Home ဆောင်းပါး အမျိုးသမီးကိုယ်စားလှယ်တွေများလာဖို့ အမျိုးသမီးတွေမဲထွက်ပေးစို့

အမျိုးသမီးကိုယ်စားလှယ်တွေများလာဖို့ အမျိုးသမီးတွေမဲထွက်ပေးစို့

နန်းဆိုင်နွမ်။ ။

အမျိုးသမီး အသံတွေ များများထွက်ပေါ်လာဖို့၊ အမျိုးသမီးအရေး ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့အတွက် “အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြစို့” ဆိုပြီး ဆိုရှယ်မီဒီယာပေါ် မှာ နည်းမျိုးစုံ ကျယ်ကျယ် လောင်လောင် လှုပ်ရှားနေကြပါတယ်။

လာမည့် ၂၀၂၀ ခုနစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များစွာ ဝင်ရောက်ယှဉ်ပြိုင်လာကြပြီး၊ ထိုအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးအတွက်လည်း အလွန်ပင်အရေးကြီးကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများ က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သန်း၅၀ကျော်တွင် အမျိုးသမီးဦးရေသည် ထက်ဝက်ကျော်ရှိသည့်အတွက် အမျိုးသမီးကို ကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်များ လွှတ်တော်တွေထဲရောက်ဖို့ လိုအပ်နေတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူများ က ထောက်ပြကြပါတယ်။

“ မြန်မာနိုင်ငံမှာ အမျိုးသမီး ပါဝင်မှု သိပ်မရှိသေးတဲ့အနေအထားမှာ ရွေးကောက်ပွဲက အခွင့်အလမ်းတခုပါ။ ကျမတို့ လည်း အမျိုးသမီး ကိုယ်စားလှယ်အသံတွေ ကျယ်ပြန့်အောင် ဖော်ထုတ်တာလုပ်တယ်။ အဓိကက (အမျိုးသမီးတွေ) ပိုပါမှ အမျိုးသမီးကိစ္စရပ် ပြဿနာတွေ ပိုလုပ်နိုင်မယ်ဆိုတဲ့ ယူဆချက်ကလည်း ရှိတယ်လေ” လို့အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ အတွင်းရေးမှူး နော်ဆဲဆဲ က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဟာ အကန့်အသက်တွေရှိတာကြောင့် ပြဿနာအချို့ကိုဖြေရှင်းဖို့ ခက်ခဲနေပေမယ့် အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ၊ အမျိုးသမီး အကြမ်းဖက်မှုတွေဟာ လျော့ကျလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ “ Vote for Women” လှုပ်ရှားမှုကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း နော်ဆဲဆဲ က ပြောပြပါတယ်။

“ ၂၀၀၈ ဖွဲ့စည်းပုံမပြင်ဆင်သ၍ကဘာမှ လုပ်လို့မရဘူး။ ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာရှိတဲ့ အမျိုးသမီး အသံကို မြှင့်တင်တာက ကျမတို့ ကျား-မတန်းတူရေး၊နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ရေး တို့ကိုလုပ်နိုင်မယ့်လို့ ယူဆလို့ ပံ့ပိုးတာပါ” လို့ နော်ဆဲဆဲ က ဆိုပါတယ်။

အမျိုးသမီးတွေဟာ နှစ်ပေါင်းများစွာ အမျိုးသားတွေဦးဆောင်မှုအောက်မှာ နေထိုင်ခဲ့ရပြီး အကြမ်းဖက်မှုမျိုးစုံ ဒုက္ခအဖုံဖုံ ကျင်လည်လာရတာ မနည်းတော့ပေ။

ထိုထဲမှ လွှတ်မြောက်ရန်နှင့် အမျိုးသမီး ခေါင်းဆောင်တွေ လိုအပ်ပြီး၊ အဓိက ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အမျိုးသမီးတွေ လိုနေပြီ ဖြစ်ကြောင်းလည်း အမျိုးသမီးထုတွေက ပြောဆိုလာပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် နိုင်ငံတဝန်းလုံးထဲတွင် အမျိုးသမီး ၁၆ ရာခိုင်နှုန်းခန့်နှင့် အမျိုးသား ၈၄ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ တုန်းကထက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၀၀ ကျော် ပိုတိုးလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ တုန်းက အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ မှာတော့ ၁၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ယခု လာမည့် ၂၀၂၀ ပါတီစုံရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ များစွာ ပါဝင်ယှဉ်ပြိုင်လာတဲ့အတွက် ဝမ်းသာကြိုဆိုရပြီး၊ ထိုအမျိုးသမီးတွေ အောင်နိုင်ဖို့အတွက် အမျိုးသမီးတွေရဲ့တွန်းအား များစွာလိုအပ်နေပါတယ်။

Photo: BWU

“ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေရဲ့အကြောင်းတွေ သူတို့ရဲ့ အစွမ်းအစတွေကို ပြည်သူလူထုတွေ သိလာဖို့နဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို ယုံယုံကြည်ကြည် မဲပေးနိုင်ဖို့ လှုပ်ရှားမှုတွေ ပြုလုပ်ရခြင်းဖြစ်တယ်” လို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း(SWAN)မှ နန်းခမ်းအွန် က ပြောပါတယ်။

ယခုလာမယ့်ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးသမီးများစုဟာ ဒေသဖွံ့ဖြိုးရေး၊ လူငယ်ခေါင်းဆောင်တွေ ဖြစ်တဲ့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ နိုင်ငံရေး အပြောင်းအလဲရှိလာဖို့ ပါဝင်လုပ်ဆောင်တဲ့သူများဖြစ်ကြောင်းလည်း နန်းခမ်းအွန် က ဆိုသည်။

“ ဒီအမျိုးသမီးကိုယ်စားလှယ်လောင်းတွေ အနိုင်ရခဲ့မယ်ဆိုရင် ကျမတို့ တိုက်တွန်းတောင်းဆိုနေတဲ့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့နဲ့ ကျမတို့သွားချင်တဲ့ တန်းတူညီမျှမှုရှိပြီး ငြိမ်းချမ်းမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ အစပျိုးသွားမယ်လို့ ယုံကြည်ပါတယ်” လို့ နန်းခမ်းအွန် က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အမျိုးသမီး ကိုယ်စားလောင်းတွေကို မဲပေးဖို့ တိုက်တွန်းကြပေမယ့် တဖက်မှာ မဲပေးမယ့် လူဦးရေ တဝက်ကျော်ဖြစ်တဲ့ အမျိုးသမီးတွေဟာလည်း မှန်ကန်တဲ့ မဲပေးပုံ ပေးနည်းတွေကိုသိဖို့ကလည်း အလွန်ပင် အရေးကြီးတဲ့ အချက်တချက် ဖြစ်နေကြောင်းလည်း ကယားပြည်နယ်မှာ မဲပေးနည်းကို အသိပညာပေးနေတဲ့ မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့မှ မဇူဇူး က ပြောပါတယ်။

“ ရွေကောက်ပွဲမှာ အမျိုးသမီးတွေ ကိုယ်တိုင်ပါဝင်ဖို့နဲ့ မဲပေးတဲ့အခါမှာလည်း မှန်ကန်ဖို့၊ ပယ်မဲမဖြစ်ဖို့ အတွက်ပါ။
နောက်မဲပေးတဲ့ အခါမှာလည်း ကိုယ်တိုင်ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်” လို့ မဇူဇူး က ပြောပါတယ်။

သို့ပေမယ့် မဲပေးနည်းသင်တန်း လာတက်သူအများစုဟာ နည်းစနစ်ကျမဲပေးမှုကို မသိရှိသလို မိမိပေးခဲ့တဲ့မဲဟာ ခိုင်လုံမဲ၊ ပယ်မဲဆိုတာကိုလည်း မသိရှိကြပါဘူး။

မြန်မာနိုင်ငံရဲ့ ထက်ဝက်ကျော်သော မဲဆန္ဒရှင်ဟာ အမျိုးသမီးဖြစ်တဲ့အတွက် တိုင်းပြည်ကို အုပ်ချုပ်မယ့် ခေါင်းဆောင်ကို ရွေးချယ်ရာတွင် အများစုဖြစ်တဲ့ အမျိုးသမီးတွေရဲ့အသံပါဝင်မှသာလျှင် ပြည့်ဝတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ မဇူဇူး ကပြောပါတယ်။

ဒါ့အပြင် ကျေးလက်ဒေသက အမျိုးသမီးတွေဟာ နေ့တဓူဝ မီးဖိုချောင်တွင်သာ အချိန်ကုန်ဆုံးနေရပြီး အပြင်ဗဟုသုတနည်းပါး ကြတဲ့အတွက် ရွေးကောက်ပွဲ၊ မဲပေးခြင်းရဲ့ အနှစ်သာရကို နားမလည်ကြကြောင်း မဲပညာပေးသူတွေက ပြောကြပါတယ်။

“ မဲရဲ့ အနှစ်သာရ ကို မသိကြဘူး။ အသိပညာနည်းတယ်။ စာတောင်မဖတ်တတ်တာရှိတယ်။ မဲကို သွားမပေးချင်ကြဘူး။ မဲပေးဖို့ မယုံကြည်ကြဘူး” လို့ မဇူးဇူး က ဆိုပါတယ်။

ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့အမျိုးသမီးတွေဟာ ဝမ်းရေးကို အဓိက ဖြေရှင်းနေရတဲ့သူတွေ ဖြစ်တဲ့အတွက် မဲပေးမှုကို မသိရှိကြကာ မဲပေးရန် အတွက် စိတ်မဝင်စားကြကြောင်း ပဲခူးတိုင်း မုန်းမြို့နယ်တွင် မဲအသိပညာပေးသည့် မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့မှ မဝင့်ဝါခိုင် က ပြောပြပါတယ်။

“ ကျမတို့ဒီဘက်မှာ အမျိုးသမီးတော်တော်များများကလက်လုပ်လက်စားများတယ်။ သူတို့ က ဝမ်းရေး အတွက်အဓိက ဖြေရှင်းကြတယ်။ နိုင်ငံရေးလည်း စိတ်မဝင်စားဘူး။ အသက်ရရင် ပြည်ပသွား အလုပ်လုပ်ကြတယ်” လို့ မဝင့်ဝါခိုင် က ပြောပါတယ်။

ထိုဒေသတွင်နေထိုင်တဲ့အမျိုးသမီးတွေဟာ လက်လုပ်လက်စားတွေဖြစ်သဖြင့် မဲပေးရန် မလုပ်ချင်ကြကြောင်း မဲပေးခြင်းကို အလုပ်ရှုပ်တဲ့ကိစ္စတခုဟု သတ်မှတ်ထားကြကြောင်း မဝင့်ဝါခိုင် က ပြောပါတယ်။

အိမ်တွင်းရေး ကိစ္စကို စေ့စပ်သေချာအောင် လုပ်ဆောင်နိုင်တဲ့အမျိုးသမီးထုတွေ ဟာ အိမ်တွင်း တွင်နေထိုင်ပြီး မိသားစု စားဝတ်နေရေးကို သာ နေ့စဉ်ဖြေရှင်နေရပြီး၊ မဲစာရင်း သွားစစ်ရန်လည်း ခက်ခဲနေကြတာကို တွေ့မြင်နေရကြောင်း မဝင့်ဝါခိုင် က ဆိုသည်။

“ ဒီက အမျိုးသမီးတွေက မဲပေးဖို့ မပြောနဲ့ မဲကြည့်ဖို့တောင် ခက်ခဲနေတာ။ မဲစာရင်းကလည်း အုပ်စုရွာတွေမှာ ကပ်တော့ ဆိုင်ကယ်နဲ့သွားကြည့်ရမယ်။ ဆိုင်ကယ်မရှိတော့ သွားဖို့ခက်တယ်။ မဲသွားပေးဖို့တောင် ခက်မယ့်အနေအထားပါပဲ ” လို့ သူက ထပ်လောင်း ပြောပါတယ်။

မဲပေးရာတွင် လူတိုင်းလက်လှမ်းမီနိုင်ရန် လိုအပ်သလို မဲစာရင်းစစ်တဲ့နေရာကိုလည်း လွယ်ကူတဲ့ နေရာတွင် ရပ်ကွက်၊ ကျေးရွာအနီးတဝိုက်တွင် စစ်ဆေးနိုင်ရန် လိုအပ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများ ကပြောပါတယ်။

ယခင်က ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရှင်းလင်းစွာမသိရှိခဲ့ရကြောင်း၊ မဲစာရင်းကို တကြိမ်တခါမျှ သွားရောက်စစ်ဆေးခြင်းမပြုခဲ့ကြောင်း ပဲခူးတိုင်းဒေသ မုန်းမြို့တွင်နေထိုင်သည့် မအေးမူ က ပြောပါတယ်။

“ အရင်ကတော့ မဲကိုပေးရမယ်ဆိုတော့ သွားပေးပါတယ်။ ဘယ်သူ့ကို ပေးရမယ်ဆိုတာ သေချာမသိဘူး။ ပေးတော့ပေးလိုက်တယ်။ ပယ်မယ်ဖြစ်လား၊ခိုင်လုံမဲဖြစ်လားဆိုတာ မသိဘူး” လို့မအေးမူ ကဆိုပါတယ်။

ယခုနှစ်မှာတော့ မဲပညာပေးမှုကို သိရှိထားပြီး၊ ကိုယ်ရွေးချယ်ရမယ့်သူကိုလည်း သိရှိပြီးကိုယ်တိုင် ဆုံးဖြတ်ထားကြောင်း မဲပေးရန် အတွက် စိတ်လှုပ်ရှားနေကြောင်း မအေးမူ ကပြောပြပါတယ်။

“ ကျမတို့ သိသလောက်မှတ်သလောက်တော့ ဘေးပတ်ဝန်းကျင် အမျိုးသမီးတွေ၊ လက်လှမ်းမီတဲ့ အမျိုးသမီးတွေကို မဲပေးပုံ၊ ပယ်မဲစနစ်နဲ့ ကိုယ့်အမျိုးသမီးကို ကူညီပေးမယ့်လူကို ရွေးချယ်တတ်ဖို့ ပြောပြပေးနေတာတွေရှိပါတယ်” လို့မအေးမူ က ပြောပါတယ်။

“ ကျမတို့ အမျိုးသမီးတွေလည်း မဲ ထည့်ဖို့ အရမ်းလိုအပ်တယ်။ ကျမတို့ အမျိုးသမီးကို နားလည်ပေးမယ့် ကိုယ်စားလှယ်လောင်းကိုပေးဖို့လိုအပ်တယ်။ ဒါမှ ကျမတို့အမျိုးသမီးတွေ အဖက်ဖက်က တိုးတက်လာမယ်” လို့ ကယားပြည်နယ် လွိုင်ကော်တွင် နေထိုင်တဲ့ စိုးမြာ ကလည်း ပြောပါတယ်။

အမျိုးသမီးတွေဟာ မိမိလိုချင်တဲ့ ဘဝ၊ မိမိဖြစ်ချင်တဲ့ အရာကို ကိုယ်တိုင်ဖန်တီးမှသာလျှင်ရနိုင်ကြောင်း၊ အမျိုးသမီးအရေး ကို အမျိုးသမီးတွေဟာ ပိုသိကြသလို ကလေးအရေး၊ လူငယ်အရေးတွေကိုလည်း အမျိုးသမီးတွေသာ ပိုပြီး နားလည်ကြသူများ ဖြစ်တဲ့အတွက် အမျိုးသမီးကိုယ်စားလှယ်တွေများများ ထွက်ပေါ်စေချင်ကြောင်းလည်း အမျိုးသမီးအရေးကိစ္စ ဆောင်ရွက်သူများက ပြောဆိုလိုက်ပါတယ်။

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ လှုပ်ရှားမှုလုပ်နေကြသလို၊ တဖက်တွင်လည်း အသက် ၁၈နှစ်ပြည့်တဲ့ အမျိုးသမီးတိုင်း အမျိုးသမီးဘဝ လုံခြုံပြီး၊ ဖွံ့ဖြိုးတိုးတက်ပြီး မိမိမြင်ချင်တဲ့ပုံစံဖြစ်လာဖို့ အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အမျိုးသမီးတိုင်း မဲထွက်ပေးဖို့ လိုအပ်ပါတယ်။

Related Articles