Home အယ်ဒီတာ့အာဘော် အမျိုးသမီးများကို မဲပေးခြင်းဖြင့် လွှတ်တော်အသီးသီးရဲ့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ကြပါစို့

အမျိုးသမီးများကို မဲပေးခြင်းဖြင့် လွှတ်တော်အသီးသီးရဲ့ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ကြပါစို့

၂၀၂၀ ရွေးကောက်ပွဲကျင်းပမည့်ရက်လည်း တဖြည်းဖြည်းနဲ့နီးကပ်လာပြီဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ထူးခြားမှုအနေနဲ့ ဝင်ပြိုင်ကြမယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေထဲမှာ အောက်ခြေလူထုနဲ့ နီးနီး ကပ်ကပ် လှုပ်ရှားဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူ တိုင်းရင်းသူအမျိုးသမီး လူငယ်လူသစ်တွေ ဝင် ရောက်ယှဉ်ပြိုင်ကြမှာက အမှန်တကယ် ဂုဏ်ယူအားရစရာဖြစ်သလို၊ ဒါဟာအမျိုးသမီးထုအတွက် သမိုင်း မှတ်တိုင်တခုအဖြစ် ထင်ကျန်ရစ်စေခဲ့မှာဖြစ်ပါတယ်။

အထူးသဖြင့် တိုင်းရင်းသူ ကိုယ်စားလှယ်လောင်းတွေဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်ကြတယ်ဆိုပေမယ့် အမျိုးသမီးရေး၊ လူမှုတရားမျှတရေး၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေးခံယူချက်စတာတွေကတော့ သူတို့ရင်ထဲမှာ ရင့်ကျက်ခိုင်မာစွာ အားကောင်းရှင်သန်နေကြပါတယ်။ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေဟာ နေရာဒေသ၊ သူတို့ကို ပံ့ပိုး ပေးတဲ့ ပါတီအစုအဖွဲ့သို့မဟုတ် အသိုင်းအဝိုင်း စတာတွေအပေါ်မူတည်ပြီး အခက်အခဲမျိုးစုံရှိနိုင်ပါတယ်။

ဒီ ၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း၊ အထူးသဖြင့် တိုင်းရင်းသူ ကိုယ်စားလှယ် လောင်းတွေဟာ အခြားအမျိုးသားကိုယ်စားလှယ်လောင်းတွေ တွေ့ကြုံရတဲ့ပုံစံတွေနဲ့မတူတဲ့ စိန်ခေါ်မှုများ၊ စစ်ပွဲကြောင့် နယ်မြေမတည်ငြိမ်မအေးချမ်းမှုများ၊ တဘက်ကလည်း ကိုဗစ်ကပ်ရောဂါရဲ့စိန်ခေါ်မှုနဲ့ ကန့်သတ်မှု တွေဟာ ဒီအမျိုးသမီးတွေ မဲဆွယ်စည်းရုံးခြင်း၊ လူထုစည်းရုံးခြင်းတွေမှာ ပိုပြီး အကြပ်အတည်းတွေ့စေမှာ အမှန်ပဲဖြစ်ပါတယ်။

တဘက်ကလည်း အမျိုးသမီးဆိုတဲ့ဖြစ်တည်မှု၊ အသက်အရွယ်ငယ်ခြင်းနှင့် နိုင်ငံရေး အတွေ့အကြုံရှိမရှိဆိုတဲ့ သမားရိုးကျ ဘောင်ခတ်ထားတဲ့အမြင်တွေနဲ့ ယုံကြည်မှုနည်းပါးတဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကိုလည်း ဒီအမျိုးသမီးတွေက ထိုးဖောက်ကြရမှာဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ ဒီအမျိုးသမီးကိုယ်စားလှယ်လောင်းတွေဟာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့စိန်ခေါ်မှု အားလုံးကို အံတုပြီး ဒီထက်တဆင့်မြင့်တဲ့ စိန်ခေါ်မှုတွေဖြစ်တဲ့ တိုင်းပြည်တာဝန်၊ နိုင်ငံတာဝန်တွေ၊ အနာ ဂတ်ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတာဝန်တွေကို ရဲရဲကြီး ပုခုံးထမ်းဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ အချို့သော မီဒီယာများနဲ့ အမျိုးသမီးအဖွဲ့အစည်းများကလည်း ဒီတိုင်းရင်းသူ အမျိုးသမီးလူငယ်ကိုယ်စား လှယ်လောင်းတွေရဲ့အသံကို မြှင့်တင်ပေးခြင်း၊ အသံကို ထုတ်ဖေါ်ပေးခြင်းတွေနဲ့အားပေးပံ့ပိုးနေတာကလည်း တကယ့်ကို အားရစရာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုး သမီးကိုယ်စားလှယ်လောင်းတွေကို အင်တိုက်အားတိုက်မဲပေးခြင်းဖြင့် ရရှိလာမယ့် ရွေးကောက်ပွဲရလာဒ်နဲ့ အတူ နေရာဒေသပေါင်းစုံက အသစ်အသစ်သော ပေါ်ထွက်လာမယ့် အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်များကို စိတ်လှုပ်ရှားစွာနဲ့ ကြုဆိုစောင့်မျှော်အားပေးကြပါစို့လို့ နှိုးဆော်အပ်ပါတယ်။

Related Articles