Home သတင်း သံတောင်သူ

သံတောင်သူ

Photo: နော်မာမာချို

နန်းဆိုင်နွမ်။            ။

ကွေ့ကောက်နေသည့် တောင်ပတ်လမ်းများ၊ တောင်တန်းများကြားက ထူထပ်သည့်သစ်တောများနှင့်အတူ လှေခါး ထစ်စိုက်ခင်းများနှင့် စိမ်းလန်းစိုပြေနေသည်ကို တွေ့ရမည့်နေရာသည် တချိန်က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားခဲ့ပြီး “ အနက်ရောင်နယ်မြေ” ဟု တင်စားကြသည့် “သံတောင်ကြီး”ပင်ဖြစ်သည်။

ပြည်တွင်းစစ်၏ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ဒေသများမှ အမျိုးသမီးများ၏ဘဝ ဖွံဖြိုးတိုးတက်ရန် ပြန် လည်ထူထောင်ရေးလုပ်ငန်းများက အလွန်အရေးကြီးပါသည်။

စစ်ပဋိပက္ခကြားတွင် ရုန်းကန်ရှင်သန်ခဲ့ကြရပြီး အဖက်ဖက်မှ ခက်ခဲနေသော သံတောင်ကြီးဒေသအမျိုးသမီးများ၏ ဘဝကို ပြန်လည်ထူထောင်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် “သံတောင်သူ” အမျိုးသမီးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း အဖွဲ့တည်ထောင်သူ နော်မာမာချိုက ပြောပြသည်။

“ သံတောင်သူ” အမျိုးသမီးအဖွဲ့သည် ဦးသိန်းစိန်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့်အဖွဲ့တခုဖြစ်သည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် KNU နှင့် တပ်မတော်တို့  နှစ်ဖက်အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ပြီး KNU သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nation-wide Ceasefire Agreement) ကို ဦးဆောင်လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကြီးတခုဖြစ်သည်။

KNU ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သံတောင်ကြီးဒေသမှ ကရင်အမျိုးသမီးများက   ကရင်အမျိုးသမီးများ ဘဝပြန်လည်ထူထောင်ရေးအတွက် အမျိုးသမီးအဖွဲ့တခုကို စုပေါင်းဖွဲ့စည်းထားပြီး “သံ တောင်သူ” ဟု အမည်ပေးခဲ့ကြသည်။

“သံတောင်သူ” ၏ထူးခြားချက်မှာ  ကရင်အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုရည်ရွယ်ပြီး  “ သံတောင်သူ” အမှတ် တံဆိပ် အော်ဂဲနစ်ကော်ဖီစစ်စစ်နှင့် တခြားဒေသထွက်ကုန်တွေကို ရောင်းချလာခြင်းဖြစ်သည်။

ရရှိလာသည့်အမြတ်ငွေများကို  “ အမျိုးသမီးတွေ အကြမ်းဖက်ခံရရင် အကူအညီပေးပါတယ်။ ဒေသထဲက အမျိုး သမီးတွေအတွက် ပညာပေးလုပ်ငန်းတွေလည်း လုပ်ဆောင်ပါတယ် ” ဟု နော်မာမာချိုက ရှင်းပြသည်။

ထို့အပြင် ကရင်အမျိုးသမီးများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်လာနိုင်ရန်လည်း ကူညီဆောင်ရွက်မှုများ  ပြု လုပ်နေသည်ဟု ဆိုပါသည်။

လက်ရှိတွင် “သံတောင်သူ” အမျိုးသမီးအဖွဲ့သည်  တပိုင်တနိုင်စီးပွားရေးလုပ်ငန်းကို ကောင်းမွန်စွာလည်ပတ်နိုင်ပြီ ဟုလည်း နော်မာမာချိုက ပြောပြသည်။

ပြည်တွင်းစစ်ကြောင့်  သံတောင်ကြီးဒေသရှိ အမျိုးသမီးများနှင့်  ကလေးသူငယ်များ၏ လူမှုရေး၊ စီးပွားရေးဘဝများ ကြမ်းတမ်းခက်ခဲပြီး စိမ်ခေါ်မှုများစွာရှိကြောင်း “ သံတောင်သူ” အဖွဲ့ဝင်တဦးဖြစ်သူ နော်ယွာစေးက ဆိုသည်။

Photo: နော်မာမာချို

“ ပြည်တွင်းစစ်အတွင်း ပြေးလွှားနေထိုင်ခဲ့ရလို့ အတန်းပညာနည်းတာ၊ နည်းပညာအားနည်းတာနဲ့ ငွေကြေးခက်ခဲ မှုတွေရှိကြတယ်” ဟု နော်ယွာစေးက ပြောသည်။

စစ်ပဋိပက္ခဖြစ်ပွားခဲ့သည့် ကာလတလျှောက်လုံးတွင်  သံတောင်ကြီးဒေသတွင် သတင်းများကို အမှောင်ချခံထားရ ပြီး အမျိုးသမီးများအနေဖြင့်လည်း ဖိနှိပ်မှုများစွာ ခံစားခဲ့ရကြောင်း သူမက ဆိုသည်။

“အရင်က ဒီဒေသမှာ ပြဿနာတခုခုဖြစ်လာရင် ကူညီဖြေရှင်းပေးမယ့်သူ မရှိဘူး။ ဘာပဲလုပ်လုပ် အမျိုးသမီးတွေ ကို ဘေးဖယ်ထားကြတယ်” ဟု သံတောင်ကြီးတွင် နှစ်ပေါင်း(၅၀)ကျော်နေထိုင်လာသည့် သူမက ဆက်ပြောပြ သည်။

“ သံတောင်သူ” ဖွဲ့စည်းပြီးနောက်ပိုင်း အမျိုးသမီးများကို နေရာပေးလာမှု၊ ဒေသဖွံ့ဖြိုးရေးတွင် အမျိုးသမီးများပါ ဝင်မှုတို့ ရရှိလာကြောင်းလည်း နော်ယွာစေးက ဆက်လက်ရှင်းပြသည်။

“ ကျမတို့ဒေသမှာ ဖွံ့ဖြိုးမှုတွေ အဓိကလုပ်ရမယ်။ ဒေသကအမျိုးသမီးတွေကို အသိပညာနဲ့ဗဟုသုတတွေ ပေးရ မယ်ဆိုတဲ့စိတ်နဲ့ ကျမတို့ အဖွဲ့ကိုစဖွဲ့ပြီး ရန်ပုံငွေအနေနဲ့ တပိုင်တနိုင်စီးပွားရေးလုပ်ကြတာ” ဟုလည်း နော်ယွာစေး က ဆိုသည်။

ဆက်လက်ပြီး နော်ယွာစေးက“ ကျမတို့ဥပဒေနဲ့ပတ်သက်ပြီး ပညာပေးတယ်။ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အ ရေးတွေကိုလည်း အသိပညာပေးတယ်” ဟုပြောသည်။

ယခုအခါ သံတောင်ကြီးဒေသမှ အမျိုးသမီးများသည် “သံတောင်သူ” အဖွဲ့ကို အားကိုးလာပြီး၊ အမျိုးသမီးအရေးနှင့် ပတ်သက်လျှင် လာရောက်တိုင်ကြားမှုများ ရှိလာသည်။

“သံတောင်သူ” အဖွဲ့မှ ပထမဆုံးအကူအညီပေးသည့်အမှုမှာ  အသက်(၆၅)နှစ်အရွယ် အမျိုးသားကြီးတဦးမှ အသက် (၁၃)နှစ်အရွယ် မိန်းကလေးငယ်တဦးကို အတင်းအဓမ္မပြုကျင့်သည့် သက်ငယ်မုဒိမ်းမှုဖြစ်သည်။

သံတောင်သူသည် တရားရင်ဆိုင်ရသည့် အမျိုးသမီးရေးဆိုင်ရာအမှုများကို သက်ဆိုင်ရာ ဥပဒေပညာရှင်များနှင့် ချိတ်ဆက်ပေးမှုများလည်း ပြုလုပ်ပေးသည်။

“  အမှုတခုခုဖြစ်လာရင် မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ နောက်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လာရင် ဘယ်သူ့ကို ချိတ်ဆက်ရမယ်၊ ဘယ်လိုသွားရမယ်ဆိုတာမျိုး ကူညီပေးတယ်” ဟု နော်ယွာစေးက ပြောပြသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး ပညာပေးမှုများ ပြုလုပ်ပြီးနောက်ပိုင်း အိမ်တွင်းအကြမ်း ဖက်မှုများ သိသာစွာ လျော့ကျသွားကြောင်းလည်း သံတောင်ကြီးဒေသတွင် နေထိုင်သည့် အမျိုးသမီးများက ပြော သည်။

Photo: နော်မာမာချို

“ အိမ်တွင်းအကြမ်းဖက်မှုတွေဆိုရင် ကျမတို့က ရဲစခန်းကို တန်းတိုင်လိုက်တယ်။ တကယ်တိုင်တော့ အမျိုးသား တွေက ကြောက်သွားတယ်” ဟု သံတောင်ကြီးတွင်နေထိုင်သည့် အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတဦးက  ပြောပြသည်။

အမျိုးသမီးအခွင့်အရေးများ၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများကို  “သံတောင်သူ” အမျိုးသမီးအဖွဲ့မှ စတင်လုပ်ဆောင်လာပြီး၊ အမျိုးသမီးများ ဖိနှိပ်ခံရပါက ကြောက်စရာမဟုတ်ကြောင်းနှင့် ဖြေရှင်းရန်လိုကြောင်း သိလာရသည်ဟု ထိုအမျိုးသမီးက ဆိုသည်။

သံတောင်ကြီးဒေသတွင် ပညာတတ်လူငယ်များ နည်းပါးသဖြင့် လူငယ်များအတွက် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ သင်တန်းများလည်း စီစဉ်ပေးလျက်ရှိသည်။

“ ဒီဒေသမှာ(၁၀)တန်းအောင်တဲ့သူနည်းတယ်။ (၁၀)တန်းမအောင်လည်း သူတို့ ပညာသင်နိုင်တဲ့အသက်မွေးဝမ်း ကြောင်းသင်တန်းတွေပို့တယ်။ “သံတောင်သူ” ရှိလာတော့ ချိတ်ဆက်မှုက အားကောင်းလာတယ်။ အမျိုးသမီးတွေ ကို စက်ချုပ်သင်တန်း၊ ယက်ကန်းသင်တန်းတွေပို့တယ်” ဟု နော်ယွာစေးက ပြောပြသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် မစခင်အချိန်က သံတောင်ကြီးဒေသမှ ဒေသခံများမှာ ဆန်ဝယ်စားရန်ပင် အခက်အခဲရှိပြီး တခြားအရပ်ဒေသများမှ ဆား၊ ငပိနှင့် စားကုန်များလည်း သယ်ယူခွင့် မရှိခဲ့ပေ။

“ သံတောင်သူ” အနေဖြင့် အမျိုးသမီးများ ဖိနှိပ်မှု မခံရစေရန် ပညာပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ပြီး၊ အမျိုးသမီးများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းရအောင်လည်း ကြိုးစားဖန်တီးပေးသွားမည်ဟု သံတောင်သူမှ အမျိုးသမီးများက ပြောသည်။

အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည့် “သံတောင်သူ” မှထုတ်လုပ်သည့် အော်ဂဲနစ်ကော်ဖီနှင့် တခြားထုတ်ကုန် ပစ္စည်းများကို အရည်အသွေးကောင်းမွန်အောင် ပိုပြီးထုတ်နိုင်ပါက တောင်ပေါ်ကရင်အမျိုးသမီးများကို အသိပညာ ပေးမှုနှင့် အကူအညီပေးမှုများ ပိုပြီးလုပ်ဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း “သံတောင်သူ” အမျိုးသမီး အဖွဲ့ ဝင်များက ဆိုကြသည်။

 

Related Articles