Home သတင်း ဦးဂါရွာသူကို အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သား ၃ဦးကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

ဦးဂါရွာသူကို အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သား ၃ဦးကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်


မိုးမိုး။ ။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါရွာမှ အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သား သုံးဦးကို စစ်ဖက်ဆိုင်ရာ တရားရုံးက ယနေ့မနက်ပိုင်းတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်သည်။

“တရားခံ တဦးကို ထောင်ဒဏ်နှစ် ၂၀ဆီနဲ့ အလုပ်ကြမ်းချမှတ်လိုက်ပါပြီ။ အခုပဲ တရားခံတွေကို စစ်တွေထောင်ကို ပို့လိုက်ပါပြီ။ ၃ ယောက်စလုံးကို ပြစ်ဒဏ် ညီတူညီမျှပါပဲ” လို့ ယင်းအမှုကိုလိုက်ပါဆောင်ရွက်နေသူ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

ယခု တပ်မတော်သား ၃ ဦးအပေါ် ပြစ်ဒဏ်ချမှတ်လိုက်သည့် ပြစ်မှုများကို အရပ်ဖက် အဖွဲ့အစည်းများ အနေဖြင့် ကျေနပ်မှုကြောင်း၊ အရပ်ဖက်တရားရုံးနှင့် စစ်ဖက်တရားရုံး တို့မှ ချမှတ်သည့် ပြစ်ဒဏ်များမှာ ထပ်တူ ညီမျှ ရှိသည့် အတွက် ကျေနပ်ကြောင်း ဒေါ်ညိုအေးက ဆက်ပြောသည်။

“ကျမတို့ရဲ့ CSO တွေရဲ့ ကြိုးစားပမ်းစားပြီး (အဖွဲ့အစည်း)၁၀၀ ကျော်က ထောက်ခံခဲ့ပြီး လုပ်ခဲ့တဲ့ အတွက် ကျမတို့ ရခိုင်ပြည်နယ် အတွက် အောင်မြင်မှု တခုလို့ ပြောလို့ရပါတယ်” ဟု ဒေါ်ညိုအေးက ပြောသည်။

ပြီးခဲ့သော ဇွန်လ ၂၉ ရက်နေ့က ဦးဂါကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတခုမှ တပ်ဖွဲ့ဝင် ၃ ဦးမှာ ၎င်းနေ့ ညနေ ၁၁ နာရီ အချိန်ခန့်တွင် တရားလို အမျိုးသမီးအား မိသားစုနှင့် အတူရှိနေစဉ် စစ်ဆေးစရာ ရှိသည်ဟု ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင်က သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ပြောကြားထားသည်။

အဆိုပါအဖြစ်အပျက်အတွက် ကာယကံရှင် က ဇူလိုင် လ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မ ရဲစခန်းသို့ လာရောက်ကာ အမှုဖွင့် လှစ်ခဲ့ပြီးနောက် ၅ လအကြာတွင် အပြီးသတ် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုတိုင်ကြားချက်အပေါ် စစ်တွေမြို့မ ရဲစခန်းမှ ပ / ၃၅၅ / ၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်းပါဝင်မှု၊ ရာဇ သတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမယှက်စပ်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိန်းမှု စသည့် ပုဒ်မ များဖြင့်အမှုဖွင့်ခဲ့သည်။ ယင်းနောက် စစ်ဖက်တရားရုံးတွင် စစ်ဆေးပြီးအမိန့်ချခဲ့ခြင်းဖြစ်သည်။

Related Articles