Home ဆောင်းပါး လျှပ်စစ်မီတာခတက်ခြင်းဟာ အိမ်ရှင်မတွေကို ပိုမိုအကြပ်ရိုက်စေမှာလား

လျှပ်စစ်မီတာခတက်ခြင်းဟာ အိမ်ရှင်မတွေကို ပိုမိုအကြပ်ရိုက်စေမှာလား

“မီတာခတွေတိုးကောက်ပြီ၊ သေပြီဆရာ” ဆိုတဲ့စကားဟာ ယခုရက်ပိုင်းမှာ အိမ်ရှင်မတွေကြားမှာ ဂယက်ထနေပါတယ်။

အိမ်သုံးမီတာခနဲ့ စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်မီတာခ နှုန်းထားတွေကို ဇူလိုင်(၁)ရက်နေ့မှ စတင်ကာ တိုးမြှင့်ကောက်ခံမယ်လို့  လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်(၂၅)ရက်နေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ဒီကြေညာချက်မှာ ယူနစ်သုံးစွဲမှုအပေါ် မူတည်ပြီး တိုးမြှင့်ကောက်ခံသွားမယ်ဆိုတာကို တွေ့ရပါတယ်။

တယူနစ်မှ(၃၅)ယူနစ်အထိ တယူနစ်ကို (၃၅)ကျပ် ကျသင့်ပြီး၊ ယူနစ် (၅၀)အထိ သုံးစွဲရင်တော့ တယူ နစ်ကို (၅၀)ကျပ် ကျသင့်ပါမယ်၊ ယူနစ် (၂၀၀)အထက် သုံးစွဲရင်တော့ တယူနစ်ကို (၁၂၅)ကျပ် ကောက် ခံသွားမှာဖြစ်ပြီး၊ ၂ဆကျော် တိုးမြှင့်ကောက်ခံတဲ့အပေါ် အိမ်ရှင်မတွေကတော့ ဘယ်အရာကို လျော့သုံးရ မလဲဆိုတာကို ခေါင်းချင်းရိုက်နေကြတာပါ။

မြန်မာနိုင်ငံရဲ့ လူနေမှုစနစ်မှာ ကုန်ဈေးနှုန်းတွေက တရက်ထက်တရက် တိုးမြှင့်နေပြီး ထွက်ငွေနဲ့ ဝင်ငွေ မမျှတဲ့အခက်အခဲတွေကြားထဲ ရုန်းကန်နေရတဲ့ အိမ်ထောင်ရှင်မတွေအတွက်တော့ မီတာခ တိုးကောက် မယ့် သတင်းဆိုးဟာ ရင်ပူစရာ ဖြစ်နေရတာပါ။

တချို့ကတော့ မီးသုံးစွဲမှုတွေ လျော့လိုက်ရင် မီတာခပိုပြီး သက်သာလာမယ်လို့ ပြောနေကြပေမယ့် အ ဖက်ဖက်ကချွေတာနေရတဲ့ အိမ်ရှင်မတွေကတော့  ဘာကိုထပ်ပြီးချွေတာရမလဲဆိုတာ ဦးနှောက်ခြောက် အောင် စဉ်းစားရမယ့် အခြေအနေဖြစ်နေပါတယ်။

“ မီတာခတိုးကောက်မယ်ဆိုတဲ့ သတင်းကြားတော့ ကျမတော်တော်စိုးရိမ်သွားတယ်။ အခက်အခဲက အစုံ ပါပဲ။ တဖက်ကလည်း ကုန်ဈေးနှုန်းတွေက တက်လာတော့ ဘယ်ဖက်ကို လျော့ရမှန်းကို မသိတော့ဘူး” လို့ အိမ်ထောင်ရှင်မ နန်းမွှေခမ်းတယောက် ငြီးတွားနေပါတယ်။

ဝင်ငွေမကောင်းတဲ့မိသားစုအတွက်တော့ ကုန်ဈေးနှုန်းတွေတရိပ်ရိပ်တက်နေတဲ့ကြားက မီတာခဈေးနှုန်း ထပ်တက်မှာကို အလိုလိုစိတ်ပူပန်နေခဲ့ရပါတယ်လို့ ကလေးမိခင်လည်းဖြစ်တဲ့ နန်းမွှေခမ်းက ပြောပါ တယ်။

“ မီးကိုချွေတာသုံးတယ်။ တလကို ပျှမ်းမျှ(၄၀၀)ယူနစ် အရင်က တယူနစ်ကို (၇၅)ကျပ်ဆောင်ရတယ်။ အခုတော့ တယူနစ်ကို (၁၂၅)ကျပ်အထိဆောင်ရတော့ မီးကို ဒီထက်ချွေတာသုံးဖို့နဲ့ တခြားဘက်ကို လျော့ဖို့ပဲ ကျန်တော့တယ်” လို့ နန်းမွှေခမ်းက  စိတ်ပျက်လက်ပျက်ပြောပါတယ်။

များသောအားဖြင့် လူလတ်တန်းစား အိမ်ရှင်မများအနေနဲ့ ခေတ်နဲ့အညီ ပြောင်းလဲနေထိုင်လာရတဲ့အ တွက် လျှပ်စစ်မီးဖို၊ လျှပ်စစ်ထမင်းအိုး၊ ဖုန်းအားသွင်းခြင်း၊ ကွန်ပျူတာ အားသွင်းခြင်း၊ မီးပူတိုက်ခြင်း၊ အဝတ်လျှော်စက်သုံးခြင်း၊ ရုပ်မြင်သံကြား(TV)ကြည့်ခြင်း စသဖြင့် သုံးစွဲလာကြပါတယ်။

“ လျှပ်စစ်မီးတွေ ရလာတော့ ကျမတို့အတွက် အချိန်တွေ နည်းနည်းထွက်လာတယ်။ အရင်ခေတ်လို မီး သွေးမီးဖိုနဲ့ ဟင်းချက်စရာ မလိုတော့ဘူးလေ။ အခုတော့ မီတာခတိုးကောက်တော့ မီးသွေးနဲ့ဟင်းချက်၊ လက်နဲ့ပဲအဝတ်လျှော်ဖွတ်ရတော့မယ်” လို့ အသက်(၄၀)ဝန်းကျင် ရန်ကုန်မြို့က လခစားကုမ္ပဏီဝန်ထမ်း လည်းဖြစ်၊ အိမ်ရှင်မတဦးလည်းဖြစ်တဲ့ မကျော့ကျော့လွင်က ပြောပါတယ်။

မီတာခတိုးမြှင့်ကောက်ခံလိုက်တဲ့အတွက် တဖက်မှာ ကုန်ဈေးနှုန်းက အလိုအလျောက်တက်လာမှာ စိုး ရိမ်နေပြီး၊  ဝင်ငွေနဲ့ ထွက်ငွေမျှနေရင်တော့ မီတာခတိုးကောက်တာလည်း စိတ်ပူစရာမရှိပါဘူးလို့ မကျော့ကျော့လွင်က ဆက်ပြောပါတယ်။

“ လျှပ်စစ်မီးလာတော့ လူသက်သာမယ်ရှိသေး၊ အခုတော့ ပင်ပန်းရဦးမယ်လေ။ ကိုယ့်မှာ အပိုဝင်ငွေက မရှိတော့ အရာရာကို ချွေတာသုံးစွဲရတော့မယ်” လို့လည်း သူမက စိတ်ပျက်ပျက်နဲ့ပြောနေပါတယ်။

လက်ရှိအစိုးရအနေနဲ့ မီတာခတိုးမြှင့်ကောက်ခံမှုနဲ့ပတ်သက်ပြီး တချို့ကလည်း မီတာခ မတက်စေချင်ရင် မီးလျော့သုံးဖို့နဲ့ တချို့က မီတာခတိုးကောက်မှုက လျှပ်စစ်ကို အလဟဿသုံးစွဲနေသူများအတွက်  ကောင်းမွန်တဲ့ ထိန်းချုပ်မှုတရပ်ဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားနေကြပါတယ်။

လျှပ်စစ်နဲ့  စွမ်းအင်ဝန်ကြီးဌာနကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး  ရေရှည်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်မရရှိသေးတဲ့ဒေသတွေ လျှပ်စစ်ရရှိရေးအတွက် လျှပ်စစ်မီတာခကို တိုးမြှင့် ကောက် ခံလိုက်တယ်လို့လည်း ကြေညာထားပါတယ်။

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုချင်းစီမှာ လျှပ်စစ်ဓာတ်အားခကောက်ခံနှုန်းတွေ မတူ ညီကြတာတွေလည်း ရှိပါတယ်။

ကချင်ပြည်နယ်မှာ တယူနစ်ကို (၁၀၀)ကျပ်နှုန်းနဲ့ ကောက်ခံခဲ့တာ ကြာပြီလို့လည်း ယခုရန်ကုန်မှာ ပြောင်းရွေ့နေထိုင်တဲ့ အိမ်ရှင်မတဦးဖြစ်တဲ့ ဆိုင်းမိုင်က ပြောပြပါတယ်။

“ ကျမတို့ ကချင်ပြည်နယ်မှာ အခုတိုးကောက်လိုက်တဲ့ ဈေးနှုန်းထက်(၁)ယူနစ် (၁၁၀)ကျပ်နဲ့ ကောက် နေတာကြာပြီ။ ကျမတို့က အစကတည်းက ဒီဒါဏ်ကို ခံခဲ့ရပါတယ်” လို့ ဆိုင်းမိုင်က ပြောပါတယ်။

မြန်မာနိုင်ငံက လက်လုပ်လက်စားမိသားစုတွေဟာ အိမ်မီးလင်းဖို့  မီးချောင်းတချောင်းကိုသာ အဓိက အ သုံးပြုကြပြီး၊ ထမင်းအိုး၊ တယ်လီဗေးရှင်းနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေ သုံးစွဲစရာ မရှိပါဘူး။

ဒါပေမယ့် မီတာခ တလကို (၅)ထောင်နဲ့  (၇)ထောင်ကျပ်ကြားမှာ ပေးဆောင်ရပါတယ်။

တချို့နေအိမ်တွေဆို မီတာခမဆောင်နိုင်တဲ့အတွက် မီးဖြတ်ခံရပြီး  ပိုက်ဆံအဆင်ပြေတဲ့အချိန်မှ မီတာခ ပြန်ဆောင်ပြီး အိမ်မီးပြန်လင်းနိုင်တာတွေလည်း ရှိကြပါတယ်။

လျှပ်စစ်မီတာခကို အလတ်စားနဲ့ အကြီးစားစီးပွားရေး လုပ်ငန်းရှင်တွေကိုသာ အဓိအနေနဲ့ တိုးကောက် သင့်တယ်လို့ ဆိုင်းမိုင်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေဟာ လုပ်အားခသက်သာရုံတင်မဟုတ်ဘဲ ဒီလိုစွမ်းအင်ကို ဈေးပေါပေါနဲ့ရပြီး လိုက်နာရမယ့်ဥပဒေကလည်း လျော့ရဲနေတော့ အစိုးရက နစ်နာပါတယ်လို့ ဆိုင်းမိုင်က ထောက်ပြပါ တယ်။

“ တကယ်တမ်း အိမ်သုံးတွေက အဲဒီလောက်မသုံးဘူး။ ကျမတို့ဆို တလအများဆုံးသုံး ယူနစ်(၂၀၀)ပေါ့။ (၁)သောင်းကျော်ကျတယ်။ ဒီလိုလုပ်ခြင်းဟာ တိုင်းရင်းသားဒေသ၊ နယ်ဒေသတွေက လူတွေနဲ့ ရန်ကုန် မြို့ပေါ်က အခြေခံလူတန်းစားတွေကို အကြပ်ရိုက်စေတယ်လို့ မြင်ပါတယ်” လို့ ဆိုင်းမိုင်က သူမရဲ့ အ မြင်ကို ပြောပါတယ်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက်တမ်းတလျှောက်မှာ နှစ်တိုင်းကုန်ဈေးနှုန်း တက်၊ ဒေါ်လာဈေးတွေတက်လာ၊ နောက်အခု မီတာခပါ တိုးကောက်လာတာဟာ အစိုးရကို မဲအများ ဆုံးပေးခဲ့တဲ့ အခြေခံလူတန်းစားဘဝတွေကို မကြည့်ဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်လို့ ရန် ကုန်မြို့အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူ အိမ်ရှင်မတဦးလည်းဖြစ်တဲ့ ဆိုင်းမိုင်က ထောက်ပြလိုက် ပါတယ်။

အိမ်ရှင်မအများစုကတော့ လျှပ်စစ်မီးသုံးစွဲမှု လျော့နည်းအောင် ထင်း၊ မီးသွေးကို သုံးစွဲပြီး အိမ်အလုပ် တွေနဲ့ အချိန်ကုန်လူပင်ပန်း ဖြစ်ကြမှာဖြစ်လို့ လုပ်ငန်းခွင်မှာပါ ထိခိုက်လာနိုင်တာကို စိတ်ပူနေကြပါ တယ်။

ဘယ်လိုဖြစ်ဖြစ် ဇူလိုင်(၁)ရက်နေ့မှာ မီတာခတွေ တိုးကောက်တော့မှာဖြစ်ပြီး ဖြစ်လာမယ့်အကျိုးဆက် တွေအပေါ်မှာတော့ အိမ်ရှင်မတွေက ရင်တမမနဲ့ စောင့်စားနေကြပါတယ်။

နန်းဆိုင်နွမ်

Author:

Related Articles