Home သတင်း သားရဲ့အနာဂတ်အတွက်ဆိုပြီး တော်လှန်ရေးမှာအသက်ပေးသွားခဲ့ရတဲ့ ဒိုင်းကာသူရဲကောင်းမိခင်

သားရဲ့အနာဂတ်အတွက်ဆိုပြီး တော်လှန်ရေးမှာအသက်ပေးသွားခဲ့ရတဲ့ ဒိုင်းကာသူရဲကောင်းမိခင်

Honest Information (HI)
တော်လှန်ရေးကာလမှာ စစ်အာဏာရှင်ကို တော်လှန်တဲ့သူတွေကို ကာကွယ်ပေးရင်းနဲ့ ဒိုင်းကာကိုင်ပြီး ရဲရဲဝံ့ဝံ့ ရှေ့ဆုံး တန်းမှာ နေရာယူပေးနေရင်း အသက်ပေးဆပ်ရတဲ့သူတွေဟာ မနည်းလှတော့ပါဘူး။

ဒီထဲမှာ ပါဝင်အသက်ပေးခဲ့တဲ့သူတစ်ဦးကတော့ မြင်းခြံမြို့က မပန်းမြတ်ချယ် (ခေါ်) ဆိုမီယာဆိုတဲ့ ဒိုင်းကာအမျိုးသမီး တဦးပါ။ စစ်အာဏာရှင်ဖြိုခွင်းလာမည့်ကျည်ကို မိမိရဲဘော်ရဲဘက်တွေမထိရန် အသက်ပေးပြီးကာပေးခဲ့တဲ့ အမျိုးသမီး သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ သူဟာ အသက် ၂၂ အရွယ်သာရှိသေးပြီး သားရှင်မိခင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဆိုမီယာတယောက် စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အကြမ်းဖက်အာဏာရှင်ကျဆုံးရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး နဲ့ ကလေးတွေအနာဂတ်အတွက် နေ့စဉ်စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုသပိတ်ထဲမှာ ပါဝင်ခဲ့ပါတယ်။

သူက ဆန္ဒပြတဲ့အထဲ ရှေ့ဆုံးက ကျည်ဆန်တွေကို အံတုရမယ့် ဒိုင်းကာနေရာကပါဝင်ခဲ့တာပါ။ ဒိုင်းကာရတဲ့အလုပ်ဟာ အလွန်အန္တရာယ်များတဲ့အလုပ်ဖြစ်ပြီး ထိုထဲမှာအမျိုးသမီးတွေက မကြောက်မရွံ့ဘဲ ဦးဆောင်ပြီး အာဏာသိမ်း စစ်ကောင် စီကို တိုက်ထုတ်နေကြတာပါ။

“ သပိတ်စတဲ့ရက်ကနေ သူ(ဆိုမီယာ)သေတဲ့အထိ တစ်ရက်မှမပျက်ဘူး။ တစ်ရက်တလေ နားခိုင်းတာတောင်မနားဘူး။ သားရဲ့အနာဂတ်အတွက်ဆိုပြီး ထွက်သွားတာပဲ။ တားလို့လည်းမရဘူး”လို့ ဆိုမီယာရဲ့ မွေးစားမိခင်ဒေါ်သန်းရီက ဝမ်းနည်း စွာဖြင့် ပြန်လည်ပြောပြပါတယ်။

မတ် ၁၅ ရက် မနက်မိုးလင်းချိန်တွင် ဆိုမီယာတယောက် အိပ်ယာမှစောစောထပြီး လူထုသပိတ်သွားရန် ပြင်ဆင်နေချိန် မိခင်ဖြစ်သူ ဒေါ်သန်းရီက မသွားဖို့ တားမြစ်ခဲ့ပါသေးတယ်။

“ အဲ့နေ့က သူအထွက်မှာဆိုင်ကယ်လဲကျသွားတယ်။ နမိတ်လားတော့မသိဘူး။ သူ့ကိုတားလည်းမရတော့ဘူး။ သူက အရှိန်နဲ့မောင်းထွက်သွားတယ်”လို့ ဆိုမီယာကျဆုံးသွားတဲ့ မတ်(၁၅)ရက်မနက်ပိုင်းမှာ နောက်ဆုံးမြင်ကွင်းကို ဒေါ်သန်း ရီက ပြန်ပြောပြပါတယ်။

ဆိုမီယာဟာ ငယ်စဉ်အရွယ်ကတည်းက ရဲရင့်တဲ့စိတ်၊ ပြတ်သားတဲ့စိတ်ရှိပြီး ဆုံးဖြတ်ထားတဲ့အရာကို တားမြစ်လို့မရတဲ့ ပင်ကိုယ်ဗီဇရှိသူတဦးဖြစ်ပါတယ်။

သူဟာ ဦးဆောင်လိုတဲ့စိတ် အဖွဲ့ကိုကာပေးချင်တဲ့စိတ်ရှိတဲ့အတွက် မတ် ၁၅ ရက် မနက်ပိုင်းမှာ အကြမ်းဖက် စစ်အာဏာ ရှင်က မြင်းခြံလူထုသပိတ်ကို ဖြိုခွင်းတဲ့အခါ ဒိုင်းကာပေးတဲ့ ဆိုမီယာတို့ နောက်ပြန်လှည့်ဆုတ်ခွာချိန် သေနတ်နဲ့လှမ်း ပစ်တာကြောင့် ဆိုမီယာရဲ့ နောက်ကျောသေနတ်ဖောက်ထွက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့ရပါတယ်။

“ စနိုက်ပါသမားလက်ချက်လို့ ပြောရမယ်။ ကျည်ထိဒဏ်ရာက နောက်ကျောကနေ အရှေ့ဖောက်ထွက်နှလုံးကိုထိတာ။ သူတို့နောက်ပြန်ဆုတ်ချိန်ပစ်လိုက်တဲ့သဘောပဲ ” လို့ မိခင်ဖြစ်သူ ဒေါ်သန်းရီက သူ့အမြင်ကို ဆိုပါတယ်။

“ သူမကျဆုံးခင်က ဖမ်းဆီးသွားရင် မတော်မရော်ခံရမှာတွေတွေးပြီးစိုးရိမ်ခဲ့တယ်။ မိန်းကလေးတစ်ယောက် ဖမ်းခံရရင် ရဲတွေကမတော်မရော်တွေ ပြုကျင့်တယ်ဆိုတာသိနေတော့ ကျွန်မတွေးပြီးကြောက်ခဲ့တယ်” လို့ ဒေါ်သန်းရီက စိတ်မ ကောင်းစွာနဲ့ ပြန်ပြောပါတယ်။

ဒါ့ပေမယ့် ဖမ်းဆီးခံရမယ်လို့ ထင်ထားတဲ့အတိုင်းမဟုတ်ဘဲ တော်လှန်ရေးမှာ ကျဆုံးသွားရတဲ့အထိ ဖြစ်လာမယ်လို့ မထင်မိကြောင်းနဲ့ ဆိုမီယာရဲ့သား မျက်နှာမြင်တိုင်းလည်း ဝမ်းနည်းနေရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

မြင်းခြံလူထုသပိတ်ပါဝင်ခဲ့တဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း ဆိုမီယာကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ မိခင်တဦးဖြစ်ပြီး ရှေ့ထွက်ဒိုင်းကာပေးတဲ့စိတ်ဓာတ်ကို လေးစားဂုဏ်ယူရကြောင်းလည်း ဒိုင်းကာတဲ့ အဖွဲ့မှာပါဝင်တဲ့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့အဖွဲ့ထဲမှာဆိုရင် မိန်းကလေးဆို သူ(ဆိုမီယာ)တစ်ယောက်ပဲရှိတာ။ သူကအရမ်းသွက်တယ်။ စိတ်လည်း မြန်တယ်။ ကြောက်စိတ်လည်းမရှိဘူး။ ကျနော်တို့ သူနောက်ကပဲ၊ သူ့သတ္တိကချီးကျူးဂုဏ်ပြုတယ်။ အလေးပြုရတဲ့ သူရဲ ကောင်းပါ” လို့ အဆိုပါအမျိုးသားက ထပ်လောင်းပြောပါတယ်။

လူထုသပိတ်ရှေ့ဆုံးမှာ ဒိုင်းကာပေးတဲ့သူတိုင်းဟာ မိမိအသက်ကိုမိမိမပိုင်ဆိုင်တော့ဘဲ၊ အလွန်သတ္တိရှိရမယ့်သူဖြစ်ပြီး အန္တရာယ်အများဆုံးလူလည်း ဖြစ်ပါတယ်။

“ ကျွန်မဆိုမီယာရဲ့ သူငယ်ချင်းဖြစ်ရတာဂုဏ်ယူတယ်။ သူကမြင်းခြံပြည်သူတွေရဲ့ ရင်ကိုထိအောင်လုပ်ပေးတာ။ ဒိုင်းကာ တယ်ဆိုတာ ယောက်ျားတွေတောင် အားလုံးမလုပ်နိုင်တာ။ သူလုပ်နိုင်တဲ့အတွက်ဂုဏ်ယူတယ်” လို့ ဆိုမီယာရဲ့အိမ်နီးချင်း သူငယ်ချင်းအေးမာ (အမည်လွှဲ)က ပြောပါတယ်။

မိမိနဲ့အနီးကပ်ဆုံး သူငယ်ချင်းတစ်ယောက် ပေးဆပ်လိုက်ရတဲ့အတွက် တော်လှန်ရေးကိုလည်း ဆက်လက်ပြီး ချီတက် လုပ်ဆောင်သွားမယ်လို့ အေးမာက အခိုင်အမာ ဆိုပါတယ်။

“ ဆိုမီယာပေးဆပ်ခဲ့ရတဲ့အသက်အတွက် ဒီမိုကရေစီရအောင် ကြိုးစားသွားမယ်၊ ဆက်ပြီးလုပ်စရာရှိတာလုပ်သွားမယ်” လို့ အေးမာက ပြောပါတယ်။

အမျိုးသားတိုင်း မလုပ်ဆောင်နိုင်တဲ့အလုပ်ကို ဆိုမီယာလုပ်ခဲ့တဲ့အတွက် “ ငါတို့ရှုံးပါတယ်။ မင်းကနိုင်ပါတယ်။ အားလုံး ထဲမှာ မင်းကသတ္တိကောင်းသူပါ။ ငါတို့အလေးပြုပါတယ်။ တော်လှန်ရေးအောင်တဲ့အထိ ငါတို့ဆက်တိုက် သွားမယ်” ဆိုပြီး တော်လှန်ရေးသူငယ်ချင်းတွေက ဆိုမီယာရဲ့ နာရေးကို လိုက်ပို့စဉ်က ပြောသွားကြပါတယ်။

သူရဲကောင်းမိခင်ဆိုမီယာဟာ ငယ်စဉ်ကတည်းက မကြောက်မရွံ့ဘဲ အရာရာကို ရဲရဲရင့်ရင့်ပြတ်သားစွာ လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း ဆိုမီယာအတွက် ဂုဏ်ယူမဆုံးဖြစ်ရကြောင်းလည်း မိခင်ဖြစ်သူက ဝမ်းနည်းစွာဖြင့် ပြောပါတယ်။

“ ကျွန်မကတော့ဂုဏ်ယူပါတယ်။ သူ့ကိုနှမြောပေမယ့်ဂုဏ်ယူတယ်။ သူ့သားလည်းသူ့အတွက်ဂုဏ်ယူနေမှာပါ”လို့ မိခင်က ငိုရှိုက်သံနဲ့ ပြောပြပါတယ်။

ဆိုမီယာကျဆုံးသွားသော်လည်း သူရဲ့ ၄ နှစ်သားအရွယ် သားငယ် ခင်မောင်ထွန်း (ခေါ်)အနက် တစ်ယောက်ကတော့ စစ် အာဏာရှင်ကို ည ၈နာရီရောက်တိုင်း သံဗုံးတီးပြီး ဆက်လက်တော်လှန်နေတယ်လို့ သူက စိတ်မကောင်းစွာ ပြောပြလာပါ တယ်။

“ သူ့သားကတော့ ညနေမိုးချုပ်ရင် သံဗုံးတီးတယ် မင်းအောင်လှိုင်းနားငြီးအောင်။ တုတ်တွေ့ရင်တုတ်ကိုင် ထင်းတွေ့ရင် ထင်းကိုင် အဲ့ဒါမကိုင်နဲ့ပြောရင်လည်းမရ မင်းအောင်လှိုင်လူတွေလာရင် ရိုက်မယ်သတ်မယ်ဆိုပြီးပြော။ ကလေးက အမေ လိုပဲ” လို့ သူက ဆိုပါတယ်။

ဆိုမီယာရဲ့သားဟာ မိခင်ကျဆုံးမှုဟာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတွေလက်ချက်ကြောင့်ဆိုတာ ကောင်းမွန်စွာ သိရှိထားတဲ့အတွက် ထိုသူတွေကို လက်စားချေဖို့အတွက် အမြဲတမ်းတုတ်တွေကိုင်ထားတယ်လို့ဆိုပါတယ်။

“ အမေက သနားစရာလေး မင်းအောင်လှိုင်ရဲ့သေနတ်ကြောင့်သေသွားတာ။ မင်းအောင်လှိုင်ရဲ့ လူတွေလာရင် ရိုက်မယ် ဆိုပြီး တုတ်ကိုမိုးလင်းမိုးချုပ်ကိုင်ထားတော့တာပဲ”လို့ ဆိုမီယာရဲ့သားအကြောင်းကို ဒေါ်သန်းရီက ပြန်ပြောပြပါတယ်။

မိခင်တစ်ယောက်အနေနဲ့တော့ သူရဲ့သမီးမျက်နှာကို တီဗွီဖန်သားပေါ်မြင်တိုင်း၊ လူမှုကွန်ရက်စာမျက်နှာ (ဖေ့ဘွတ်စ်)ပေါ် မြင်တိုင်း မျက်ရည်ကျရသလို ကျန်ရစ်ခဲ့တဲ့ဆိုမီယာရဲ့ သားမျက်နှာမြင်တိုင်းလည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

Related Articles