပြောက်ကြားသပိတ်အဖြစ်ဆင်နွဲရတာဖြစ်ပါတယ်။

ပြောက်ကြားသပိတ်တွေမှာ လူရာချီပြီးမပါဝင်တော့ပေမယ့် ပြောက်ကြားသပိတ်ဆင်နွှဲသူတွေရဲ့ စစ်အာဏာကို တွန်းလှန်စိတ်တွေကတော့ နည်းနည်းလေးမှ လျော့ပါးမသွားခဲ့ပါဘူး။

ဖေဖော်ဝါရီလအစောပိုင်းက စတင်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာတော့ တစ်နိုင်ငံလုံးအနှံ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အလွှာပေါင်းစုံက ပြည်သူတွေဟာ သပိတ်အကြောင်းတိုင်းမှာ ပါဝင်ပြီးတော့ အကြောင်းအရာ ခေါင်းစဉ်မျိုးစုံနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။

အစောပိုင်း သပိတ်စစ်ကြောင်းတွေမှာဆိုရင် ထမင်း၊မုန့်၊ရေသန့်လှူသူတွေနဲ့ပြည့်နှက်နေခဲ့ပြီးတော့ သပိတ်စစ်ကြောင်း အသွားအပြန်အတွက် အကြိုအပို့စီစဉ်ပေးသူတွေအထိ စစ်အာဏာရှင်ကို တက်ညီလက်ညီ ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ စစ်တပ်က သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွင်းတာအပြင် ဆန္ဒပြပွဲမှာ ပါသူတွေ၊CDM လုပ်သူတွေစသဖြင့် လူပေါင်းများစွာကို ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် သပိတ်စစ်ကြောင်းတွေ ထွက်ဖို့ အားလျော့သွားစေခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုလေးလအတွင်း ပြည်သူအရေအတွက် ၄၇၀၀ ကျော်ဟာလည်း အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရပြီး ပြည်သူတစ်ထောင်ကျော်ဟာလည်း ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေကြရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

ဒီလိုဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေရှိနေပေမယ့်လည်း တော်လှန်ရေးမှာ အသက်ပေးလိုက်ရသူတွေ၊ အဖမ်းခံရထားရသူတွေ၊CDM ဝန်ထမ်းတွေအတွက် သွေးမအေးတဲ့လူငယ်တွေက လမ်းပေါ်ထွက်ပြီး ပြောက်ကြားသပိတ်တွေ ဆက်လက်ဆင်နွှဲနေပါတယ်။

ပြောက်ကြားသပိတ်ဆင်နွှဲသူတွေထဲမှာ အမျိုးသမီးတွေလည်းပါဝင်ပါတယ်။

“ရန်ကုန်ကဒီအတိုင်းသွေးအေးသွားတာမဟုတ်ပဲနဲ့ဒီအတိုင်း နိုးကြားတတ်ကြွစွာရှိနေသေးတဲ့အတွက် ရရင်ရသလို ပြောက်ကြားသပိတ်တွေမှာပါဖြစ်ခဲ့တယ်”လို့ ပြောက်ကြားသပိတ်ဆင်နွှဲသူတစ်ဦးဖြစ်တဲ့ မလင်းလင်းကပြောပါတယ်။

ပြောက်ကြားသပိတ်တွေမှာ ပါဝင်ရတာဟာ မလွယ်ကူလှပါဘူး။

စစ်ကောင်စီရဲ့တပ်တွေဟာနေရာတိုင်းမှာ ရှိနေပြီးတော့ အချိန်မရွေးစစ်ဆေးတာ၊ လူငယ်ဆိုရင် အကြောင်းအရင်းမရှိ ဖမ်းဆီးတာတွေကြောင့် ပုံမှန်သွားလာနေရင်တောင် စိုးရိမ်ထိတ်လန့်နေရတဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။

တင်းကြပ်တဲ့လုံခြုံရေး အခြေအနေတွေကြားက ပြောက်ကြားသပိတ်ထွက်ဖို့အတွက် ကြိုတင်ပြင်ဆင်ရတာ၊ ဒလန်လို့ခေါ်တဲ့ သတင်းပေးတွေအန္တရာယ်ကိုရှောင်ရတာနဲ့ ဖမ်းဆီးမခံရအောင် ရှောင်တိမ်းရတာက ပြောက်ကြားသပိတ်ဆင်နွဲဖို့အတွက် ကြိုတင်ပြင်ဆင်ရတဲ့ အရာတွေဖြစ်ပါတယ်။

ဖေဖော်ဝါရီအစောပိုင်းက သပိတ်စစ်ကြောင်းတွေကို စစ်တပ်ကဖြိုခွင်းပြီး ဖမ်းဆီးမှုတွေရှိခဲ့ပေမယ့်လည်း ဆန္ဒပြလူငယ်တွေကို နီးစပ်ရာပတ်ဝန်းကျင်အိမ်တွေက ဖွက်ထားပေးတာ၊ ကားတွေပိတ်ရပ်ပေးတာ၊ ဖမ်းဆီးမခံရအောင်ကူညီပေးတာတွေ ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ စစ်တပ်က သပိတ်စစ်ကြောင်းပြုလုပ်တဲ့ရပ်ကွက်တွေကို အကြမ်းဖက်တာ၊

လူငယ်တွေဖမ်းဆီးမခံရအောင် ကူညီတဲ့အိမ်တွေကို ဖျက်စီးတာ၊အိမ်ရှင်ကိုဖမ်းဆီးတာမျိုးတွေအထိ ပြုလုပ်လာကြတဲ့အတွက် တချို့ပြည်သူတွေဟာ ဆန္ဒပြလူငယ်တွေကို မကူညီနိုင်တော့ပါဘူး။

ဒီလို မကူညီနိုင်တော့တဲ့အတွက် အပြစ်မမြင်တဲ့အပြင် ပတ်ဝန်းကျင်ကပြည်သူတွေဘေးကင်းဖို့အတွက်သာ ကြည့်ပြီး ပြောက်ကြားသပိတ်တွေမှာ ပါဝင်နေကြပါတယ်။

“ လာရောက်ဖြိုခွင်းတာတွေ နဲ့ ကြုံတဲ့ အခါမျိုးတွေကြ အိမ်တွေကမဖွင့်ပေး လမ်းတွေကအဝင်မခံတာမျိုးဆို အသက်စွန့်ပြေးရတာပေါ့။ များသောအားဖြင့်ပြည်သူတွေမထိခိုက်အောင် အသက်စွန့်ပြေးတာများပါတယ်”လို့ ပြောက်ကြားသပိတ်မှာပါဝင်တဲ့ မကေခိုင်က သူ့အတွေ့အကြုံကိုပြောပါတယ်။

ဖေဖော်ဝါရီအစောပိုင်းက ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ပြည်သူတွေအတွက် အခမဲ့အကြိုအပို့ စီစဉ်ပေးမှုတွေ ရှိခဲ့ပေမယ့် အခုပြုလုပ်တဲ့ပြောက်ကြားသပိတ်တွေ လူစုခွဲပြီးအိမ်ပြန်ရာမှာတော့ အငှားကားတွေက မရပ်ပေးတဲ့အထိ အခြေအနေတွေကကွာခြားခဲ့တယ်လို့ ပြောက်ကြားသပိတ်မှာပါဝင်တဲ့ အမျိုးသမီးတွေက ဆိုပါတယ်။

အများစုက မကူညီနိုင်ကြပေမယ့် အခြေအနေပေးတဲ့အခါမှာတော့ ကူညီပေးသူအချို့လည်းရှိနေပါသေးတယ်။

ပြောက်ကြားသပိတ်ပြုလုပ်တဲ့ တချို့ဈေးတွေ ရပ်ကွက်တွေက ပြည်သူတွေကတော့ ကြွေးကြော်သံ လိုက်ဆိုကြတာ၊လက်သုံးချောင်းထောင်တာနဲ့ ရေသန့်ဗူးတွေပေးတာတွေကို တတ်နိုင်သလောက် ပြုလုပ်ကြတယ်လို့ သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ အမျိုးသမီးငယ်တွေကပြောပါတယ်။

အခြေအနေပေးတဲ့အခါမှသာ ပြည်သူအနည်းစုကသာကူညီပေးနိုင်ကြပြီး တချို့ဆို လူငယ်တွေ သပိတ်စစ်ကြောင်းထွက်နေတာကို အလုပ်ပိုလုပ်တယ်လို့မြင်တဲ့သူတွေလည်းရှိတယ်လို့ မလင်းလင်းက ဆက်ပြောပါတယ်။

“ဒီအချိန်အထိလမ်းပေါ်မှာဘာလို့ထွက်နေကြသေးတာလဲ အိမ်ထဲမှာနေတော့လေ။ သူတို့လုပ်လို့ လမ်းတွေပိတ်ကုန်တာလေ၊ သူတို့လုပ်လို့အစစ်ဆေးတွေများနေတာလေဆိုပြီးပြောတဲ့သူတွေရှိတယ်”လို့ မလင်းလင်းကသူ့အတွေ့အကြုံကိုပြောပြပါတယ်။

“ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကိုကြည့်ပြီး ပါဝင်ပတ်သတ်ချင်စိတ်မရှိတော့တာ၊ အကြောက်တရားက အနိုင်ယူသွားတာ၊ တော်လှန်ရေးမှာ အတူတူမျှဝေခံစားချင်စိတ် မရှိတော့တာတွေကြောင့် ဖြစ်နိုင်ပါတယ်” လို့မခက်ခက်ဇော်ကမှတ်ချက်ပြုပါတယ်။ မခက်ခက်ဇော်ဟာ ရန်ကုန်မြို့က ပြောက်ကြားသပိတ်တွေမှာ တတ်တတ်ကြွကြွနဲ့ပါဝင်နေသူတစ်ဦးပါ။

ဒီလိုပြောက်ကြားသပိတ်မှာပါဝင်တဲ့လူငယ်တွေကြုံတွေ့ရတဲ့ အခက်အခဲဟာရန်ကုန်မြို့တစ်ခုထဲပဲမဟုတ်ပါဘူး။

ထားဝယ်မြို့ကပြောက်ကြားသပိတ်တွေမှာပါဝင်တဲ့ မမိုးသီရိလည်းအလားတူ အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ သူကပြောပါတယ်။

ဒီလိုအခက်အခဲတွေရှိနေပေမယ့်လည်း အာဏာရှင်ကိုတော်လှန်ကြောင်းနေ့စဉ်ပြသဖို့အတွက် ပြောက်ကြားသပိတ်တွေမှာ ပါဝင်နေရတာဖြစ်တယ်လို့ သူကဆိုပါတယ်။

“ဒီတိုင်းနေနေရင် သွေးအေးသွားပြီလား ပြန်ပြီးလည်ပတ်နေတဲ့အခါကျရင် အရှေ့ကလုပ်လာခဲ့တဲ့အလုပ်တွေ ပေးဆပ်ခဲ့ရတဲ့သူတွေ သူတို့အတွက်တာဝန်မကျေဘူးလို့ခံစားရတယ်။ နောက်တခုက ဒီလိုပုံမှန်အတိုင်း လည်ပတ်နေမယ်ဆိုရင် ညီမတို့လုပ်နေတဲ့အရာတွေက အာဏာရှင်ကိုတော်လှန်တဲ့အရာတွေက မအောင်မြင်မှာစိုးလို့ အခက်အခဲတွေကြားထဲက ဆက်ပြီးထွက်နေတာဖြစ်တယ်”လို့ မမိုးသီရိက သူ့ခံယူချက်ကိုပြောပါတယ်။

ထားဝယ်ကပြောက်ကြားသပိတ်မှာ ပါဝင်နေသူအများစုဟာ ဆိုင်ကယ်တွေနဲ့လာကြသူတွေဖြစ်ပြီး စုရပ်မှာကျန်ခဲ့တဲ့ဆိုင်ကယ်တွေကို စစ်တပ်ကသိမ်းယူသွားတဲ့အခါမှာတော့ ဆိုင်ကယ်မရှိတော့တဲ့အတွက် သပိတ်တွေမှာ ပါဝင်နိုင်ဖို့ အခက်အခဲတွေရှိသွားတယ်လို့ မမိုးသီရိကပြောပါတယ်။မြို့တစ်မြို့နဲ့သွားလာလို့ရတဲ့ တံတားတွေကိုပိတ်ပြီး စစ်ဆေးတာတွေပြုလုပ်တာကလည်း သပိတ်စစ်ကြောင်းတွေပူးပေါင်းဖို့အတွက် အခက်အခဲဖြစ်စေပါတော့တယ်။

ဖိနှိပ်မှုမျိုးစုံကြောင့် မြို့နေလူထုအနေနဲ့လူငယ်တွေရဲ့ ပြောက်ကြားသပိတ်တွေမှာ မပါဝင်ကြပေမယ့် တတ်နိုင်သလောက် နောက်ကွယ်ကနေတတ်နိုင်သလောက်ကူညီပေးကြတာတွေရှိတယ်လို့ မမိုးသီရိက ဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီဘက်က သပိတ်စစ်ကြောင်းတွေကိုဖြိုခွင်းတဲ့အခါမှာ အိမ်စီးကား၊ရဲကား၊စစ်ကားတွေနဲ့ တိုက်ဖမ်းတာ၊ဆိုင်ကယ်နဲ့တိုက်ဖမ်းတာ၊ အရပ်ဝတ်တွေဝတ်ပြီးဝင်ရောက်ဖမ်းဆီးတာစတဲ့ နည်းလမ်းတွေကိုလည်း အသုံးပြုလာကြပါတယ်။

ပြောက်ကြားသပိတ်တွေရှိနေတာဟာ စစ်ကောင်စီအတွက်တုန်လှုပ်စရာတစ်ခုဖြစ်စေပြီး သူတို့ တုန်လှုပ်တဲ့အတွက် အခုလိုနည်းအမျိုးမျိုးသုံးပြီး ဖြိုခွင်းမှုတွေ ပြုလုပ်နေတာပဲဖြစ်တယ်လို့ ပြောက်ကြားသပိတ်မှာပါဝင်တဲ့ အမျိုးသမီးငယ်တွေကမှတ်ချက်ပြုပါတယ်။

“ဒီသပိတ်တွေဆက်ရှိနေခြင်းအားဖြင့် ပြည်သူတွေဟာ အခုအာဏာသိမ်းပြီး ၄ လကျော်ကြာသည်အထိ သူတို့ရဲ့အုပ်ချုပ်မှုကို မလိုလားဘူး။ ဖိနှိပ်မှုတွေ ရှိနေသည့်တိုင် ရရင်ရသလို တွန်းလှန်နေတယ်ဆိုတာကို သိသာစေပါတယ်။ တစ်နည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာအရ ထိုးနှက်မှုဖြစ်စေနိုင်တယ်”လို့မခက်ခက်ဇော်ကဆိုပါ တယ်။

ပြောက်ကြားသပိတ်မှာပါဝင်နေတဲ့ အမျိုးသမီးငယ်တွေကတော့ အဖမ်းမခံရခင်၊ အသက်မသေဆုံးခင်အထိ တတ်နိုင်တဲ့ဘက်ကနေ စစ်အာဏာရှင်ကိုဆက်လက်တော်လှန်နေဦးမယ်လို့ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထုအနေနဲ့လည်း ပြောက်ကြားသပိတ်တွေဆင်နွှဲတဲ့ လူငယ်တွေကိုအပြစ်မြင်ဘဲ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

“ဒါတွေ လုပ်နေတာကလဲ ပြည်သူ့အတွက်ပဲ မို့ မငြိုငြင်စေချင်ပါဘူး ခဏလောက်တောင့်ခံ ပူးပေါင်းပြီး အဆုံးထိ ကျွန်မတို့နဲ့ ပူးပေါင်းဖို့ တောင်းဆိုချင်ပါတယ်”လို့ မကေခိုင်ကဆိုပါတော့တယ်။

Related Articles