Home သတင်း ဟင်္သာတတွင်ရေဘေးကြောင့်အိမ် ၂၀၀ ခန့်ဘေးလွတ်ရာသို့ရွေ့ပြောင်းခဲ့ရ

ဟင်္သာတတွင်ရေဘေးကြောင့်အိမ် ၂၀၀ ခန့်ဘေးလွတ်ရာသို့ရွေ့ပြောင်းခဲ့ရ

မိုးမိုး

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ဦးမိုးလေးတာမှာ တဖြေးဖြေးပြိုကျလာသဖြင့် ပြီးခဲ့သည့် ရက်ပိုင်းစတင်ကာ ယနေအချိန်ထိ အိမ်ခြေ ၂၀၀ နီးပါးကို အရေးပေါ် ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

ရေဘေးကြောင့် နေအိမ်များစွန့်ခွာနေရသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်အများအပြားလည်း ပါဝင်ကြောင်း ဒေသခံများကဆိုသည်။

အဆိုပါနေရာများသည် ပြီးခဲ့သည့် တစ်ပတ်ခန့်ကတည်းက မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျပျက်စီးမှုများ ဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။

မြစ်ရေသည် ရေကာတာဟောင်းအနီးသို့ တဖြည်းဖြည်း တက်လာခဲ့ပြီး လူနေအိမ်များနှင့် အလွန်နီးကပ်လာသဖြင့် အိပ်ပျက်ကျေးရွာ အုပ်စုမှ ဖောင်ဆိပ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာနှင့် တာငုတ် ကျေးရွာမှ နေအိမ်ပြောင်းရွှေ့မှုများ ဆက် တိုက်ပြုလုပ်နေရကြောင်း ဒေသခံများကဆိုသည်။

ဖောင်ဆိပ်ကျေးရွာမှ ရေဘေးကြောင့် နေအိမ်ပြောင်းရွှေ့ရန် ဖျက်နေကြပုံ။ ဓာတ်ပုံ- ဦးဝင်းအောင်

“အိမ်ဖျက်နေရင်းနဲ့ကို ကမ်းပြိုတဲ့နောက်ကို ပါသွားတယ်။ ကျမဘယ်လိုမှ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်မျိုးပဲ။ နေစရာ လည်းမြေမရှိ၊ စားဖို့ဆိုတာက သူများလာလှူမှစားရတယ်။ သားသမီးရဲ့ စားဝတ်နေရေး၊ပညာရေး၊ ကျမယောကျာၤးဆို ကျန်းမာရေးမကောင်းတော့ ရှေ့ရေးအတွက် ဘယ်လိုတွေးရမလဲတောင် မသိဘူး” ဖောင်ဆိပ်ကျေးရွာမှ ဒေါ်သန်းသန်းအေး က ပြောသည်။

အရေးပေါ် ရွှေ့ပြောင်းနေရသည့် ဒေသခံများသည် ၎င်းတို့နေအိမ်များ ပြန်လည်အခြေချရန် အမိုး/အကာ မရှိသည့် အိမ်များရှိနေသဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ထံ အကူအညီတောင်းထားကြောင်း ဧရာဝတီတိုင်းလွှတ်တော်၏ ဟင်္သာတ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက ပြောသည်။

ဖောင်ဆိပ်ကျေးရွာ။ ဓာတ်ပုံ- ဦးဝင်းအောင်

အဆိုပါနေအိမ်များသည် ရေဘေးကြောင့် အကြိမ်ကြိမ်ရွေ့ပြောင်းရွှေ့နေရသည့်အတွက် အလုပ်အကိုင် နှင့် ဝင်ငွေလည်း မရှိသလို နေစရာလည်းအခက်အခဲဖြစ်နေကြောင်း၊ ၎င်းတို့အတွက် မြေနေရာ ပေးရန် လွှတ်တော်တွင် တင်ပြထားပြီးဖြစ်ကြောင်းလည်း ဦးကျော်စိုးက ပြောပြသည်။

ဖျက်ပြီးသား အိမ်များကို ပြန်ဆောက်ရာတွင် မြေနေရာ မရှိသဖြင့် တာနံဘေးတွင် တဲကုတ် အဆင့်သာရှိသည့် တဲမျိုး ဆောက်ပြီးနေရဖြင့် မိသားစုများပြီး ကလေးငယ်များ ရှိသည့် အိမ်များမှာ ယာယီနေထိုင်ဖို့ အတွက်ပင် အခက်အခဲ များစွာ ရှိနေကြောင်း အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာမှ ဒေသခံ အိမ်ထောင်ရှင် ဒေါ်မိုးပပအေးက ပြောသည်။

ရွှေ့ပြောင်းကျေးရွာသူရွာသားများအား လူမှုအဖွဲ့အစည်းများမှ အကူအညီပေးအပ်နေစဉ်။
ဓာတ်ပုံ- ဦးဝင်းအောင်

မြန်မာနိုင်ငံတွင် နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများ ကိုလည်း ကြုံတွေ့ရနိုင် ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်းသတိပေးထားသည်။

နေအိမ်များ ရွှေ့ပြောင်းရသည့်အတွက် တစ်အိမ်ကို ငွေကျပ် ၁သိန်းနှုန်းဖြင့် နေအိမ် ၈၆ လုံးကို ထောက်ပံ့ခဲ့ပြီး ဖြစ်ကြောင်းနှင့် ခေါက်ဆွဲခြောက် ဆပ်ပြာ နှင့် နှာခေါင်းစီး များကိုလည်း ထောက်ပံ့ပေးထားကြောင်း တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးကပြောသည်။

Author: Moe Moe

Related Articles