Home အယ်ဒီတာ့အာဘော် မဟာဖိုဝါဒအတွေးအခေါ်သမားများကို ဦးဆောင်မှုနေရာပေးသင့်သလား

မဟာဖိုဝါဒအတွေးအခေါ်သမားများကို ဦးဆောင်မှုနေရာပေးသင့်သလား

ဒီနေ့ကာလမှာ Gender (ကျားမရေးရာ) ညီမျှမှုအကြောင်းအရာတွေကို အလေးအနက်ထားထုတ်ဖော်ပြောဆို လာရပါတယ်။ အကြောင်းရင်းကတော့ ကျားမခွဲခြားထားတဲ့ဓလေ့ထုံးတမ်းတွေ၊ ရိုးရာယဉ်ကျေးမှုအစွဲအလန်း ဟောင်းတွေ၊ ယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်အောက်က ကျားမဆိုင်ရာပုံသွင်းမှုတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ မူဝါတွေ မထုတ်ဖော်နိုင်တာကြောင့် ပုံစံခွက်ထဲမှာ နေထိုင်လာခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ နစ်နာမှုတွေဟာ လူ့အဖွဲ့အစည်းတွေရဲ့နစ်နာမှုအဖြစ် ပုံပေါ်လာလို့ပဲဖြစ်ပါတယ်။


ပြီးခဲ့တဲ့အပါတ်က ဝန်ထမ်းအိမ်ယာလိုအပ်ချက်တင်ပြတာကို ပြန်လည်ဖြေကြားလိုက်တဲ့ ဝန်ကြီးချုပ်တစ်ဦးရဲ့ တုန့်ပြန်စကားဟာ လူအများအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ Gender(ကျားမရေးရာ)ဆိုင်ရာအကြောင်း အရာတွေကို စိတ်မဝင်စားလို့ မသိနားမလည်ရင်တောင်မှ အမျိုးသမီးတွေ ပါဝင်ပါတ်သက်နေတဲ့ပြဿနာရပ် တွေကို ပြောဆိုတဲ့နေရာမှာ သတိကြီးကြီးထားပြီး ပြောဆိုရမယ်ဆိုတာကို ဒီနေ့တိုးတက်တဲ့ ကမ္ဘာ့နိုင်ငံရေး သမားတော်တော်များများက သိရှိနားလည်နေကြပါပြီ။


ဝန်ထမ်းအိမ်ယာလိုအပ်ချက်ဆိုတာ အမျိုးသမီး/အမျိုးသား ဝန်ထမ်းများအားလုံးအတွက် လိုအပ်ချက်ပါ။ ဒီအ ထဲမှာ အမျိုးသမီးဝန်ထမ်းတွေ နယ်ကိုပြောင်းရွေ့ရတဲ့အခါ သင့်တင့်လုံခြုံတဲ့ နေရာထိုင်ခင်း မစီစဉ်ပေးနိုင်ခြင်း ကြောင့် ကျောင်းဆရာမများ၊ သူနာပြုဆရာမများရဲ့ အခက်အခဲတွေနဲ့အတူ ကျေးလက်တောရွာတွေက စာသင် ကျောင်းများ၊ ဆေးရုံဆေးခန်းများမှာ ဝန်ထမ်းမလုံလောက်ခြင်း၊ ဝန်ထမ်းမမြဲခြင်း စတဲ့နောက်ဆက်တွဲ ပြဿနာ တွေကို ရင်ဆိုင်နေရတာဟာ သာမန်အခက်အခဲတစ်ခုမဟုတ်ပါဘူး။


ဒီလိုပြဿနာတွေကို အစိုးရတရပ်အနေနဲ့ မဖြေရှင်းပေးနိုင်သရွေ့ ကျေးလက်တောရွာနဲ့ မဖွံ့ဖြိုးသေးတဲ့ဒေသ တွေရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ အလှမ်းဝေးနေဦးမှာဖြစ်ပြီး ဒီလိုမေးခွန်းများ၊ ဒီလို တောင်းဆိုမှုများရှိလာရင် အလေးထားစဉ်းစားပြီး ဆွေးနွေးပေးဖို့နဲ့ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေး ဖို့က သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။


“ဒေသခံတွေ ရည်းစားစကားလိုက်ပြော၊ အိမ်ထောင်ပြုပြီး ဆရာမတွေကို ရွာမှာမြဲအောင်လုပ်”ဆိုတဲ့စကားဟာ သာမန်အရပ်သားတစ်ယောက်ပြောရင် ရီ(ရယ်)စရာ၊ ပြုံးစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခုလို ဝန်ကြီးချုပ် တစ်ယောက်က ပြောလိုက်တဲ့အချိန်မှာ ဒေါသထွက်စရာ၊ အလွန်စိတ်ပျက်စရာ ဖြစ်သွားခဲ့ပါတယ်။ ဒီနေရာမှာ “အကြမ်းဖက်မှုကို အားပေးတယ်” ဆိုတာထက် ကျော်လွန်ပြီး စဉ်းစားစရာတွေ အများကြီးထွက်ပေါ်လာပါ တယ်။


ဒီစကားရဲ့ နောက်ခံအယူအဆကို သေချာဆန်းစစ်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို အမျိုးသားတွေက ပိုင် ဆိုင်တယ်၊ မိန်းမတစ်ယောက်ဟာ ယောက်ျားရသွားမှ အဆင်ပြေမယ်၊ လုံခြုံမယ်ဆိုတဲ့ “ မိန်းမတွေကို အိမ်၊ ခြံ၊ ကားစတဲ့ ရုပ်ဝတ္ထုပစ္စည်းများကဲ့သို့” ပိုင်ဆိုင်မှု သတ်မှတ်ချက်ကို ထင်းထင်းကြီးတွေ့ရပါမယ်။ ဒါကြောင့် ဒီအ ပြောအဆိုရဲ့ နောက်ကွယ်မှာ ရှိနေတဲ့အတွေးအခေါ်က “မဟာဖိုဝါဒ” အတွေးအခေါ်လို့ပြောရမှာ ဖြစ်ပါတယ်။


မဟာဖိုဝါဒအတွေးအခေါ်သမားတွေဟာ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အမျိုးသမီးများရဲ့ အခက်အခဲများ၊ ပြဿနာများကို နားလည်ဖြေရှင်းပေးနိုင်သော စွမ်းဆောင်ရည်မရှိတာ သေချာပါတယ်။ သူတို့ဟာ “အမျိုးသမီး တွေရဲ့ အဝတ်အစားကြောင့် မုဒိမ်းမှုတွေဖြစ်တယ်” ဆိုတဲ့ တထစ်ချယုံကြည်မှုတွေ ရှိတတ်သူတွေလည်း ဖြစ်ပါတယ်။ သေချာတာကတော့ သူတို့တွေဟာ သက်ငယ်မုဒိမ်းနဲ့ မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့အတူ နက်ရှိုင်းသောပြဿနာများဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် တကမ္ဘာလုံးမှာ အုံကြွပြောဆိုနေရတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အဆုံးသတ်ရေး မူဝါဒလိုအပ်ချက်တွေ၊ အရည်အချင်းတူသော်လည်း အခွင့်အလမ်းမတူကြတာကြောင့် အမျိုးသမီးဝန်ထမ်းများ ရာထူးမတက်နိုင်တာ နဲ့ ကိုယ်တန်ဖိုးထားတဲ့အလုပ်က ထွက်လိုက်ကြရတာတွေ၊ လမ်းမီးမရှိလို့၊ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့၊ တရားဥပဒေစိုးမိုးမှုမရှိလို့၊ စစ်ဖြစ်လို့ အမျိုးသမီးများဘ၀ မလုံခြုံမှုတွေအပါအဝင် အမျိုးသမီး များ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေ၊ အမျိုးသမီးများကို အစဉ်အလာအရ နေရာသတ် မှတ်ထားမှုတွေကြောင့် နိုင်ငံရေးအရ ပါဝင်ခွင့်အကန့်အသတ်ရှိတာတွေ၊ အမျိုးသမီးများ နိုင်ငံရေး ပါဝင်မှုမြှင့် တက်လာရင် အမျိုးသားအများစုသာ ဦးဆောင်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကွက်လပ်တွေကို ပိုမို ဖြည့်ဆည်းပေးနိုင်မယ်ဆိုတာတွေကို လုံးလုံး (လုံးဝ) နားလည်မယ့်သူတွေ မဟုတ်ပါဘူး။


အစိုးရတရပ်မှာ ဦးဆောင်မယ့်ပုဂ္ဂိုလ်များဟာ မဟာဖိုဝါဒအတွေးအခေါ်သမားတွေ ဖြစ်နေရင် တိုင်းပြည်တစ်ခု လုံးရဲ့လိုအပ်ချက်တွေကို သိမြင်နားလည်နိုင်ဖို့ အလှမ်းဝေးနေမှာပါ။ သာမန်အားဖြင့်ကြည့်ရင် မဟာဖိုဝါဒ အတွေးအခေါ်ဆိုတာ စစ်ရေးဆိုင်ရာ ပုဂ္ဂိုလ်တွေမှာသာ ရှိနိုင်မယ်လို့ ထင်မြင်တတ်ကြပေမယ့် ဒါဟာလည်း အတိအကျတော့ မမှန်ကန်ပါဘူး။ စစ်ရေးဆိုင်ရာနဲ့ လုံးလုံးမပါတ်သက်တဲ့ သာမန်အရပ်သားတွေ၊ အရပ် ဖက်က လာတဲ့လူပုဂ္ဂိုလ်/ ခေါင်းဆောင်တွေ၊ ကာတွန်းဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာစတဲ့ အနုပညာသည်တွေနဲ့ အမျိုးသမီးတွေကိုယ်တိုင်ဆီမှာပါ မဟာဖိုဝါဒအတွေးအခေါ်ဆိုတာ ရှိမှန်းမသိ ရှိနေနိုင် ပါတယ်။


တိုင်းပြည်လူဦးရေထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့၊ အေးချမ်းဖို့၊ ကျားမမရွေး လူသား ဂုဏ်သိကာနဲ့ ဘဝရှင်သန်မှုအခွင့်အလမ်းရွေးချယ်မှုတွေမှာ ညီမျှမှုရှိတဲ့မူဝါဒကောင်းတွေ ပေါ်ထွက်ပြီး ပစ္စုပ္ပာန် နဲ့ အနာဂတ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ဆိုတာကတော့ ဦးဆောင်အုပ်ချုပ်မှုဆိုင်ရာကဏ္ဍတွေမှာ ဒီလိုမဟာဖိုဝါဒ သမားတွေ မပါလာအောင် စစ်ထုတ်ပစ်ဖို့ အရေးတကြီးလိုအပ်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

Related Articles